နေ့စဉ်ဆိုသလို တိုင်းနှင့် ပြည်နယ်အသီးသီးတွင် တိုက်ခိုက်ခံရမှုများကြောင့် ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရနေကြသည့် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံမှု မရှိသည့် အခြေအနေတွင် ကန့်သတ်တားမြစ်ချက်များကို ထပ်မံ ထုတ် ပြန်လိုက်သည်။
ထို ကန့်သတ်ချက်မှာ တိုင်းနှင့် ပြည်နယ်များရှိ မြို့နယ်များအလိုက် ဆိုင်ကယ် စီးနင်းမှုဆိုင်ရာ ကန့်သတ်ချက်များ ဖြစ်သည်။ ဆိုင်ကယ်တစီးလျှင် တယောက်သာ စီးရန်၊ အမျိုးသားနှစ်ဦး မစီးရန်နှင့် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းပါက မှန် မချထားရန်၊ အမျိုးသားများ ဆိုင်ကယ်နောက်မှ လိုက်ပါ စီးနင်းပါက အရေးယူခံရမည် ဖြစ်ကြောင်းနှင့် အချို့နေရာများတွင် အမေးအမြန်း မရှိ ပစ်ခတ်ခံရမည် ဖြစ်ကြောင်း ထုတ်ပြန်ခြင်း ဖြစ်သည်။
ထိုကြေညာချက်ကို ယခု ရက်ပိုင်းတွင် ရန်ကုန်တိုင်းရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းနှင့် လှိုင်သာယာ၊ ရွှေပြည်သာ မြို့ နယ်များ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ် အစရှိသည့်တို့တွင် မြို့နယ်အလိုက် စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက လိုက်လံ ကြေညာလျက်ရှိသည်။
ထို့ပြင် ကပ်ရောဂါ ဖြစ်ပွားနေသည့် ကာလ ဖြစ်သော်လည်း နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မပြုရန်လည်း ကြေညာ ချက်တွင် ပါဝင်နေသည်။
ဒေသအလိုက် လိုက်လံ ကြေညာသည့် ပထမဆုံး နှစ်ရက်ကို ပညာပေးကာလ သတ်မှတ်မည်ဖြစ်ပြီး ယင်းသတ်မှတ်ရက် ကျော်လွန်ပါက အစစ်ဆေး အမေးအမြန်း မရှိ ဖမ်းဆီး ပစ်ခတ်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဟု မြို့နယ်တချို့ တွင် ကြေညာထားသည်။
အဆိုပါ ကြေညာချက်တွင် လက်ရှိအချိန်၌ စစ်ကောင်စီတပ်များကို ဆိုင်ကယ်စီးလာပြီး လာရောက်ပစ်ခတ်ခြင်း၊ တိုက်ခိုက်ခြင်းများနှင့် စစ်ကောင်စီခန့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကို လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းများကြောင့် ဆိုင်ကယ် မစီးရ မြို့နယ်များတွင် မစီးကြရန်နှင့် စီးခွင့်ရမြို့နယ်များတွင် တဦးထက် ပိုပြီး