အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး နိုင်ငံရေးသမား၊ စာရေးဆရာ မုံရွာ အောင်ရှင်သည် နိုဝင်ဘာလ ၂၈ ရက် နံနက် ၆ နာရီခွဲတွင် ကွယ်လွန်သွားပြီဖြစ်သည်။
မုံရွာအောင်ရှင် (ခ) ဦးအေးကြူသည် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်တွင် ဖမ်းဆီးခံခဲ့ရပြီး ၈ လအကြာ အောက်တိုဘာ ၁၈ ရက်တွင် ပြန်လည်လွတ်မြောက်ပြီးနောက် ကွယ်လွန်ခြင်း ဖြစ်သည်။
၎င်း အဖမ်းခံနေရစဉ်တွင် သားဖြစ်သူမှာ ယာဉ်မတော်တဆမှုဖြင့် သေဆုံးသွားကြောင်း ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်များ ကြား သိရပြီးနောက် ၁ လအကြာတွင် နှလုံးသွေးကြောပိတ်မှုကြောင့် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မလွှကုန်းရှိ နေအိမ်တွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း မိသားစုထံက သိရသည်။
မုံရွာအောင်ရှင်၏ ဇနီးက “မနက် ၆ နာရီခွဲမှာ ဆုံးတယ်။ နှလုံးသွေးကြော ပိတ်တာ။ အရင်က ပန်းနာ ရင်ကြပ်ပဲ ရှိတာ။ အခု နောက်ပိုင်းမှ ဖြစ်တဲ့ အခြေအနေပါ” ဟု ပြောသည်။
မုံရွာအောင်ရှင်သည် ကွယ်လွန်ချိန်တွင် အသက် ၇၇ နှစ် ရှိပြီဖြစ်သည်။
မုံရွာ အောင်ရှင်ကို အာဏာသိမ်းမှု မဖြစ်မီ ကာလများက မီဒီယာများအား မေးမြန်းသမျှကို အမြဲတစေ အေးဆေးစွာ ဖြေကြားတတ်သည့် NLD ပါတီ ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြားရေး ကော်မတီအတွင်းရေးမှူး နိုင်ငံရေးသမားအဖြစ် သာမက စာရေးဆရာ၊ ကဗျာဆရာအဖြစ်လည်း အများက သိကြသည်။
မုံရွာ အောင်ရှင်ကို ၁၉၄၅ ခုနှစ်၊ မေလ ၁၈ ရက်တွင် မုံရွာမြို့နယ်၊ ခိုးသန်းရွာ၌ အဘ ဦးဖိုးဝင်း၊ အမိ ဒေါ်တင်တို့မှ မွေး ဖွားကြောင်း NLD ပါတီ၏ အချက်အလက်များ အရ သိရသည်။ အထက်တန်းကို ရန်ကုန်ရှိ အ.ထ.က ၁ မင်္ဂလာတောင် ညွန့်မှ အောင်မြင်ပြီး ၁၉၆၇ တွင် ရန်ကုန် ဆရာအတတ်သင် ကောလိပ်တွင် ပညာသင်ကြားခဲ့သည်။
၁၉၇၀ ပြည့်နှစ်မှစတင်၍ ဂီတ ပဒေသာ၊ ပန်၊ စာမော်ကွန်း၊ စပယ်ဖြူ မဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။ ပြည်သူ့ကဗျာ၊ ပြည်သူ့နှလုံးသား၊ စိန်ပန်းတပွင့် နေကြာတပွင့် စသည့် ကဗျာစာအုပ်များ ရေးသား ထုတ်ဝေခဲ့သည်။
မုံရွာ အောင်ရှင်သည် ၁၉၇၀ မိုးဝေခေတ်ပေါ် ကဗျာလှုပ်ရှားမှုကို ဦးဆောင်သူတဦးအဖြစ် ပါဝင်ခဲ့ပြီး ဘာသာပြန်ကဗျာများ လည်း ရေးသားခဲ့ကြောင်း စာရေးဆရာအချို့က ဆိုသည်။
“ဆရာ မုံရွာအောင်ရှင်က အရင်က မုံရွာမှာ အနေများတယ်။ သူ့ကို နိုင်ငံရေးသမား၊ အယ်ဒီတာအဖြစ် သိကြတယ်။ သူက ဦးအောင်ရွှေ (NLD ပါတီ တည်ထောင်သူ ကွယ်လွန်သွားသည့် နိုင်ငံရေးသမား) တို့နဲ တော်တော်လေး တွဲပြီး အလုပ် လုပ် တာ တွေ့ရတယ်” ဟု စာရေးဆရာတဦးက ပြောသည်။
မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် ပါတီ အစိုးရနှင့် ယခင် စစ်အစိုးရများက ၁၉၇၆ ခုနှစ် မှ ၂၀၁၀ ပြည့်နှစ်အထိ မုံရွာအောင်ရှင် ကို စာပေ ရေးသား ထုတ်ဝေခွင့် ပိတ်ပင်ခဲ့သည်။
မုံရွာ အောင်ရှင်သည် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂလှုပ်ရှားမှု၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွင် နိုင်ငံရေး လှုပ်ရှား မှုများကြောင့် အကြိမ်ကြိမ် ဖမ်းဆီး ထိန်းသိမ်းခံရသည်။ ၁၉၈၈ ခုနှစ် NLD ပါတီ စတင်တည်ထောင်ချိန်တွင် မုံရွာမြို့နယ် အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ စစ်ကိုင်းတိုင်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။
ထို့နောက် ကွယ်လွန်သွားချိန်အထိ ဗဟိုကော်မတီဝင်၊ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး တာဝန်များကို ထမ်း ဆောင်ခဲ့သည်။ NLD ပါတီ၏ ဒီလှိုင်းဂျာနယ် တာဝန်ခံအယ်ဒီတာ အဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
မုံရွာ အောင်ရှင်သည် နိုင်ငံရေးသမားတယောက်အနေနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် NLD အတွက် အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေး အဖွဲ့ဝင်အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၎င်းသည် အမျိုး သား ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်တမ်း (၁၉၈၈-၂၀၁၀) စာအုပ်ကိုလည်း ပြုစုရေးသားခဲ့သည်။
NLD ပါတီဝင်များကမူ မုံရွာ အောင်ရှင်သည် NLD တွင် နေရာမယူဘဲ ပါတီအတွက် တတ်စွမ်းသမျှ လုပ်ကိုင်ဆောင်ရွက် ပေးတတ်သူ ဖြစ်ကြောင်း ပြောဆိုသည်။
NLD ပါတီမှ ဒလမြို့နယ်၊ မဲဆန္ဒနယ်အမှတ်-၂ ၊ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးကလည်း မုံရွာ အောင်ရှင်သည် တိုင်းပြည် တိုးတက် ကောင်းမွန်စေချင်သည့်စိတ် အပြည့်ရှိသူ ဖြစ်ကြောင်း ပြောသည်။
“ကျနော့်အမြင်အရ ဒီလိုမျိုး ဒီမိုကရေစီလမ်းကြောင်းကို ပြောင်းပြီး အကြမ်းဖက် စစ်ခေါင်းဆောင်တဦးက ပြည်သူကို ဆက်ဆံနေတဲ့အပေါ် သူက ဘယ်စိတ်ချမ်းသာမလဲ။ သူလည်း စိတ်ဘယ်ကောင်းမလဲ။ ဒါတွေလည်းပါမှာပေါ့။ နဂိုကျန်းမာရေး မကောင်းတာပါ ပေါင်းသွားတော့ အခုလိုမျိုး ဝမ်းနည်းစရာ ဖြစ်တာပါ” ဟု ၎င်းက ဆိုသည်။
မုံရွာအောင်ရှင် ကွယ်လွန်သွားခြင်းသည် NLD ပါတီ အတွက်သာမက တိုင်းပြည်အတွက်ပါ ဆုံးရှုံးနစ်နာမှု ဖြစ်ကြောင်း ဦးဘိုဘိုဦးက ပြောသည်။
