စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်သည့်အပြင် ရွာများကိုပါ ဝင်ရောက်စီး နင်း ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၂ ဦး သေဆုံးပြီး၊ ပျောက်ဆုံးနေသူ အများအပြားလည်း ရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။
အာဏာသိမ်း စစ်တပ်သည် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၃ နာရီခန့်က တိုက်ခိုက်ရေးသုံး ရဟတ်ယာဉ် အပါအဝင် ရဟတ်ယာဉ် ၅ စီးဖြင့် ဒီပဲယင်းမြို့နယ် ညောင်လှရွာအနီးသို့ ရောက်ရှိလာပြီး လေကြောင်း ပစ်ကူများကိုပါ အသုံးပြုလာခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် တပ်သား အများအပြားကိုလည်း အဆိုပါ ရွာအနီးတွင် အင်အား ထပ်မံ ဖြည့်တင်းခဲ့ပြီး ယနေ့အထိ စစ်ကြောင်းများ ထိုးကာ ကျေး ရွာများအတွင်းသို့ စီးနင်း ပစ်ခတ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြ ချက်အရ သိရသည်။
ယမန်နေ့က စစ်ကောင်စီ လက်ချက်ကြောင့် အသက် ၂၀ ကျော် လူငယ် ၂ ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ ၁၈ ဦးအထိ ရှိကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ဒေသခံတဦးက “မြေပြင် အခြေအနေက DB ဝင်ကောက်လို့ အဆင်မပြေဘူး။ ပျောက်ဆုံး စာရင်းက ၁၈ ယောက် ရှိတယ်။ မနေ့က ၃ နာရီလောက်မှာ ရဟတ်ယာဉ်နဲ့ လာပြီး ပစ်တာ။ တိုက်ခိုက်ယာဉ် ၂ စီး ပါတယ်။ ပုံမှန် ၃ စီး ပါတယ်။ စုစု ပေါင်း ၅ စီး လာတယ်။ ပစ်ပြီး လူအင်အားပါ ထပ်ချသွားတာ။ သူတို့က မဲမဲမြင်ရာ အကုန်ပစ်တာပဲ” ဟု ပြောသည်။
ဒီပဲယင်းမြို့နယ်ရှိ သရက်တော၊ ညောင်လှ၊ မူးခတွင်း၊ ဝဲကြီး၊ ကုန်းကြီး၊ နများ၊ ယဉ်ကျေး၊ လက်ယက်ကုန်း စသည့် ရွာပေါင်း ၁၀ ရွာကျော်သည် စစ်တပ်က ဝင်ရောက် စီးနင်းမှုကြောင့် ထွက် ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ဒေသခံ တဦးက “ဒီလောက်အထိတော့ မလုပ်သင့်ဘူးပေါ့ဗျာ။ တူမီးပဲ ရှိတဲ့ ပြည်သူတွေ သူတို့ကလည်း လိုချင်တာ ဝင်မွှေသွားသေးတယ်။ မီးရှို့ဘာညာရှိသေးတယ်။ အရှေ့ခြမ်းမှာဆိုရင် ပြည်သူတွေက တောခိုစရာလည်း မရှိဘူး။ တိမ်းစရာလည်း မရှိဘူး။ အခုက စပါးရိတ်ချိန်လည်း ရောက်နေပြီ တော်တော်ကို အခက်အခဲဖြစ်တယ်” ဟု ဆိုသည်။
နိုဝင်ဘာ ၂၅ ရက်ကတည်းက ဒီပဲယင်းမြို့နယ်တွင် စစ်ကြောင်း ၂ ကြောင်း ခွဲကာ စစ်ကောင်စီတပ်က ရွာများအတွင်းသို့ ဝင်ရောက်မှုများ ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်ကြောင်း ဝင်လာသော စစ်ကောင်စီတပ်ကို နိုဝင်ဘာ ၈၊ ၁၄၊ ၁၅ နှင့် ၂၅ ရက်တို့တွင် ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် တပ်သားအများအပြား သေဆုံးမှု ရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ ကာကွယ်တပ်ဖွဲ့ က သိရသည်။
“စကစ တွေ တောင်နဲ့မြောက်ကို ကူးလို့မရ အောင် ကားလမ်းမကြီးပေါ်မှာ မိုင်းတွေဆင်ပြီးတော့ ဖြတ်တောက်နိုင်ခဲ့တဲ့အတွက် ကျနော်တို့ဘက်မှာက ကားသွားလာမှု မရှိတော့ဘူး။ စကစ ကားတွေ သွားလာမှု ပြတ်တောက်သွားတယ်။ ဒါကြောင့်မို့ အငြှိုးတကြီးနဲ့ ရဟတ်ယာဉ်တွေနဲ့ လာလာချပြီး နယ်မြေကို စိုးမိုးနိုင်အောင် ကြိုးစားတယ်။ ကျနော်တို့ PDF တွေက ထိပ်တိုက် တွေ့ဆုံမှု မရှိဘူး။ ပြောက်ကျား စစ်ဆင်ရေးနဲ့ သူတို့ကို တိုက်ခိုက်တယ်” ဟု ဒီပဲယင်းမြို့နယ် PDF အဖွဲ့ဝင် တဦးက ပြောသည်။
မုံရွာမှ ကောလင်း – ဝန်းသို- ပင်လည်ဘူးသို့ သွားနိုင်သည့် စစ်တပ်လမ်းကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့အနေဖြင့် ဖြတ်တောက်ထားနိုင်ပြီး စစ်ယာဉ်တန်း ဖြတ်သန်းသွားလာမှု ၂ လနီးပါးအထိ စစ်ကောင်စီက မလုပ်နိုင်ကြောင်း ဒီပဲယင်း PDF က ဆိုသည်။
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က စစ်ဆင် ရေး ပြုလုပ်ကာ အင်အား အလုံးအရင်းဖြင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို ဖမ်းဆီး၊ ပစ်ခတ်ခြင်းများအပြင် ကျေးရွာများသို့ ဝင်ရောက်စီးနင်းကာ နေအိမ်များအား မီးရှို့ခြင်းနှင့် ပစ်ခတ်မှုကြောင့် ဒေသခံများ သေဆုံးမှုလည်း ရှိနေသည်။
ယနေ့မနက်ပိုင်းကလည်း ရဟတ်ယာဉ် ၁ စီး ထပ်မံ ရောက်ရှိလာပြီး စစ်ကူများ ထပ်မံဖြည့် တင်းနေကြောင်း သိရသည်။
အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်က စပြီး ယမန်နေ့အထိ စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးသူ ၁၂၉၅ ဦးအထိ ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သိရသည်။
You may also like these stories:
တရုတ်က မြန်မာကို ထိပ်သီးဆွေးနွေးပွဲ ဖိတ်လိုသော်လည်း ASEAN နိုင်ငံများ လက်မခံ
တရားဝင်မှုအတွက် စစ်ကောင်စီ သံတမန်ရေး အားကိုးရှာလာ
နယ်စပ်ဖြတ်ကျော် ဆောင်ရွက်တဲ့ အခြေအနေဖြစ်အောင် ဝိုင်းပြီး ပံ့ပိုးတာ