သတင်း

စစ်ကြောရေးနှင့် ထောင်အတွင်း NLD ပါတီဝင် သေဆုံးသူ ၁၂ ဦးရှိ

စစ်တပ်အာဏာသိမ်းပြီးနောက် နိုဝင်ဘာ ၃၀ ရက်နေ့အထိ အကျဉ်းထောင်များနှင့် စစ်ကြောရေးစခန်းတို့တွင် ညှင်းပမ်းနှိပ် စက်မှုများကြောင့် ပါတီဝင်များထဲမှ သေဆုံးခဲ့သူ ၁၂ ဦးရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့သတင်း ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက် စစ်ကြောရေးတွင် သေဆုံးသူများမှာ ဦးခင်မောင်လတ် (ပန်းဘဲတန်း)၊ ဦးဇော်မြတ်လင်း (ရွှေပြည်သာ)၊ ဦးကျော်ကျော်(ခ) အဂ္ဂမိုးညို (ဇမ္ဗူသီရိ)၊ ဦးစိုးစံ(ဝမ်းတွင်း)၊ ဦးအေးလှ (ကျောက်တံခါး)၊ ဦးညွန့်ရွှေ (ပဲခူး)၊ ဦးဖြိုးဝေထွန်း (ချောက်)၊ ဦးဝင်းကြိုင် (လှိုင်သာယာ)၊ ခွန်ဘွားထိုသွေး (ဆီဆိုင်)၊ ဦးကျော်ဆန်းဦး (ပုဗ္ဗသီရိ)၊ ဦးသန်းထွန်းဦး (ခ) မင်းကိုသိန်း (ခ) ဦးဖက်တီး (အောင်မြေသာဇံ) တို့ဖြစ်ကြသည်။

ယင်းအပြင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဦးအေးလှ၊ ဦးညွန့်ရွှေ၊ ဦးဝင်းကြိုင်တို့ (၄) ဦးမှာ အကျဉ်း ထောင်အတွင်း ချုပ်နှောင်ခံ ထားရစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် အာဏာသိမ်းချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် NLD ဝင် ၅၇၉ ဦး အား ဖမ်းဆီးခဲ့ပြီး ၁၂၈ ဦးမှာ ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ၄၃၂ ဦးမှာ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း လည်း NLD က ထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူများထဲမှ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်(ခ) ဦးအေး ကြူမှာ ပြန်လည်လွတ်မြောက်ပြီး တလအကြာ နိုဝင်ဘာ ၂၈ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သည်။

ယင်းအပြင် ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်အပါအဝင် တိုင်းနှင့်ပြည်နယ်များမှ ပါတီရုံးများအား ဖောက်ခွဲခြင်း၊ ဖျက်ဆီးခြင်း ၇၅ ကြိမ်ရှိပြီဖြစ်ပြီး NLD အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များ၏ နေအိမ်များအား ဥပဒေမဲ့ဝင်ရောက်ကာ ဖျက်ဆီးခြင်း၊ ပစ္စည်းများသိမ်းဆည်းယူဆောင်ခြင်းတို့အပြင် အမှုဖွင့်တရားစွဲဆိုမှုများအား အကြောင်းပြကာ နေအိမ်များ အား ချိတ်ပိတ်ခံရသူ ၅၇ ဦးရှိပြီဖြစ်ကြောင်းလည်း သိရသည်။

၎င်းအချက်အလက်များသည် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ NLD ဗဟိုအလုပ်ကော်မတီ (CWC) က ကောက်ယူရရှိသည့် အချက်အလက်များသာဖြစ်ပြီး မြေပြင်တွင် အမှန်တကယ် ဖမ်းဆီးခံရမှုများ၊ ကျဆုံးမှုများ၊ ရုံးခန်းများဖျက်ဆီးခံရမှုများမှာ ပိုမိုဖြစ်ပွားနိုင်ကြောင်းလည်း NLD ပါတီက ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ ဖေဖော်ဝါရီ ၁ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ စစ်ကောင်စီ၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် သေဆုံးသူ ၁၂၉၉ ဦးရှိပြီဖြစ်ပြီး ဖမ်းဆီးချုပ်နှောင်ခံထားသူ ၇၆၄၀ ဦးအနက် ၃၄၃ ဦးမှာ ထောင်ဒဏ်ပြစ်ဒဏ်များချမှတ်ခံထားရကြောင်း သိရသည်။

ယင်းသို့ပြစ်ဒဏ်ချမှတ်ခံထားရသူများထဲမှ အသက် ၁၈ နှစ်အောက် ကလေး ၂ ဦးအပါအဝင် ၃၄ ဦးမှာ သေဒဏ်ချမှတ်ခံထားရကြောင်းလည်း AAPP က ဆိုထားသည်။

ယင်းအပြင် ဖမ်းဝရမ်းထုတ်ခံရခြင်းကြောင့် တိမ်းရှောင်နေရသူ ၁၉၅၄ ဦးအနက် မျက်ကွယ်သေဒဏ်ခံမှတ်ခြင်းခံထားရသူ ၃၉ ဦးအပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ်ပြစ်ဒဏ်များ ချမှတ်ခံထားရကြောင်းလည်း သိရသည်။

You may also like these stories:

လက်နက်ကိုင်ခုခံများကို သုံးလအတွင်း ရှင်းလင်းပစ်ရန် စစ်ကောင်စီ ရည်မှန်း

စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့ဖို့ ထောက်ခံတင်ပြခြင်း

ချင်းတွေကို လူမျိုးသုဉ်းသတ်ဖြတ်နေပြီလား

Loading