စစ်တပ် အာဏာသိမ်းပြီးနောက် ကာကွယ်ဆေးရန်ပုံငွေများနှင့် ပတ်သက်၍ ဖိအားပေးမှုများကြောင့် လက်ကျန် ရန်ပုံငွေ အချို့အား ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ထံ ပြန်ပေးသွင်းခဲ့သည့် ဒေါက်တာထားထားလင်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ယမန်နေ့က အမှုဖွင့်လိုက်ကြောင်း စစ်ကောင်စီ၏ သတင်းစာများ တွင် ကြေညာထားသည်။
စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ခဲ့သည့် ဒေါက်တာထားထားလင်း အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် UNICEF တို့၏ GAVI HSS 2 Grant အစီအစဉ်အရ ကာကွယ်ဆေးထိုးလုပ်ငန်း ထောက်ပံ့ငွေများအား ပြည်နယ်နှင့် တိုင်းအသီးသီး ခွဲဝေသုံးစွဲခဲ့ပြီးနောက် ဗဟိုအဆင့် လက်ကျန်ရန်ပုံငွေ ကျပ် ၁၆၁ ဒသမ ၁၉၈ သန်းအား ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် UNICEF ထံ ပြန်ပေးသွင်းခဲ့ခြင်း ဖြစ်သည်။
ထို့အတွက် နိုင်ငံတော်ဘဏ္ဍာငွေကြေး ဆုံးရှုံးနစ်နာစေသည် ဟုဆိုကာ ဒေါက်တာထားထားလင်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့်လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဒေါက်တာစိုးဦး အနေဖြင့်လည်း ကြီးကြပ် စစ်ဆေးရန် ပျက်ကွက်ပြီး အားပေးကူညီခဲ့သည် ဟုဆိုကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ ဖြင့် လည်းကောင်း ဘုရားကုန်းမြို့မရဲစခန်းတွင် ယမန်နေ့က အမှုဖွင့်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ဆေး ရရှိရေး ဦးဆောင်ကြိုးပမ်းခဲ့သူ တဦးဖြစ်သည့် ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းသည် စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပင် ၎င်းအပေါ် ငွေအလွဲသုံးမှု ဖြင့် စွပ်စွဲလာနိုင်ကြောင်း မိတ်ဆွေများထံ ကြိုတင်အသိပေးခဲ့ပြီး၊ နိုင်ငံခြားငွေ နည်းပါးနေသည့် စစ်ကောင်စီသည် ကိုဗစ် ကာကွယ်ဆေးအတွက် အိန္ဒိယကုမ္ပဏီထံ NLD အစိုးရ ပေးချေခဲ့သည့် ဒေါ်လာ ၇၅ သန်းကိုလည်း ပြန်လိုချင်နေသည်ဟု ဖော်ပြခဲ့သည်။
၎င်းက “စစ်အာဏာရှင်တွေဟာ ကာကွယ်ဆေးထိုးလုပ်ငန်းကို အကြောင်းပြပြီး အကျိုးအမြတ်ရယူဖို့ ကြံစည်နေခြင်း ဖြစ်ပါ တယ်။ ကာကွယ်ဆေးထိုးလုပ်ငန်းကို ကျမတို့နိုင်ငံကို စစ်အာဏာရှင်များရဲ့ စစ်ဖိနပ်အောက်ရောက်သွားစေမယ့် လက်နက် အဖြစ် အသုံးချခွင့် မပြုနိုင်ပါဘူး” ဟုလည်း ပြောဆိုခဲ့သည်။
ထို့နောက် အစောဆုံး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူတဦးဖြစ်သည့် ဒေါက်တာထားထားလင်းအား စစ်ကောင်စီက ဖမ်းဝရမ်း ထုတ်ခဲ့သည့်အတွက် တိမ်းရှောင်နေရာမှ ဇွန် ၁၀ ရက်တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်ရှိ နေအိမ်တခုတွင် ဖမ်းဆီးခံ ရပြီး ဖုန်းနှင့်ကွန်ပျူတာများ သိမ်းဆည်ခံရသည့်အပြင် ၎င်းခင်ပွန်းဖြစ်သူနှင့် ၇ နှစ်အရွယ် သားဖြစ်သူကိုလည်း စစ်ကောင် စီက ဖမ်းဆီးခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီက ဒေါက်တာထားထားလင်းအား ဖမ်းဆီးပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်စပ်မှုများ ရှိသည်ဟုဆိုကာ ဆရာဝန် ၂၅ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ နှောင့်ယှက်ဖျက်စီးသူများအဖြစ် စွပ်စွဲထုတ်ပြန်ခဲ့သည်။
ထို့အတူ ဒေါက်တာထားထားလင်းကိုလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က၊ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၄ စသည့် ကြီးလေးသည့် ပြစ်မှုများဖြင့်လည်း အရေးယူမည် ဖြစ်ကြောင်း ဇွန်လအတွင်းက ကြေညာခဲ့သည်။
You may also like these stories:
CDM ဆရာဝန်ကြီးများ နိုင်ငံတော် ပုန်ကန်မှုဖြင့် အရေးယူ
ကျန်းမာရေးအရာရှိ၏ ၇ နှစ်အရွယ် သားငယ်ကို စစ်ကောင်စီ ဖမ်းထား
အာဏာသိမ်းပွဲကြောင့် ပျက်ပြားသွားတဲ့ ကိုဗစ်ကာကွယ်ဆေး မျှော်လင့်ချက်များ