တယ်လီနောမြန်မာအား လက်ဘနွန်အခြေစိုက် M1 သို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းကျော်ဖြင့် ရောင်းချရန် ဖြစ်လာ သည့်အခါ ထိုဆက်သွယ်ရေး လုပ်ငန်းကြီးကို အာဏာသိမ်းစစ်အုပ်စုနှင့် နီးစပ်သည့် ခရိုနီများနှင့် ၎င်းတို့၏ ဆွေမျိုးများပိုင် စီးပွားရေး လုပ်ငန်းစုများက အမိအရ ရယူလိုချင်လာသည်ကို တွေ့ရသည်။
ဝယ်ယူရန် ကြိုးစားနေသည့် စစ်အုပ်စုနှင့် နီးစပ်သော ခရိုနီကြီးများမှာ လက်ရှိ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ညီအစ်ကိုတော်သူ ဦးနေအောင်၏ IGE Group ၏ ကုမ္ပဏီခွဲ Amara Communications Co.,Ltd (ACS)လည်း ပါဝင် သလို စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား ဦးအောင်ပြည့်စုံနှင့် မြန်မာစစ်တပ်နှင့် စီးပွားရေး နီးကပ်စွာလုပ်ဆောင်သည့် ဦးဂျော်နသန် ကျော်သောင်း၏ The KT Group တို့လည်း ပါဝင်သည်။
သို့သော် ယင်းကုမ္ပဏီများသာမက စစ်ကောင်စီအဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်သူ ရေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ကျောထောက်နောက်ခံပေးထားသည့် ရွှေဗျိုင်းဖြူ ကုမ္ပဏီ ကလည်း တယ်လီနော မြန်မာအား ပိုင်ဆိုင်ရေး စိတ်ဝင်စားလျှက်ရှိသည်ကို တွေ့ရသည်။
ထို့အတွက် ရေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်အောင်စန်း ကျောထောက်နောက်ခံပြုသည့် ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် လက်ရှိ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်၏ ညီ ဦးနေအောင်၏ Amara Communications Co.,Ltd (ACS)တို့ အကြား အကျိုးစီးပွားခြင်း တဖြည်းဖြည်း အားပြိုင်မှု ဖြစ်လာနေကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
ရွှေဗျိုင်းဖြူကုမ္ပဏီသည် သတ္တုတူးဖော်ရေးနှင့် စွမ်းအင်လုပ်ငန်းကို အဓိကလုပ်ကိုင်ပြီး၊ လက်ရှိ မြန်မာနှင့် ဗီယက်နမ် စစ်တပ်ချင်း ပူးပေါင်းလုပ်ဆောင်သော ဆက်သွယ်ရေး လုပ် ငန်း Mytel ၌ အစုရှယ်ယာပါသည့် မဟာရိုးမ အများပိုင် ကုမ္ပဏီ၏ ဒါရိုက်တာ ဦးသိန်းဝင်းဇော် ပိုင်ဆိုင်သည့် ကုမ္ပဏီ ဖြစ်၏။
အလားတူ ဒုတိယဗိုလ်ချုပ်ကြီး မိုးအောင်၏ ညီ ဦးနေအောင် ပိုင်ဆိုင်သော IGE Group ၏ လက်အောက်ခံ ကုမ္ပဏီခွဲ Amara Communications ကလည်း အခွင့်အလန်းရှိပါက တယ်လီနောမြန်မာတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံသွားမည်ဟု ဧရာဝတီသို့ အတည်ပြု ပြောဆိုထားပြီးဖြစ်သည်။
သို့သော် ဆက်သွယ်ရေး လုပ်ငန်းတွင် ၎င်း၏ ပြိုင်ဘက်ဖြစ်လာသည့် ရွှေဗျိုင်းဖြူကုမ္ပဏီသည် ရေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းမှ ကျောထောက်နောက်ခံ ပေးထားသလို ယခင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန် ကြီးဌာန၏ ဒုတိယဝန်ကြီး တာဝန်ယူခဲ့သူ ဦးတင့်လွင်နှင့် နီးစပ်သည့် ကုမ္ပဏီ တခုဖြစ်သည်။
