နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုး အောင်တို့အား ယနေ့အမိန့်ချမှတ်ခြင်းမရှိဘဲ ဒီဇင်ဘာ ၆ ရက်နေ့သို့ ရုံးချိန်းရွှေ့ဆိုင်းလိုက်ကြောင်း တရားရုံးနှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
၎င်းတို့သုံးဦးအား အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲဆိုထားမှုအား ယနေ့တွင် အမိန့်ချမှတ်ရန် ပြီးခဲ့သည့်ရုံးချိန်းတွင် ချိန်းဆိုထားခြင်းဖြစ်သော်လည်း တရားသူကြီးက ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
အမိန့်ချရန် ရွှေ့ဆိုင်းလိုက်သည့် ဒီဇင်ဘာ ၆ ရက်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား စစ်ကောင်စီက တရားစွဲဆိုထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုကိုလည်း အမိန့်ချရန်ရှိနေ သည်။
ယင်းအတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့သည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုတို့အား အပြိုင်တည်း အမိန့်ချမှတ်ခံရဖွယ်ရှိနေသည်။
အမှုသည် ၎င်းတို့အား ဖမ်းဆီးပြီးနောက် ပြင်ပနှင့်အဆက်အသွယ် ဖြတ်တောက်ထားသည့် ဖေဖော်ဝါရီ ၇ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်နှစ်စောင် နှင့် ပတ်သက်ပြီး တာဝန်ရှိသည်ဟုစွပ်စွဲကာ အာဏာသိမ်းစစ်ကောင်စီက ဆူပူစေရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-ခ ဖြင့် တရား စွဲဆိုခဲ့ခြင်းဖြစ်သည်။
ယင်းစွပ်စွဲတရားစွဲဆိုမှုနှင့်ပတ်သက်ပြီး ၎င်းတို့သုံးဦးစလုံးက သီးခြားသက်သေတင်ပြခြင်းမရှိဘဲ ကိုယ်တိုင် ထွက်ဆိုချေပခဲ့ ကြပြီး ၎င်းတို့ဖမ်းဆီးခံရပြီးနောက် ဖြစ်ပွားသည့်ကိစ္စအပေါ် သိရှိခြင်းပင်မရှိခဲ့သည့်အတွက် တရားစွဲဆိုခြင်းသည် အခြေအ မြစ်မရှိကြောင်းနှင့် စွပ်စွဲချက်ကို ကျူးလွန်ခြင်းမရှိသည့်အတွက်လည်း အပြစ်မရှိကြောင်း တရားခွင်တွင် ချေပပြောဆိုခဲ့ ထားသည်။
NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဖေဖော်ဝါရီ ၇ ရက်နေ့ ထုတ်ပြန်ချက်တွင် အာဏာသိမ်းစစ်ကောင်စီသည် တရားဝင်မှု မရှိသည့်အတွက် ဆက်သွယ်ဆက်ဆံခြင်း မပြုဘဲ သမ္မတဦးဝင်းမြင့်၏ အစိုးရသည်သာ တရားဝင်အစိုးရဖြစ်သည့်အတွက် နှစ်နိုင်ငံကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်မှု ပြုလုပ်ကြရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် သံရုံးများအား သတိပေးကြေ ညာခဲ့သည့် ထုတ်ပြန်ချက်ဖြစ်သည်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာမူ အာဏာသိမ်းစစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းထုတ်ပြန်မှုနှင့် ပတ်သက်ပြီး ဥပဒေပြုရေးအာဏာသည် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တွင်သာ တည်ရှိပြီး အာဏာသိမ်းစစ်ကောင်စီထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်နှင့် ဥပဒေများအားလုံး တရားမ ဝင်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ယနေ့အထူးတရားခွင်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား ဦးညီညီဆိုသူက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် သီးခြားတရားစွဲဆိုထားမှုတွင် သက်သေဖြစ်သည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်အောင်အနေဖြင့် ကျန်းမာရေးကောင်းမွန်မှုရှိသည့်အတွက် အထူးတရားရုံးတွင် သက်သေလာရောက်ထွက်ဆိုခွင့်ရရန် ရှေ့နေများကတင်ပြခဲ့ပြီး လာမည့် ဒီဇင်ဘာ ၆ ရက်နေ့ ရုံးချိန်းတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း သိရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အတွက် ပထမဆုံးစီရင်ချက် ချတော့မည်
ချယ်ရီထက်၏ လက်ကိုင်ဖုန်း ဖွင့်ကြည့်၍ သက်သေထွက်ဆိုရန် တရားလိုကြိုးပမ်းမှုအား ကန့်ကွက်
စစ်ကောင်စီ၏ ရန်သူတဦး အဆင့်ဆင့်ပြောင်းလဲလာပုံ