မုံရွာအောင်ရှင် ကွယ်လွန်ပြီးသည့်နောက် NLD ပါတီဝင်များ၊ စာရေးဆရာများ၊ နိုင်ငံရေးပါတီအချို့နှင့် နိုင်ငံရေးသမားများ က ဝမ်းနည်းကြောင်း လူမှုကွန်ရက်တွင် စာရေးသား ထုတ်ဖော်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
NLD ပါတီကလည်း ဆရာ မုံရွာအောင်ရှင်သည် NLD ပါတီတည်ထောင်စဉ်ကပင် အဖွဲ့ချုပ်နှင့် အေးအတူပူအမျှ လက်တွဲ မဖြုတ်စတမ်း ပေးအပ်သည့် တာဝန်ထမ်းခဲ့သည့် ခေါင်းဆောင်တဦးဖြစ်ကြောင်း ၎င်း ကွယ်လွန်ပြီးနောက် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။
မုံရွာအောင်ရှင်သည် အဖွဲ့ချုပ်၏ ပြန်ကြားရေး ကဏ္ဍမှနေ၍ ပါတီဝင်များသာမက ပြည်သူလူထုထံသို့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ထူထောင်နိုင်ရေးနှင့် ပါတီကျင့်ဝတ်၊ ပါတီသမိုင်းကြောင်းများကို အသိပညာ မျှဝေ ဆောင်ရွက်ရင်း ကွယ်လွန်သွားသ ဖြင့် NLD အတွက်သာမက စာပေလောကအတွက်ပါ များစွာ နစ်နာဆုံးရှုံးရကြောင်း NLD ပါတီက ဆိုသည်။
ပြည်သူ့ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီတို့ကလည်း မုံရွာအောင်ရှင် ကွယ်လွန်သည့် အပေါ် ဝမ်းနည်းကြောင်း ကြေညာချက်များ ထုတ်ပြန်လာသည်။
SNLD ပါတီက မုံရွာအောင်ရှင်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံရေးသမားတဦးအဖြစ်လည်းကောင်း ၊ ကဗျာဆရာတဦး အဖြစ်လည်းကောင်း၊ ဒီလှိုင်းဂျာနယ် အယ်ဒီတာချုပ် အဖြစ်လည်းကောင်း ကျရာနေရာတွင် တာဝန် ကျေပွန်ခဲ့သူ ဖြစ်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။
၎င်းကွယ်လွန်ခြင်းသည် ဒီမိုကရေစီ တိုက်ပွဲအတွက် ဆုံးရှုံးနစ်နာမှုကြီး တရပ်ပင်ဖြစ်ပြီး SNLD အနေနှင့် ၎င်းကို မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၎င်း၏ ဈာပနကို လာမည့် နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်ရှိ ရေဝေးသုဿာန်၌ ဂူသွင်း သင်္ဂြိုဟ်မည် ဖြစ်ကြောင်း ၎င်း၏ မိသားစုထံက သိရသည်။
မည်သို့ပင် ဖြစ်စေ နိုင်ငံရေးသမား၊ စာရေးဆရာ မုံရွာအောင်ရှင်သည် ကြမ်းတမ်းသည့် နိုင်ငံရေး လောကဓံများကို ဖြတ် သန်း ကျော်လွန်ပြီးနောက် တမလွန်သို့ ခရီး ထွက်ခွာသွားပြီ ဖြစ်သည်။
You may also like these stories:
စစ်ကောင်စီ၏ ရန်သူတဦး အဆင့်ဆင့်ပြောင်းလဲလာပုံ
အဖေ အသက်ပေးခဲ့တဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးတိုက်ပွဲ သမီး လွှတ်တော်အမတ် ဆက်လုပ်မည်
စစ်တပ်ကို ဦးမညွှတ်သူ ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်