မစီးရန် သတ်မှတ်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် အမျိုးသားများ ဆိုင်ကယ်နောက်က လိုက်ပါ စီးနင်းပါက အမေးအမြန်း မရှိဘဲ ပစ်ခတ်ခံရမည်ဟု လွိုင်ကော်မြို့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူမှ ဒေသန္တရ အမိန့်ထုတ်ပြန်ထားသည်။
အဆိုပါ တားမြစ်ကန့်သတ်ချက်များသည် အခြေခံလူတန်းစားများအပေါ် အကျိုးသက်ရောက်မှု ရှိနေသည်။
ရန်ကုန်တိုင်း၊ ဒလမြို့နယ်ရှိ ဆိုင်ကယ် ကယ်ရီသမားတဦးက “ကျနော်တို့က ဒါနဲ့ အလုပ် လုပ်စားနေတာလေ။ အခုလို ကျတော့ ကျနော်တို့ အလုပ်လုပ်ဖို့က ဘယ်လိုမှ အဆင်မပြေတော့ဘူး။ တနေ့ စားဝတ်နေရေးအတွက် ငွေကျပ် ၄ ထောင် နဲ့ ၅ ထောင်ရဖို့ စွန့်စားပြီးတော့ လိုက်ပို့နေရတဲ့ အခြေအနေပါ။ အခု ခရီးသည်က မိန်းကလေးလည်း ဖမ်းတော့ မစီးရဲဘူး။ ယောက်ျားလေးလည်း မသွားရဲ ဆိုတော့ ပြောမယ်ဆိုရင် အရင်က ကျပ် ၅ ထောင်လောက်ရရင် အခု ကျပ် ၁ ထောင် ရဖို့က ခပ်ကျပ်ကျပ်ပဲ။ အဲဒီလိုမျိုး ဖြစ်နေတယ်” ဟု လက်ရှိ အခြေအနေကို ရှင်းပြသည်။
လက်ရှိတွင် ရန်ကုန်တိုင်း အပါအဝင် မြို့ကြီးများတွင် မော်တော်ဆိုင်ကယ် အသုံးပြုပြီး ပြောက်ကျား တိုက်ခိုက်မှုများ ပြု လုပ်လာကြောင်း တွေ့ရှိရသည်ဟု ဆိုကာ ထိုကဲ့သို့ တားမြစ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း ဆိုင်ကယ်ကို အခြေ ပြု၍ လုပ်ကိုင်စားသောက်နေသူများအတွက်မူ စားဝတ်နေရေးအတွက် ပို၍ အကျပ်ရိုက်စေခဲ့သည်။
ယင်းပြင် ယခုကာလမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသောကြောင့် နှာခေါင်းစည်း (Mask)များ တပ်ဆင် သွားလာရန် ကျန်းမာရေးဆိုင်ရာ စည်းမျည်းစည်းကမ်းများ နိုင်ငံတိုင်းလိုလိုတွင် ဆောင်ရွက်နေသော်လည်း အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ၎င်းတို့ တပ်သားများ ရှိရာနေရာများသို့ ဖြတ်သန်းသွားလာပါက နှာခေါင်းစည်းများ တပ်ဆင်ခွင့် မပြုခြင်း၊ mask ချွတ်ပြရခြင်း တို့ကိုပါ လုပ်ဆောင်နေကြောင်း သိရသည်။
