မြန်မာစစ်တပ်က ကျူးလွန်သော ရက်စက်ကြမ်းကြုတ်မှုခံရသည့် ရိုဟင်ဂျာများက တင်သွင်းသည့် လူမျိုးတုန်း သတ်ဖြတ်မှုကို စစ်ဆေးရန် အာဂျင်တီးနား တရားစီရင်ရေးက သဘောတူလိုက်သောကြောင့် ကျူးလွန်ခံရသူများနှင့် ၎င်းတို့အတွက် လိုက်ပါဆောင်ရွက်နေသူများက ထိုဆုံးဖြတ်ချက်သည် စစ်ဗိုလ်ချုပ်များကို ဥပဒေအရ အရေးယူရန် သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်ကြောင်း ကြိုဆိုကြသည်။ ထိုအမှုကို ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့တခုနှင့် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ စစ်အုပ်စု၏ ဖြိုခွဲမှုအတွင်း လွတ်မြောက်လာသူ အမျိုးသမီး ၆ ဦးက စွဲဆိုခြင်းဖြစ်သည်။ ထိုစဉ်က မြန်မာစစ်တပ်သည် လက်နက်ကိုင် အုံကြွတိုက်ခိုက်မှုကို ဖြိုခွင်းနှိမ်နင်းသော စစ်ဆင်ရေးတွင် အရပ်သားများစွာကို သတ်ဖြတ်ခဲ့ပြီး အမျိုးသမီးများကိုလည်း မုဒိန်းကျင့်ကာ ကြာမြင့်စွာ ဖိနှိပ်ခံနေရသော ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင် ၇ သိန်းခွဲကို ဘင်္ဂလားဒေ့ရှ်သို့ မောင်းထုတ်ခဲ့သည်။
“လူမျိုးတုန်းသတ်ဖြတ်မှုမှာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ပါဝင်သူတွေကို တာဝန်ခံပြီး အရေးယူဖို့ ခိုင်မာတဲ့ရလဒ်ကို ကျနော်တို့မျှော်လင့်နေတယ်” ဟု တရားလိုရှေ့နေ သောမတ် အိုဂျေး ကင်တားနားက Financial Times သို့ပြောသည်။ သောမတ် အိုဂျေး ကင်တားနားသည် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း တဦးဖြစ်သည်။
“ကျူးလွန်သူတွေရဲ့အမည်ကို ထုတ်ဖေါ်ပြီး အဲဒီလူတွေ အာဂျင်တီးနားမှာ ဥပဒေကို ရင်ဆိုင်ရဖို့ ကျနော်တို့ ကြိုးစားမယ်” ဟုလည်း သူပြောသည်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှ ဖြိုခွဲမှုကို ဦးဆောင်ပြီး ဖေဖေါ်ဝါရီလ အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချခဲ့သည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်အုပ်စု ထိပ်တန်း ခေါင်းဆောင်များ၏ လူကိုယ်တိုင် လာရောက်ထွက်ဆိုခြင်းကို ကျူးလွန်ခံရသူများက လိုလားကြောင်း ကင်တားနား ပြောသည်။
မြန်မာနိုင်ငံမှ ဖြစ်ရပ်များကို တကမ္ဘာလုံးက ကြားသိရမည့် ထိုအမှုကို ပြင်းထန်သည့် ရာဇဝတ်မှုများအား ကမ္ဘာ့မည်သည့်နေရာတွင်မဆို ကြားနာစစ်ဆေးနိုင်သည်ဆိုသည့် အကြွင်းမဲ့ တရားစီရင်ခွင့် အယူအဆအရ ထိုအမှုကို အာဂျင်တီးနားတွင် စွဲဆိုလိုက်ခြင်းဖြစ်သည်။
“ဒီအမှုကိုကိုင်တွယ်ဖို့ သတ္တိနဲ့ စ်ိတ်ဓါတ်ရေးရာ ဦးဆောင်မှုကို ပြသတဲ့အတွက် အာဂျင်တီးနား တရားစီရင်ရေးကို ကျနော်တို့ ချီးကျူးတယ်” ဟု ထိုအမှုကို စွဲဆိုခဲ့သည့် ယူကေ ဗမာရိုဟင်ဂျာအဖွဲ့ Burmese Rohingya Organisation UK ဥက္ကဋ္ဌ ဦးထွန်းခင်က ကြေညာချက်တစောင်တွင် ပြောသည်။
