ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားသည့် ဆူပူအောင်လှုံ့ဆော်မှုအတွက် စီရင်ချက်ကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ချမှတ်မည်ဟု မျှော်လင့်ရပြီး ဆယ်စုနှစ်များစွာ ထောင်ကျနိုင်သည့် စစ်ကောင်စီတရားရုံး၏ ဆုံးဖြတ်ချက် အများအပြားအနက် ပထမဆုံး ဆုံးဖြတ်ချက်ဖြစ်သည်။
အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်သည့် ဆူပူအောင်လှုံဆော်မှုတွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ပါက ဒေါ်အောင်ဆန်းစုကြည်သည် ထောင် ၃ နှစ်အထိ ကျန်ိုင်ပြီး ထိုအမှုသည် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလောကမှ အပြီးတိုင် ဖယ်ရှားရန် ရည်ရွယ်သည့် စွပ်စွဲချက်များအနက် တခုမျှသာဖြစ်သည်။
နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့က စစ်ဗိုလ်ချုပ်များက သူ၏အစိုးရကို ဖြုတ်ချပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိဒါန်းကို အဆုံးသတ်လိုက်ချိန်မှ စတင်ဖမ်းဆီးထားသည်။
စစ်တပ်က တည်ဆောက်ထားသော နေပြည်တော်ရှိ အထူးတရားရုံးတခုမှ ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်များသို့ သတင်းသမားများကို သွားရောက်ခွင့်မပေဘဲ သူ၏ ရှေ့နေများကိုလည်း မီဒီယာနှင့် စကားပြောခွင့်မပေးပေ။
အာဏာသိမ်းပြီးနောက် ရက်အတန်ကြာသောအခါ ဒေါ်အောင်ဆန်းစုကြည်ကို တရားမဝင်လမ်းလျှောက် စကားပြောစက် ပိုင်ဆိုင်မှုနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရသည့် ရွေးကောက်ပွဲအတွင်း ကိုရိုနာ ဗိုင်းရပ်စ် ထိန်းချုပ်ရေး စည်းမျဉ်း ချိုးဖေါက်မှုစသည့် မရေရာသော စွပ်စွဲချက်များဖြင့် စွဲချက်တင်ခဲ့သည်။
ထို့နောက် စစ်ကောင်စီသည် နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေချိုးဖေါက်မှု၊ အဂတိလိုက်စားမှုနှင့် ရွေးကောက်ပွဲ မသမာမှု အပါအဝင် အခြားစွဲချက်အများအပြားဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံ စွပ်စွဲထားသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းထန်တဲ့ ထောင်ဒဏ်ချမယ်ဆိုတာ သေချာတယ်” ဟု မြန်မာနိုင်ငံတွင် ယခင်က အခြေချခဲ့သော သုတေသီ ဒေါက်တာ ဒေးဗစ် မက်သီဆွန်က AFP သတင်းဌာနကို ပြောသည်။
“မေးစရာရှိတာက သူ့ကို ဘယ်လိုပုံစံနဲ့ထောင်ချမှာလဲ ဆိုတာပဲ။ သာမန်အကျဉ်းသားတယောက်လို လူကျပ်တဲ့ အမျိုးသမီးထောင် တိုက်ထဲမှာ ထားမှာလား နိုင်ငံတော် အထူးပုဂ္ဂိုလ်တွေလို အိမ်မှာ ထားမှာလားဆိုတာပဲ” ဟု သူ ပြောသည်။
ယခင်စစ်အုပ်စုလက်ထက်က ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ရှိ မိသားစုပိုင် ကိုလိုနီခေတ်နေအိမ်တွင် ကာလ ကြာမြင့်စွာ ဖမ်းဆီးခဲ့သည်။ လွတ်မြောက်လာချိန်တိုင်း ဒေါ်အောင်ဆန်းစုကြည်သည် ခြံစည်းရိုးတဘက်မှ ပြည်သူများစွာရှေ့တွင် မိန့်ခွန်းပြောခဲ့ဖူးသည်။
တချိန်တည်းတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဆင့်မြင့်အဖွဲ့ဝင်များ၏ တရားခွင်များကိုလည်း လျှို့ဝှက်လုပ်ပြီး စစ်ကောင်စီက ပြင်းထန်သော ထောင်ဒဏ်များ ချနေသည်။
ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကို ယခုလအစောပိုင်းက ထောင် ၇၅ နှစ်ချပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသည့် ပါတီခေါင်းဆောင် ဦးဝင်းထိန်ကို ထောင်နှစ် ၂၀ ချသည်။
ကိုးကား။ ။ AFP
You may also like these stories:
စစ်တပ်ကို ဦးမညွှတ်သူ ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်
ချယ်ရီထက်၏ လက်ကိုင်ဖုန်း ဖွင့်ကြည့်၍ သက်သေထွက်ဆိုရန် တရားလိုကြိုးပမ်းမှုအား ကန့်ကွက်
စစ်ကောင်စီ၏ ရန်သူတဦး အဆင့်ဆင့်ပြောင်းလဲလာပုံ
နိုင်ငံရေးသမား စာရေးဆရာ မုံရွာအောင်ရှင် ကွယ်လွန်ခြင်း