ကိုးကန့်တပ်ဖွဲ့ဟု လူသိများသော မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ် (MNDAA)နှင့် အာဏာသိမ်း စစ်ကောင်စီတို့ အကြား ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ တပ်သား ၁၉၈ ဦး သေဆုံးထားကြောင်း MNDAA ထံမှ သိရ သည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် MNDAA တပ်ဖွဲ့ဝင်များကြား ဇူလိုင်လဆန်းပိုင်းမှ စတင်ကာ နိုဝင်ဘာလနှောင်းပိုင်းအထိ ရှမ်း ပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်တွင်း တိုက်ပွဲစုစုပေါင်း ၂၆၃ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲများတွင် စစ်ကောင်စီ ဘက်မှ ၁၉၈ ဦး သေဆုံးပြီး တပ်ဖွဲ့ဝင် ၇၀၀ ခန့် ထိခိုက်ဒဏ်ရာရထားကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီထျန်းဖူက ဧရာဝတီသို့ ပြောသည်။
ယင်းတိုက်ပွဲများအတွင်း MNDAA ဘက်ကလည်း တပ်ဖွဲ့ဝင် ၁၀ ဦးကျော် ကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၅၀ ဦးကျော် ထိခိုက်ဒဏ် ရာ ရထားသည်ဟု ၎င်းက ဆိုသည်။
“ကျနော်တို့လည်း အရင်ကတည်းက ထုတ်ပြန်ထားတယ်။ ကိုဗစ်ကာကွယ်ရေး ထိန်းချုပ်တဲ့လုပ်ငန်းကို ပိုမို လုပ်နိုင်ဖို့ အတွက် တပ်ဆုတ်ခဲ့ပေမယ့် စစ်ကောင်စီဘက်က အဆက်မပြတ် ထိုးစစ်ဆင်လုပ်လာလို့ ကျနော်တို့က ပြန်ခုခံ တိုက်ခိုက် ရခြင်း ဖြစ်တယ်။ အဲဒါကြောင့် တိုက်ပွဲက အဆက်မပြတ် ဖြစ်ရခြင်းပဲ ဖြစ်တယ်” ဟု လီထျန်းဖူက ပြောသည်။
ဆက်လက်၍ ၎င်းက အာဏာသိမ်း စစ်ကောင်စီသည် မြန်မာနိုင်ငံတွင် ရှိနေသည့် တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေး အင်အားစုများကို ချေမှုန်းရန် ရည်ရွယ်ပြီး မုံးကိုးဒေသကို ထိုးစစ်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း၊ MNDAA သည် ပြည်သူများနှင့်အတူ ရပ်တည်နေပြီး စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး လုပ်ဆောင်ရန် ရည်မှန်းကြောင်း ရှင်းပြသည်။
လက်ရှိတွင် မုံးကိုးဒေသ လှုပ်ရှားခွင်၏ နေရာအတော်များများကို MNDAA ဘက်က ထိန်းချုပ်ထားနိုင်နေပြီး စစ်ကောင်စီ ဘက်က ထိုးစစ်ဆင်လာပါက တန်ပြန်တွန်းလှန်သွားမည်ဖြစ်ကြောင်း MNDAA ဘက်က ဆိုသည်။
လီထျန်းဖူက “မုံးကိုးမှာ ကျနော်တို့က လှုပ်ရှားနေတာလည်း ကြာပြီ။ ပြောမယ်ဆိုရင် သတင်းစပေါက်တာက အဲဒီမှာ ကိုဗစ်တွေဖြစ်လို့ ကျနော်တို့က သွားထိန်းချုပ်တဲ့အချိန်မှာ သတင်းရသွားတော့ စစ်ကောင်စီက ထိုးစစ်ဆင်လာတာ။ အဲဒါ ကြောင့် တိုက်ပွဲက ဖြစ်နေတာလည်း ဖြစ်ပါတယ်။ သူတို့က စစ်လာထိုးရင်တော့ ကျနော်တို့က ပြန်ခုခံတိုက်ရမှာပဲ ဖြစ် တယ်” ဟု ပြောသည်။
မုံးကိုးဒေသ တိုက်ပွဲ အခြေအနေနှင့် ပတ်သက်၍ သိရှိနိုင်ရန် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ် မရပေ။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင်မူ ဗိုလ်ချုပ်ဇော် မင်းထွန်းက ရှမ်းပြည်နယ်အတွင်း ယခုလပိုင်း MNDAA နှင့် တိုက်ပွဲခပ်စိတ်စိတ်ဖြစ်လာကြောင်း၊ MNDAA ဘက်မှ ကျည် နှင့် လက်နက်၊ ခဲယမ်းများ ပိုမိုသုံးလာသည်ကို တွေ့ရပြီး ယင်းလက်နက်၊ ခဲယမ်းများ ရရှိသုံးစွဲမှုနှင့် ပတ်သက်၍ သံသယ ဖြစ်ဖွယ်ရှိကြောင်း ပြောဆိုသွားသည်။
သို့သော် MNDAA နှင့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်၊ သေဆုံးမှုများနှင့် ပတ်သက်၍မူ ထုတ်ဖော်ပြောဆို သွားခြင်း မရှိပါ။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်ကလည်း မုံးကိုးမြို့နယ် မန်ဟွမ်လမ်းဆုံ ၁၄ မိုင်အနီး၊ ချင့်ချိုင်ထန်တောင်ကုန်းနှင့် ရှိစန်း ဒေသ၊ ဝကျိရွာအနီးတို့တွင် MNDAA နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
MNDAA ပြန်ကြားရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ ယင်းတိုက်ပွဲများတွင် MNDAA နှင့် စစ်ကောင်စီ နှစ်ဖက်စလုံး၌ ထိခိုက်ကျဆုံးမှု မရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က MNDAA ၏ မန်ရန်တပ်စခန်းနှင့် ရှိကျိ ကျတောင်ကုန်းသို့ လက်နက်ကြီးဖြင့် အချက်ရေ ၆၀ ကျော် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
MNDAA သည် တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတခုဖြစ်သော မုံးကိုးနယ်မြေ တခွင်လုံး စိုးမိုးနိုင်ရန် ပြီးခဲ့သည့် ဇူလိုင်လဆန်းကတည်းက စတင်ကြိုးပမ်းနေခြင်းဖြစ်ပြီး ယခု နိုဝင်ဘာလနှောင်းပိုင်းအထိ မုံးကိုးဒေသအတွင်းရှိ စစ်ကောင်စီတပ်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ဒါဇင်နှင့်ချီ ကျဆုံးမှုရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း ကိုးကန့်တပ်ဘက်က သိမ်းပိုက်မိသည်လည်း ရှိသည်။
လက်ရှိတွင် စစ်ကောင်စီ၏ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀ ရင်းနှင့် တပ်မ ၉၉ လက်အောက်ခံ တပ်ရင်းအချို့ သည် မုံးကိုးဒေသသို့ ရောက်ရှိနေကာ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေကြောင်း MNDAA ထံမှ သိရသည်။
You may also like these stories:
မုံးကိုးတွင် MNDAA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေ