သတင်း

ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်သော်လည်း ကွန်တိန်နာစနစ်ကြောင့် အခက်ကြုံ

မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်ရေး ဂိတ်ပေါက်တခု ဖြစ်သည့် ကျင်စန်းကျော့ ဂိတ်ပေါက်ကို ယနေ့စတင် ဖွင့်လှစ် သော်လည်း ကွန်တိန်နာစနစ် ဖြစ်သောကြောင့် ကုန်ကျစရိတ်များ မြင့်မားနေပြီး အခက်အခဲများ ရှိနေကြောင်း မြန်မာကုန်သည် လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။

ကျင်းစန်းကျော့ ဂိတ်ပေါက်ကို နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လယ်မှ စ၍ နိုဝင်ဘာ ၂၅ ရက်ထိ ကွန်တိန်နာများဖြင့် စမ်းသပ် ကုန်သွယ်မှု ပြုလုပ်ပြီးနောက် ကွန်တိန်နာစနစ်ဖြင့် နှစ်နိုင်ငံကုန်သွယ်မှုပုံစံ ပြောင်းလဲသွားမည်ဟု စစ်ကောင်စီ က ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

“ကွန်တိန်နာနဲ့ ခွင့်ပြုတာက မြန်မာဘက်က ၅ စီး ထွက်၊ တရုတ်ဘက်က ၅ စီး ဝင်ပေါ့။ ကွန်တိန်နာနဲ့ သတ်မှတ်တာမှာ တရုတ်ဘက်ထဲမှာ ကုန်တင်ပြီးသား ပိတ်မိ‌‌နေတဲ့ကားတွေ မပါဘူး။ အဲဒီတော့ကုန်သည်တွေ၊ ကုန်ဂိတ်တွေ၊ ယာဉ်မောင်း တွေအနေနဲ့ ကုန်ကျစရိတ်တွေက အရင်ကထက် နှစ်ဆလောက်ထိ ရှိသွားပြီ။ ကုန်ကျစရိတ် အဆမတန် မြင့်မားနေတော့ ဘယ်လိုမှ အဆင်မပြေပါဘူး” ဟု မူဆယ်မြို့ရှိ မြန်မာ-တရုတ် ကုန်သွယ်ရေး ဆက်စပ် လုပ်ကိုင်နေသူ ကိုစိုင်းမိန်က ပြောသည်။

ထိုသို့ ကွန်တိန်နာ ၅ လုံးဖြင့် ကုန်သွယ်ခွင့် ပြုရာတွင် တရုတ်နိုင်ငံဘက်၌ ပိတ်မိနေသည့် မြန်မာကုန်ပစ္စည်းများကို သယ်ဆောင်ခွင့် မရရှိဘဲ ပစ္စည်းအသစ်များသာ သယ်ဆောင်ခွင့် ပြုသောကြောင့် မြန်မာကုန်တင်ကားများ အနေဖြင့် ကုန် မပါဘဲ ပြန်ကြရမည် ဖြစ်ကြောင်း သိရသည်။

မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက “အရင်က ဆန်တအိတ်ကို ကျပ်ငွေ ၈၀၀ ဆိုရင် အခုက ၁၆၀၀ လောက် ဖြစ်သွားတယ်ဆိုတော့ ကုန်ကျစရိတ်က နှစ်ဆလောက် ဖြစ်သွားတယ်။ တရုတ်က ဝင်လာမယ့် ကားတွေ က ပစ္စည်းအသစ်တွေနဲ့ လာမယ်လို့ သိရတယ်။ တရုတ်ဘက်မှာ ပိတ်မိနေတဲ့ မြန်မာဘက် ပို့မယ့်ပစ္စည်းတွေ မပါဘူး။ ပိတ်မိနေတဲ့ ပစ္စည်းတွေနဲ့ ကားတွေကို ဦးစားမပေးတာ ဘာကြောင့် ဆိုတာတော့ မသိဘူး။ ပိတ်မိနေတဲ့ ၅ လလောက် မှာ ငွေကြေး၊ အချိန်တွေ အများကြီး ရင်းနှီးထားကြရတာဆိုတော့ ကုန်သည်တွေ အတော်ကြီးကို အထိနာတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်၌ ၅ လခန့် ပိတ်မိနေသည့် မြန်မာကုန်ကားများသည် ကုန်များ တင်ထားကြပြီးဖြစ်ရာ ကွန် တိန်နာဖြင့် သယ်ယူရမည်ဆိုပါက မြန်မာကုန်တင်ပြီးသားကားများ အနေဖြင့် ကုန်များပြန်ချလျှင် ကုန်ကျစရိတ် ထပ်မံ မြင့်တက်လာမည့်အပြင် လချီစောင့်ဆိုင်းခဲ့ရမှုကြောင့် ပျက်ဆီးဆုံးရှုံးမှုများလည်း ရှိကြောင်း သိရသည်။

“ပြန်ထွက်လို့ ရမယ့်အချိန်ကို စောင့်နေရတာမို့ အခက်အခဲတွေကို အကြိမ်ကြိမ် တင်ပြထားပြီးသား။ ဒါကို ကွန်တိန်နာ ပြောင်းရမယ်ဆိုရင် အကုန်ပြန်ချရတော့မှာ။ လက်ရှိ ကုန်တင်ထားတဲ့ ကား ၁ စီးကို မြန်မာငွေ အနည်းဆုံး သိန်း ၆၀ လောက် ကုန်ကျထားတာကို ကွန်တိန်နာ ပြောင်းရမယ်ဆိုရင် ဘယ်လိုမှ အဆင်မပြေတော့ဘူး” ဟု တရုတ်နိုင်ငံဘက်ရှိ မြန်မာဂိတ်ပိုင်တဦးက ပြောသည်။

တရုတ်နိုင်ငံဘက်မှ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး အကြောင်းပြချက်ဖြင့် ဇူလိုင် ၈ ရက်မှ စတင်ကာ နယ်စပ်ကုန် သွယ်ရေးဂိတ်များကို ပိတ်ထားခဲ့ခြင်း ဖြစ်သည်။

ယခုအခါ နှစ်နိုင်ငံ ညှိနှိုင်းမှုဖြင့် ကျင်စန်းကျော့ဂိတ်အား တရားဝင် ပြန်လည် ဖွင့်လှစ်ပေးရာတွင် ကွန်တိန်နာစနစ် ပြောင်း လဲ၍ ကုန်သွယ်ခြင်းအတွက် ရွှေလွယ်အင် ကွန်တိန်နာကုမ္ပဏီကို အပ်နှံထားကြောင်း၊ ယင်းကုမ္ပဏီမှ ယာဉ်မောင်းက ရော ဂါကာကွယ်ရေးဝတ်စုံ (PPE) ဝတ်ဆင်၍ ကွန်တိန်နာကားအား မောင်းနှင် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကွန်တိန်နာစနစ် ပြောင်းလဲရာတွင် ခန့်မှန်းကုန်ကျစရိတ် အနေဖြင့် ကွန်တိန်နာ အပြောင်းအလဲအတွက် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ရွှေလွယ်အင်အထိ ၆ ဘီးကားဆိုလျှင် ကျပ် ၈၀,၀၀၀၊ ၁၂ ဘီးကား ကျပ် ၉၀,၀၀၀၊ တွဲကား ကျပ် ၁ သိန်း၊ ရွှေလွယ်အင်ကွင်းစရိတ်၊ ဆေးဖြန်းခ၊ ကားကွင်းဝင်ကြေး စသည်ဖြင့် ကုန်ကျမည် ဖြစ်သည်။