ဒုဝန်ကြီးဟောင်း ဦးတင့်လွင်နှင့် လက်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့မှာ အလွန်တရာမှ ရင်းနှီးသူများဖြစ်ကြောင်း ဝန်ကြီးဌာနအတွင်းမှ ပေါက်ကြားလာသည့် သတင်းများအရ သိရသည်။
ထိုအတွက် ရွှေဗျိုင်းဖြူကုမ္ပဏီသည် တယ်လီနော မြန်မာတွင် ရှယ်ယာ ပါဝင်နိုင်ရေး လက်ဘနွန်အခြေစိုက် M1 ကုမ္ပဏီ ထံသို့ သွားရောက်တွေ့ဆုံ ဆွေးနွေးနေမှုများ ရှိခဲ့သည်။
“လိုချင်တဲ့သူကလည်း အတင်းတော့ ကြိုးစားမှာပဲလေ။ အခုလည်း လိုက်နေတဲ့ လူတွေလည်း ရှိနေတာပဲ။ ပြည်တွင်းမှာ လည်း ရှိနေတယ်၊ အပြင်ကလည်း ရှိချင်ရှိမှာပဲ။ ဘာလို့ဆိုရင် တယ်လီနောက M1 ရောင်းလိုက်တဲ့ ဈေးနှုန်းက စိတ်ဝင်စား စရာကြီးလေ” ဟု ဆက်သွယ်ရေး ကုမ္ပဏီတခုတွင် အကြီးတန်းရာထူးဖြင့် လုပ်ကိုင်ခဲ့ဖူးသည့် လုပ်ငန်းရှင်တဦးက ဧရာဝတီ သို့ ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်စန်းသည် စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်ခင်အထိ ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ၎င်းကို တပ်ရာထူးမှ လျှော့ချကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရ သူ ဖြစ်သည်။
ထို့အပြင် ရွှေဗျိုင်းဖြူ ကုမ္ပဏီသည် ပိုင်ဆိုင်မှု ၇၅ရာခိုင်နှုန်းခန့် ရယူကာ အဓိကရှယ်ယာဝင်ဖြစ်ရေး ပါဝင်ခွင့်ပေးရန် လက်ဘနွန်အခြေစိုက် M1 ကုမ္ပဏီသို့ ဆက်သွယ်ကာ ပြောဆိုညှိနှိုင်းမှုများ ရှိခဲ့ကြောင်း ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီတခုမှ ဒါရိုက်တာ တဦး၏ ပြောဆိုချက်အရ သိရသည်။
“M1 ကိုကျတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တခုတည်းဆို ခွင့်မပြုဘူး။ ပြည်တွင်းဖက်စပ်ကုမ္ပဏီတခု ရှာဖို့ ပြောတယ်။ တဖက်မှာကျတော့ သူတို့နဲ့ နီးစပ်တဲ့ကုမ္ပဏီက သွားပြီး ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတာ” ဟု အဆိုပါ ဒါရိုက်တာက မှတ်ချပြောဆိုသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဧရာဝတီသတင်းဌာနက M1 ကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း လတ်တလောတွင် ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် အကြောင်းပြန်သည်။
ထို့အတူ ရွှေဗျိုင်းဖြူကုမ္ပဏီကိုလည်း ၎င်းတို့ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော မိုဘိုင်းလ်ဖုန်းများအရ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ဖုန်းမှားနေကြောင်းနှင့် တခြားလူသို့သာ ဆက်သွယ်မေးမြန်းရန် ပြန်လည် ဖြေကြားခဲ့ကြသည်။