အကယ်၍ နှာခေါင်းစည်း တပ်ဆင်ပြီး စစ်ကောင်စီ တပ်စွဲရာနေရာများ၊ စစ်ဆေးရေးဂိတ်များ အစရှိသည့် နေရာများသို့ အများပြည်သူများ ဖြတ်သန်းသွားလာလျှင် ဒဏ်ငွေရိုက်ခြင်းအပြင် ကိုယ်ထိလက်ရောက် ကျူးလွန်မှု ဖြစ်သည့် ပါးရိုက်ခြင်း တို့ကိုလည်း ပြုလုပ်နေသည်ဟု ရန်ကုန်မြို့ရှိ ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူများက ပြောပြသည်။
ဆိုင်ကယ် ကယ်ရီ ယာဉ်မောင်း ကိုသားငယ်(အမည်လွဲ) က “ဆိုင်ကယ် ဦးထုပ်ဆောင်းရင် ရှေ့က မှန်မအုပ်ရဘူး။ ရောဂါ တွေ ဖြစ်နေပေမယ့် Mask မတပ်ရဘူး။ သူတို့ရှေ့ကျရင် ချွတ်ပြရတယ်။ လုပ်ကိုင်စားသောက်လို့ အဆင်မပြေတဲ့အပြင် အခုလို အခြေအနေကျတော့ ဒုက္ခရောက်ကြတာပေါ့။ သူတို့နဲ့တွေ့ရင် အတိတ်တလန့် ဖြစ်နေရတယ်။ ကျနော်တို့က ရောဂါကြောင့် နှာခေါင်းစည်းတွေ ပါတွေ တပ်သွားရင် သူတို့ရှေ့ ရောက်ရင် ပါးခေါ်ရိုက်တယ်။ မရိုက်ဘူးဆိုရင် ဒဏ်ငွေ ဆောင်ရတယ်။ ကျန်းမာရေးအတွက် နှာခေါင်းစည်း တပ်တာတောင် ဖမ်းတယ်။ ပါးရိုက်တယ်” ဟု ပြောသည်။
ဒဏ်ငွေအနေနှင့် စစ်ကောင်စီတပ်သားများက ၎င်းတို့ တောင်းချင်သည့် ပမာဏ တောင်းတတ်သလို လူကို ကြည့်၍ မပေးနိုင်သည့် သူဆိုပါက ပါးရိုက်ခြင်းများကို ပြုလုပ်ကြောင်း၊ ဆိုင်ကယ်စီးပါကလည်း အမျိုးအစား ကောင်းသည့် (ယိုးဒယား ဆိုင်ကယ်) အစရှိသည့် တန်ဖိုးကြီးသော ဆိုင်ကယ်များဆိုလျှင် ၎င်းတို့ မျက်စိကျပါက ဖမ်းဆီးထားပြီး ပစ္စည်း ပြန်မပေးခြင်းများလည်း ပြုလုပ်ကြောင်း ၎င်းက ပြောသည်။
“ကိုယ့်ဆိုင်ကယ်က ကောင်းတဲ့ ဆိုင်ကယ်ဆိုရင် မစီးရဲဘူး။ အခက်အခဲတွေကတော့ တော်တော်ဖြစ်နေကြတယ်။ ကိုယ် တယောက်ထဲတော့ မဟုတ်ဘူး လူအများပေါ့။ လုပ်စားရ ဘယ်လိုမှအဆင်မပြေတော့ ကျနော်လည်း နိုင်ငံခြား ထွက်ဖို့ တော့ စဉ်းစားထားတယ်။ ရှိတဲ့ဆိုင်ကယ်လေးကို ပြန်ရောင်းမယ်။ ဒါကို လမ်းစရိတ်လုပ်ပြီးတော့ ထိုင်းဘက်ကို တက်မယ်” ဟု ကိုသားငယ်က စိတ်အားငယ်စွာ ပြောပြသည်။
ကိုသားငယ်တို့ မိသားစုသည် သူအပါအဝင် ဇနီးနှင့် သားသမီးနှစ်ယောက် စုစုပေါင်း မိသားစု လေးဦးရှိကာ ဆိုင်ကယ် ကယ်ရီ ဆွဲသည့် အလုပ်ကို ၂၀၁၂ ခုနှစ်ကတည်းက လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