ထို့ပြင် ကုန်ပြောင်း လုပ်သားခများအတွက် ၁၂ ဘီးကား ၃၂,၀၀၀ ကျပ်၊ တွဲကား ၄၂,၀၀၀ ကျပ်ခန့်နှင့် ကွန်တိန်နာကား တရက်ငှားခ တရုတ်ငွေ ယွမ် ၂၀၀၊ ကုန်တင်ခ ယွမ် ၂၀၀၊ ရွှေလွယ်အင်မှ တရုတ်နိုင်ငံကွင်းအရောက် သယ်ဆောင်ခ တ ရုတ်ငွေ ယွမ် ၃,၈၀၀ ခန့် ကုန်ကျနိုင်သည်ဟု မြန်မာ-တရုတ် ကုန်သွယ်ရေး ဆက်စပ် လုပ်ကိုင်နေသူများက ရှင်းပြသည်။

မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ ကုန်သွယ်ရေးဂိတ် ပြန်လည် ဖွင့်လှစ်ပေးရာတွင် တရုတ် တင်ပို့မည့် မြန်မာဘက် တွင် ပိတ်မိနေသော ကုန်ပစ္စည်းများကို တရုတ်ဘက်သို့ တင်ပို့ခွင့်ပြုကြောင်း၊ ယင်းသို့ ခွင့်ပြုပေးသဖြင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်နှင့် ကျင်စန်းကျော့တွင် ပိတ်မိနေသော တရုတ်ဘက်ပို့မည့် ကုန်တန်ချိန် ၅ သောင်းကို ဦးစားပေးသွား ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာတော့ ကျင်စန်းကျော့နဲ့ ၁၀၅ မိုင်မှာ ရှိနေတဲ့ ကုန်ပစ္စည်းတွေအားလုံး အရင်ရှင်းမှာပါ။ ပြီးမှ နောက်ထပ်လာ မယ့် ကုန်ပစ္စည်းတွေကို ဆက်ပြီး လက်ခံမယ်။ ဒီနေ့ထိ အောက်ကလာတဲ့ ပစ္စည်းတွေကို အဝင်မခံဘဲ ရပ်နားထားပါတယ်။ ဒီဘက်က အခြေအနေတွေ တည်ငြိမ်ဖို့ အရင် ဦးစားပေး လုပ်ရအုံးမှာပါ” ဟု မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တာဝန်ရှိသူ တဦးက ပြောသည်။

တရုတ်ဘက်က ကိုဗစ်ရောဂါ ထိန်းချုပ်ရေး အကြောင်းပြချက်ဖြင့် နယ်စပ်ဂိတ်များအား ဇူလိုင် ၈ ရက်မှ စတင်၍ ကျန်း မာရေးသုံး ပစ္စည်းမှအပ ကျန်ကုန်ပစ္စည်းများ ကုန်သွယ်မှုကို ပိတ်ထားခဲ့ရာ တရုတ်နိုင်ငံဘက်တွင် မြန်မာကုန်ပစ္စည်း ကား အစီးရေ ၈၀၀ ခန့်၊ မြန်မာနိုင်ငံ မူဆယ်၊ ကျင်စန်းကျော့ဂိတ်နှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တရုတ်သို့ တင်ပို့မည့် ဆန်၊ ပဲမျိုးစုံနှင့် အခြားပစ္စည်းများ တင်ဆောင်သည့် ကားအစီးရေ ၁၈၀၀ ကျော် ရှိကြောင်း သိရသည်။

You may also like these stories:

ရွှေလီမြို့ရှိ မြန်မာနိုင်ငံသားပိုင်ဆိုင်များ တရားဝင်လိုင်စင် လျှောက်ထားရမည်

အဝေးပြေးကုန်စည်ပို့ဆောင်ရေး ရပ်ဆိုင်းမည့် အခြေအနေနှင့် ရင်ဆိုင်နေရ

နယ်စပ်ပိတ်၍ တရုတ်သို့ ကြံတန်ချိန် ၇ သိန်းတင်ပို့ရန် အခက်ကြုံနိုင်

Loading