တယ်လီနောအနေဖြင့် လက်ဘနွန်အခြေစိုက် M1 ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်းကတည်းက ရောင်းချခဲ့ခြင်း ဖြစ်ပြီး ထိုအရောင်းအဝယ်ကို ရက် ၆၀ အတွင်း အတည်ပြုပေးရမည်ဖြစ်သော်လည်း ယခု ၄လကျော်အထိ ကြန့်ကြာနေ လျက်ရှိသည်။
“ပြည်တွင်းကုမ္ပဏီ ထည့်ဖို့အတွက်နဲ့တော့ ဒီလောက်ကြာနေတယ်လို့တော့ မထင်ဘူး။ ဘာလို့ဆိုရင် M1 ကို ခွင့်ပြုပေး လိုက်ပြီးမှ ပြည်တွင်းကုမ္ပဏီတခုခု ဝင်ခွင့်ပေးတာကိုလည်း လုပ်လို့ရတာပဲကို သူ့ရှယ်ယာကို သူပြန်ထုတ်ရောင်းတာပဲ လေ။ တခြားကတော့ ကျနော်တို့ လက်လှမ်းမမီနိုင်တဲ့ ကိစ္စတွေကြောင့်ပဲ ကြာနေတာ ဖြစ်နိုင်တယ်” ဟု ဆက်သွယ်ရေး ကုမ္ပဏီတခုတွင် အကြီးတန်းရာထူးဖြင့် လုပ်ကိုင်ခဲ့ဖူးသည့် လုပ်ငန်းရှင်တဦးက မှတ်ချက်ချ ပြောဆိုသည်။
နော်ဝေးကုမ္ပဏီ တယ်လီနောသည် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က ကုမ္ပဏီ၏ လူအခွင့်အရေး စံနှုန်းများကို အတင်း အကျပ် ချိုးဖောက်ခိုင်းခြင်းနှင့် စီးပွားရေး မတည်ငြိမ်မှုများကြောင့် ၂၀၂၁ မေလအတွင်း၌ ၎င်း၏ မြန်မာနိုင်ငံမှ လုပ်ငန်းများ သည် အမေရိကန်ဒေါ်လာ ၇၅၂ သန်း အရှုံးပေါ်နေမှုများကို အကြောင်းပြပြီး မြန်မာပြည်တွင်းမှ နုတ်ထွက်တော့မည် ဖြစ် ကြောင်း ကြေညာခဲ့သည်။
ထို့နောက် ၎င်း၏ မြန်မာပြည်တွင်း၌ ရှိနေသော ဆက်သွယ်ရေး လုပ်ငန်းများ အားလုံးကို လက်ဘနွန်အခြေစိုက် M1 ကုမ္ပဏီကို ဇူလိုင်လအတွင်း၌ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချလိုက်ပြီး ယင်းအနက် ၅၅ သန်းကို နောက် ၅ နှစ်မှ ပေးချေနိုင်ရန်လည်း ရွှေ့ဆိုင်းပေးထားသေးသည်။
စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက နိုင်ငံတော်၏ အမျိုးသားလုံခြုံရေး အကြောင်းပြချက်ဖြင့် တယ်လီနောမြန်မာကို ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအစား ပြည်တွင်းကုမ္ပဏီတခုခု (သို့) ပြည်တွင်းကုမ္ပဏီများ စုဖွဲ့ထားသော ကုမ္ပဏီတခုခုဖြင့် ဖက်စပ်လုပ်ကိုင်သွားရန်အတွက် ကြိုးပမ်းညှိနှိုင်းနေခြင်းကြောင့် M1 သို့ ရှယ်ယာရောင်း ချခွင့်ပေးရန် ရက်ပေါင်း ၆၀ အတွင်း အတည်ပြုခြင်း (သို့) ပယ်ချခြင်း တခုခု ဆုံးဖြတ်ပေးရမည် ဖြစ်သော်လည်း ယခု နိုဝင် ဘာလကုန် အချိန်ထိ ဆုံးဖြတ်ပေးခြင်း မရှိသေးပေ။
တယ်လီနောဘက်ကလည်း ရှယ်ယာအရောင်းအဝယ်ကိစ္စ ၄ လ ကျော်အထိ ကြန့်ကြာနေသည့် ကိစ္စနှင့် ပတ်သက်၍ လက်ရှိအချိန်ထိ တစုံတရာ ထုတ်ပြန်ကြေညာခြင်းမျိုး မရှိသေးပေ။
You may also like these stories:
တယ်လီနောမြန်မာရဲ့ အရောင်းအဝယ် မရေမရာဖြစ်နေသေး
တယ်လီနောမြန်မာကို ဝယ်ယူဖို့ စိတ်ဝင်စားနေတဲ့ Amara ကုမ္ပဏီ ဘာပြောလဲ
တယ်လီနောကို စစ်အုပ်စုနှင့်နီးစပ်သည့် ခရိုနီကုမ္ပဏီများ ဝယ်ယူရန် ကြိုးပမ်းနေ