နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲထားသည့် အမှု ၂ မှုနှင့် ပတ်သက်၍ တရားလိုပြသက်သေ ဦးမျိုးအောင်အား ယနေ့ အထူးသီးသန့် တရားရုံးတွင် အပြန်အလှန် စစ်ဆေးမေးမြန်းခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။
နေပြည်တော် စည်ပင်သာယာရေးကော်မတီ အတွင်းဝန်ဖြစ်သူ ဦးမျိုးအောင်သည် ယနေ့တွင် အမှု ၂ မှုအတွက် သက်သေ ထွက်ဆိုခဲ့ခြင်းဖြစ်ပြီး စွပ်စွဲခံရသူများ၏ ရှေ့နေများကလည်း ပြန်လှန်မေးမြန်းခဲ့ကြခြင်း ဖြစ်သည်။
ယနေ့ စစ်မေးခဲ့သည့် နေပြည်တော်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း စီမံကိန်းအတွက် မြေ ၁၀၁ ဒသမ ၃၃ ဧက ချထားပေးမှု နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါက်တာမျိုးအောင်၊ ဦးမင်းသူတို့ပါ အမှုတွဲအဖြစ် ပါဝင်သည်။
“သူတို့ (စစ်ကောင်စီ) စွပ်စွဲတဲ့ အထောက်အထားတွေက တကယ်တမ်း အဂတိမှုနဲ့ ငြိလောက်အောင် စွပ်စွဲနိုင်ခြင်း မရှိဘူး ဆိုတာ ပေါ်အောင်စစ်ဆေးကြတာပေါ့။ သူတို့ သက်သေပြချင်သလောက်ပြ၊ သူတို့ စွဲဆိုထားတာ မမှန်တဲ့ အကြောင်းပေါ့။ အခုလာထွက်ဆိုတာလည်း ဝန်ထမ်းတွေဆိုတော့ လုပ်ထုံးလုပ်နည်းတွေက ဥပဒေနဲ့ညီနေတာ သူတို့ ကိုယ်တိုင် ဝန်ခံနေ ရတာပါပဲ” ဟု တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
ထို့ပြင် နေပြည်တော်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်ပြီး မြေ ၂၃ ဒသမ ၈၄၄ ဧက ချထားပေးခဲ့သည့်အမှုတွင် လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦးတို့ ပါဝင်သည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ “နေပြည်တော် စည်ပင်ကော်မတီရဲ့ စည်းဝေးဆုံးဖြတ်ချက်နဲ့ မြေငှားဂရမ် ထုတ်ပေးခဲ့တာ ပေါ့။ နောက်ပြီး သူတို့ တရားဝင် သတ်မှတ်ထားတဲ့ ၁ ဧက ကျပ်သိန်း ၅၀ နှုန်းထား ပေးသွင်းပြီး တရားဝင် မြေငှားဂရမ် ရရှိခဲ့တာဆိုတဲ့ အချက်တွေ ပေါ်ပေါက်ခဲ့တယ်” ဟု တရားရုံးနှင့် နီးစပ်သူတဦးက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိမှုဖြင့် တရားစွဲထားမှုများ ၅မှု အနက် ၄ မှုကို အပတ်စဉ် သောကြာနေ့တိုင်း နေပြည်တော် အထူးသီးသန့်တရားရုံးတွင် ရုံးထုတ်စစ်ဆေးလျက်ရှိပြီး ယနေ့တွင် အမှု ၂ မှုကိုသာ စစ်ဆေးနိုင်ခဲ့သည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ ရုံးချိန်းအား ဒီဇင်ဘာ ၃ ရက်တွင် ပြန်လည် ချိန်းဆိုထားပြီး ယင်းနေ့တွင် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်အား ရွှေ ၇ ပိသာနှင့် ဒေါ်လာ ၆ သိန်း ပေးခဲ့သည်ဆိုသော အမှုမှ တရားလိုပြသက်သေ ၂ ဦးအား စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်၏ လျှို့ဝှက်ချက်အက်ဥပဒေအမှု တရားလို ရဲမှူးအား စတင်စစ်ဆေး
အဂတိမှုအတွက် ဒေါ်အောင်ဆန်းစုကြည် အိမ်အကူအား တရားလိုပြသက်သေထည့်သွင်းထား