ယခင်က ကယ်ရီဆွဲသည့် အလုပ်မှာ တရက်လျှင် ကျပ် ၈ ထောင်မှ ကျပ် ၁ သောင်းကြားက ပုံမှန်ရရှိသောကြောင့် မိသားစု စားဝတ် နေရေးအပြင် ကလေး၏ ကျောင်းစရိတ်ပါ လောက်ငှအောင် သုံးစွဲနိုင်ခဲ့သော်လည်း အာဏာသိမ်းပြီး နောက်ပိုင်း တွင် ကျပ်တည်းလာသော စီးပွားရေး၊ ကုန်ဈေးနှုန်းများကြောင့် ကလေးလည်း ကျောင်းမထားနိုင်သလို တချို့ ရက်များတွင် ကယ်ရီခ ဈေးဦး မပေါက်သည့် ရက်များပင် ရှိနေသည်။
ကိုသားငယ်က “ကလေးကျောင်းထားဖို့က ဝင်ငွေ အရင်လို မရှိတော့ အဆင်မပြေဘူး။ ကျူရှင်တွေ ဘာတွေလည်း မထား နိုင်ဘူး။ ကယ်ရီဆွဲတဲ့ ဝင်ငွေနဲ့ပဲ စားဝတ်နေရေးကို ဖြေရှင်းနေရတာ။ အာဏာမသိမ်းခင်က ဆိုရင် တရက်ကို ကျပ် ၈ ထောင်၊ ၁ သောင်းက ပုံမှန်ရနေတာ အခုက ဈေးဦးမပေါက်တဲ့ ရက်တွေတောင် ရှိသလို လမ်းထိပ် ကယ်ရီဆွဲဖို့ သွားရင် ငုတ်တုပ်ထိုင်နေရင်း ခရီးသည်ကို မျှော်ရသလို သူတို့ကိုလည်း ကြည့်နေရတယ်။ ဝင်ဖမ်းမှာ စိုးလို့” ဟု ပူပန်မှုကြားက အလုပ်လုပ် နေရသည့် အဖြစ်ကို ပြောပြသည်။
ရန်ကုန်တိုင်း၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ တွံ့တေး၊ ကွမ်းခြံကုန်း၊ ဒလ အစရှိသည့် မြို့နယ်များသည် ဆိုင်ကယ် ကယ်ရီ များနှင့် အသက်မွေးဝမ်းကျောင်းပြုနေရသည့် လုပ်သားများ အများစု ရှိပြီး ဆိုင်ကယ် ကယ်ရီဂိတ် တဂိတ်လျှင် ၁၀ စီးကနေ အစီး ၂၀၊ ၃၀၊ ၄၀ စီးအထိ (မြို့နယ်ပေါ် မူတည်၍) ရှိကြောင်း ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူများထံက သိရ သည်။
ရန်ကုန်ဒေသခံ တဦးက “စစ်ကောင်စီက PDF တွေကို မနိုင်တိုင်း ပြည်သူတွေကို ဒုက္ခပေးနေတာ။ ဘယ်လောက် ဆိုးလဲ ဆိုရင် ကျနော်တို့ တွံတေးဘက်မှာ Mask ပါ မတပ်ခိုင်းဘူးဗျ။ ဒါကတော့ အုပ်ချုပ်ရေးမှူးတွေက ထပ်တွန့်တက်ပြီး ပြော တာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ မိုက်နဲ့ လိုက်အော်နေတဲ့ အထဲမှာတော့ ပါတယ်ဗျ။ ကယ်ရီသမားတွေက မိသားစု စားဝတ်နေရေးအတွက် ရှာဖွေနေတာ အခုကျ တော်တော်များများက အဆင်မပြေတော့ဘူး”ဟု ပြော သည်။
ပြီးခဲ့သည့် ရက်ပိုင်းက အုပ်ချုပ်ရေးမှူး (သို့) စစ်ကောင်စီ သတင်းပေးများက တွံတေးမြို့အတွင်း လိုက်လံ ကြေညာခြင်းများ ပြုလုပ်ခဲ့ပြီး တချို့ရပ်ကွက် လမ်းဆုံများတွင် စစ်ဆေးမှုများအထိပါ လုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောသည်။
