ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်သည့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် လာမည့်နှစ်အစောပိုင်းတွင် ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်ရမည် ဖြစ်ပြီး ထိုအရေအတွက်သည် လွန်ခဲ့သော ၅ နှစ်ကအရေအတွက်ထက် ၂ ဆတိုးလာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
တနေ့ဝင်ငွေ ၁၅၉၀ ကျပ် (၀.၉၀ ဒေါ်လာ) ဖြင့် UNDP ကသတ်မှတ်ထားသည့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်တွင် နေထိုင်ရသော ရာခိုင်နှုန်းသည် တနိုင်ငံလုံးတွင် ၂၀၁၇ ခုနှစ်က ၂၄.၈ ရာခိုင်နှုန်းသာရှိရာမှ ၄၆.၃ ရာခိုင်နှုန်းသို့ တိုးလာသည်ဟု UNDP ကပြောသည်။ ၂၀၂၂ ခုနှစ်အစောပိုင်းတွင် မြို့ပြဒေသတွင် ဆင်းရဲနွမ်းပါးမှု ရင်ဆိုင်ရသူအရေအတွက် ၃၇.၂ ရာခိုင်နှုန်းရှိမည်ဖြစ်သောကြောင့် ၂၀၁၇ ခုနှစ်က ၁၁.၃ ရာခိုင်နှုန်းထက် ၃ ဆကျော်တိုးလာခြင်းဖြစ်သည်။
“ထိုအတိုင်းအတာအထိ ဆင်းရဲနွမ်းပါးလာခြင်းကြောင့် လူလတ်တန်းစား ပျောက်ကွယ်သွားသည့် သဘောဖြစ်ကြောင်း UNDP ၏ အာရှပိစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ ကန်နီဝစ်နာရာဂျာက Nikkei Asia သို့ အင်္ဂါနေ့တွင်ပြောသည်။ လူလတ်တန်းစားသည် ထုံးစံအားဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်သည်။
လူလတ်တန်းစားများ၏ အသုံးစရိတ်သည် အလုပ်အကိုင်သစ်နှင့် လုပ်ငန်းသစ်များကို ထုတ်လုပ်ပေးကြောင်း ဝစ်နာရာဂျာပြောသည်။ သို့သော် မြန်မာနိုင်ငံတွင် တချိန်က ထွန်းကားခဲ့သည့် အထည်ချုပ်၊ ခရီးသွား၊ ဧည့်ဝတ်ဝန်ဆောင်မှုနှင့် ကြီးမားသောဆောက်လုပ်ရေးလုပ်ငန်းများသည် ကိုဗစ်နိုင်တင်းနှင့် နိုင်ငံရေး အုံကြွမှုကြောင့် အထိနာသွားသည်။
အလုပ်အကိုင် ဆုံးရှုံးသွားသူများသည် ယခုအခါ မိသားစုစုဆောင်းငွေများကို မှီခိုနေပြီး ဝင်ငွေဆုံးရှုံးမှု သို့မဟုတ် ဝင်ငွေလျှော့ကျမှုကို ဖြည့်စွက်နေရသည် ဟုလည်း သူပြောပြီး “လူလတ်တန်းစားသည် လွန်စွာအခြေမခိုင် ဖြစ်နေသည်” ဟုလည်း ပြောသည်။
စက်တင်ဘာလက ထုတ်ပြန်သည့် အာရှဖွံ့ဖြိုးရေးဘဏ်၏ စီးပွားရေး ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုသည် ၂၀၂၁ ခုနှစ်တွင် ၁၈.၄ ရာခိုင်နှုန်း ကျုံ့သွားပြီး ယခင်ခန့်မှန်းသည့် ၉.၈ ကျုံ့ခြင်းထက် ပိုမိုကျဆင်းသွားခြင်းဖြစ်သည်။
ဖေဖေါ်ဝါရီလက စစ်အာဏာသိမ်းခြင်းနှင့် ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် လယ်ယာစိုက်ပျိုးရေးမဟုတ်သည့် လုပ်ငန်းများ ထုတ်လုပ်မှုသည် ၅၀ ရာခိုင်နှုန်း ကျဆင်းပြီး လုပ်အားခနှင့် စိုက်ပျိုးရေးဝင်ငွေ ၂၅ ရာခိုင်နှုန်းစီ ကျဆင်းကာ ပြည်ပရောက် အလုပ်သမားများ၏ ငွေလွှဲပြောင်းပေးပို့မှုနှင့် လူမှုအကျိုးအမြတ်များ ၁၀ ရာခိုင်နှုန်း ကျဆင်းသည်။
ထို့ကြောင့် နိုင်ငံလူဦးရေ ထက်ဝက်သည် လွန်စွာခက်ခဲသောကာလကို ဖြတ်သန်းနေရကြောင်း UNDP ကပြောသည်။
အခြေအနေသည် ထိုမျှတွင် ရပ်ရန် မမြင်ရသေးပေ။ စစ်တပ်နှင့် ဆန္ဒပြသူများအကြား ပဋိပက္ခသည် ယခုအချိန်တွင် အရှိန်လျှော့လာသော်လည်း နိုင်ငံ့အခြားနေရာများတွင် တင်းမာမှုများရှိနေသောကြောင့် အခြေအနေမှာ ဆင်းရဲသော လယ်သမားများအတွက် မခံစားနိုင်လောက်အောင် ဆိုးရွားသွားမည်ဖြစ်ကြောင်းလည်း UNDP ကပြောသည်။ ဒေသဈေးကွက်များနှင့် ကုန်စည်ဖြန့်ချိရေးကွင်းဆက်များ ပျက်ဆီးသွားသောကြောင့် လယ်သမားများ အထိနာခြင်းဖြစ်သည်ဟု ဆိုသည်။
ကိုးကား။ ။ Nikkei Asia မှ Half of Myanmar will live on less than a dollar a day, says UNDP
အာဏာသိမ်းစစ်ကောင်စီအောက်က လယ်သမားများ ဘဝပျက်လာ
တရုတ်ပိုင် ငှက်ပျောစိုက်ခင်းများက မြန်မာနှင့် လာအိုကို ဂုတ်သွေးစုပ်
မြန်မာဘီယာထုတ်သည့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ ဖျက်သိမ်းတော့မည်
စီးပွားရေးမျှော်လင့်ချက်များ အားလုံး စစ်ကောင်စီ ဖျက်ဆီး