ပဏာမ ကြားနာစစ်ဆေးမှုကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့သော ထိုအမှုသည် အထောက်အထားများ စုဆောင်းရန်နှင့် စစ်ရာဇဝတ်မှုမြောက်သော၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှ ဖြိုခွဲမှုများနှင့် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်၊ ထောင်ချ၊ ညှင်းပမ်းနှိပ်စက်မှုများအတွက် တရားမျှတမှု ရှာဖွေရန် လူ့အခွင့်အရေးအုပ်စုများနှင့် ကုလသမဂ္ဂတို့၏ တွန်းအားပေးမှု တစ်ိတ်တပိုင်းဖြစ်သည်။
တရားရုံးသည် ပဏာမကြားနာမှုကို ဘင်္ဂလားဒေ့ရှ်ရှိ ကျူးလွန်ခံရသူ အမျိုးသမီးများ၏ ပြောကြားချက်ဖြင့် ကြားနာခဲ့သော်လည်း အဓိက အစ်ိတ်အပိုင်းမှာ ကျူးလွန်ခံရသူများကိုယ်တိုင် အာဂျင်တီးနားတွင် ထွက်ဆိုနိုင်ရေးဖြစ်ကြောင်း ဦးထွန်းခင်ပြောသည်။ ရိုဟင်ဂျာများကို မုန်းတီးစေသည့် အခြေအနေ ဖန်တီးရန် ဖြစ်စေသည့် အမုန်းစကားဖြန့်ချိမှုအတွက် လူမှုကွန်ရက် အထူးသဖြင့် Facebook မှ အချက်အလက်များကိုလည်း တောင်းခံရန် ၎င်းတို့အဖွဲ့က တရားရုံးကို တောင်းဆိုထားကြောင်း သူပြောသည်။
သဟိဂ်မှ နိုင်ငံတကာတရားရုံးသည်လည်း ၂၀၁၉ ခုနှစ်က ဂမ်ဘီယာက မြန်မာကို စွဲဆိုသည့် လူမျိုးတုန်းသတ်ဖြတ်မှု စွဲချက်ကို ကြားနာပြီး ဖြစ်သည်။ ထိုအမှုတွင် ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆိုခဲ့သည်။ “အခုဖြစ်ပေါ်တိုးတက်မှုက ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ပိုမိုနီးကပ်လာတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဆိုရင် မဖြစ်နိုင်တဲ့ ကိစ္စလိုဖြစ်နေတာ” ဟု နိုင်ငံတကာ ဂျူရီလူကြီးများကောင်စီ International Commission of Jurists မှ ကင်းစလေ အဲ့ဘော့ ကပြောသည်။
“ကမ္ဘာတဝန်းလုံးက လူသားမျိုးနွယ်နဲ့ပတ်သက်တဲ့ ရာဇဝတ်မှုတွေမှာ အကြွင်းမဲ့တရားစီရင်ခွင့်က ဒီအတိုင်း အတိအကျဖြစ်ရမှာ။ ဒါကြောင့် ဒီလိုလုပ်ပေးတဲ့ အာဂျင်တီးနားကို ချီးကျူးသင့်တယ်” ဟုလည်း သူပြောသည်။ သို့သော် အာဂျင်တီးနားနိုင်ငံသည် ထိုအမှုကို ကိုင်တွယ်ရာတွင် လူမှုအခြေပြုအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှု ယန္တရားထံမှ ထောက်ခံမှု အကြီးအကျယ်လိုအပ်ကြောင်းနှင့် ဖမ်းဝရမ်း ထုတ်ပါက အကြီးမားဆုံး စိန်ခေါ်မှုများအနက် တခုဖြစ်ကြောင်းလည်း သူပြောသည်။
ကိုးကား။ ။ Financial Times မှ Argentine court to hear Myanmar Rohingya genocide case
You may also like these stories:
မွတ်ဆလင်၂၀၀ ကျော် တင်ဆောင်လာသော စက်လှေ ၁ စီး ဖမ်းမိ
PDF ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ၉ ဦးအား ကလေးအကျဉ်းထောင်ပို့၊ မိသားစုနှင့် တွေ့ခွင့်မရ
တရုတ်ပိုင် ငှက်ပျောစိုက်ခင်းများက မြန်မာနှင့် လာအိုကို ဂုတ်သွေးစုပ်
ဆိုင်ကယ် မစီးရ ကန့်သတ်ချက် အခြေခံလူတန်းစား အကျပ်ရိုက်နေ