လှိုင်သာယာမြို့နယ်ရှိ ဒေသခံတဦးက “အမြဲ ဖမ်းတာတော့မဟုတ်ဘူး။ သူတို့(စစ်ကောင်စီ)က စိတ်မထင်ရင် မထင်သလို ဖမ်းတာ။ နောက်ပြီး ဒီဘက်မှာက လမ်းထိပ်တွေမှာ အရပ်ဝတ်တွေနဲ့ ရှိတာ အဲဒီတော့ အမြဲသတိထားပြီး အလုပ် လုပ်ရ တယ်။ အရင်က ဖမ်းတယ် ဆိုတာက စီမံချက်လောက်ပဲ ပြီးရင် ပြန်လွှတ်ပေးတာ။ အခုက မထင်သလိုလဲ ဖမ်းတယ်။ အဖမ်းခံရရင် ကိုယ်မလုပ်တဲ့ ပုဒ်မတွေ အတပ်ခံရနိုင်တယ်။ ပြေးလည်း ပစ်သတ် ခံရနိုင်တယ်။ ပစ္စည်းတင်မကဘူး လူပါ အသက်အန္တရာယ်ကြားမှာ လုပ်နေရတာ” ဟု ပြောပြသည်။
ထို့ကြောင့် လှိုင်သာယာမြို့နယ်ရှိ တချို့ကယ်ရီသမားများက ဆိုင်ကယ်များတွင် ဘေးတွဲများဆင်ကာ ဒညှင်းကုန်းဈေးနှင့် သိရိမင်္ဂလာဈေးတို့မှ ကုန်စိမ်းများ၊ သစ်သီးများ ယူကာ ရပ်ကွက်အတွင်း လှည့်လည်ရောင်းချသည့် အလုပ်များကို ပြောင်းလဲ လုပ်ကိုင်လာသည်များ ရှိနေသည်။
သို့သော် ထိုသို့ ရောင်းချသည့် ဈေးသည် များလာသောကြောင့်လည်း တချို့ရက်များတွင် နေ့လယ်ပိုင်းအထိ ဈေးဦး မ ပေါက်သည့် ရက်များပင် ရှိသဖြင့် အခြေခံလူတန်းစားများအတွက် စားဝတ်နေရေးမှာ ယခင်ထက် ရှာရ၊ ဖွေရ ခက်ခဲလာ ကြောင်း ၎င်းက ပြောပြသည်။
“အဲ့ဒီတော့ လူတွေက စားဖို့ သောက်ဖို့ ရှာဖွေရ အဆင်မပြေတော့ဘူး။ ခိုး၊ ဆိုး၊ လုနှိုက်တွေလည်း ပေါလာတယ်။ အခုဆို ရင် ကိုဗစ်ရောဂါက ရှိနေပေမယ့် ကျမတို့ဘက်မှာ ဘယ်သူမှ Mask မတပ်ရဲကြတော့ဘူး။ သူတို့နဲ့ တွေ့ရင် ဒဏ်ရိုက်ခံရ တယ်။ ပါးရိုက်ခံရတာတွေ ရှိတယ်။ ပြီးတော့ ဆိုင်ကယ်ဂိတ်တွေမှာလဲ စစ်ကောင်စီတပ်သားတွေက အရပ်ဝတ်တွေနဲ့ ကယ်ရီသမား အယောင်ဆောင်ပြီး နေတာတွေလည်း ရှိတယ်။ ဒါကြောင့် စိုးရိမ်မှုတွေနဲ့ပဲ ထမင်း တလုပ်အတွက် ရှာစားနေရတာ” ဟု ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက “တခုခု ဗုံးပေါက်တယ်၊ အပစ်ခံရတယ်ဆိုရင် ဆိုင်ကယ်ကယ်ရီသမားတွေကို လာမဲပြန်ရော။ အဲဒါမျိုး တွေလည်း ရှိတယ်။ မိန်းကလေး ငယ်ငယ် ရုပ်ရည် အသင့်အတင့်ရှိတဲ့သူ တယောက်လောက်များ ဆိုင်ကယ်နဲ့ တယောက်ထဲ သူတို့ ဂိတ်တွေ ဘာတွေ ဖြတ်သွားရင် ထိကပါး ရိကပါး လိင်ပိုင်းဆိုင်ရာ ပြောတာတွေလည်း ရှိတယ်ဆို တော့ အခုက ရဲနဲ့ စစ်သားကို ကြောက်နေရတာ” ဟု ဆိုသည်။
ထိုအခြေအနေများကြောင့်လည်း ဆိုင်ကယ်ကယ်ရီသမား အများစုသည် ကယ်ရီလိုက်သည့် အလုပ်ကို စွန့်ခွာလာကြပြီး၊ ဈေးသည်အဖြစ် ပြောင်းလဲ လုပ်ကိုင်လာခြင်းများ ရှိသလို ခက်ခဲသည့် မိသားစုများ တနေ့ ထက် တနေ့ များသထက် များပြားလာနေကြောင်း သိရသည်။
စစ်ကောင်စီသည် အာဏာရှင်ကို ဆန့်ကျင်သည့် PDF များက ပြောက်ကျားတိုက်ခိုက်မှုများ နေ့စဉ်ရက်ဆက် ပြုလုပ်လာ ခြင်းကို ကန့်သတ်ထိန်းချုပ်ရန် အတွက် နည်းလမ်းမျိုးစုံနှင့်ကြိုးစားလာရာတွင် ဆိုင်ကယ်စီးနင်းမှုများ တားမြစ်ခြင်း၊ ကျူး ကျော် နေအိမ်များကိုနေရာ အစားပေးခြင်းမရှိဘဲ သတ်မှတ်ချက်နှင့် ချက်ချင်းဖယ်ခိုင်းခြင်း၊ ဘူဒိုဇာနှင့် အိမ်များကို ထိုးဖျက် ခြင်းတို့ကို လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်း တို့တွင် ပြုလုပ်လျက်ရှိနေသည်။
ထို့ပြင် ယခုရက်ပိုင်းအတွင်းကလည်း ရန်ကုန်တိုင်းအတွင်းရှိ လိုင်စင်မဲ့ကားများ သုံးစွဲခွင့် မပြုကြောင်းနှင့် တရားဝင်မှတ်ပုံ မတင်ရသေးသည့် အသင်းများအားလုံး မှတ်ပုံမတင်ပါက ဖျက်သိမ်းရန်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ရပ်ကွက်အုပ် ရေးမှူးရုံးများတဆင့် လူမှုရေး အသင်းများဆီသို့ အကြောင်းကြားစာများ ပေးပို့ခဲ့သည်များလည်း ရှိသည်။
ယခုလို PDF များကို ထိန်းချုပ်ရန်အတွက် စစ်ကောင်စီ ပြုလုပ်လာသော်လည်း အာဏာရှင်ကို တော်လှန်သည့် ပြည်သူများ ၏ စိတ်အား ထက်သန်မှုကို တားဆီးနိုင်ခြင်း မရှိဘဲ အခြေခံပြည်သူများ မရှိမဖြစ် လိုအပ်နေသော ကျန်းမာရေး၊ လူမှုရေး များကို အကူအညီပေးနေသည့် အသင်းအဖွဲ့များနှင့် အခြေခံ လူတန်းစားများ၏ စားဝတ်နေရေးကို ခြိမ်းခြောက်သည့် ပုံမျိုး သာ ဖြစ်နေကြောင်း ပြည်သူများထံက သိရသည်။
ရွှေပြည်သာမြို့နယ်ရှိ ဆိုင်ကယ်ကယ်ရီသမား တဦးက “စစ်ကောင်စီက သူတို့ လူတစုသာ အဆင်ပြေပြီး ကျနော်တို့ ပြည် သူတွေ ဆင်းရဲတွင်း နက်သထက် နက်အောင် တားမြစ်ချက်တွေ ထုတ်နေတာ” ဟု မှတ်ချက်ပြုပြောဆိုသည်။
You may also like these stories:
ဒီးမော့ဆိုတွင် စစ်ကောင်စီနှင့် KNDF စစ်ရေး တင်းမာနေ
PDF နှင့် ဆက်စပ်သည်ဆိုကာ ဖမ်းထားသည့် သံတွဲဒေသခံ၂ ဦးအမှု စ စစ်
ဆေးတပ်သား အမျိုးသမီး ၉ ဦးကို ဓားစာခံအဖြစ် စစ်တပ်ခေါ်သွားဟု ကလေး PDF ပြော