သတင်း

ပါမောက္ခ ရှောင်တာနဲလ် စွဲဆိုခံရသည့် အမှုနှစ်ခုအတွက် တရားလိုအား အပြန်အလှန်စစ်ဆေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်သူ ပါမောက္ခရှောင်တာနဲလ် အား အာဏာသိမ်းစစ်ကောင်စီက အမှုနှစ်မှုဖြင့် တရားစွဲဆိုထားမှုမှ တရားလိုဖြစ်သူ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အောင်မျိုးလွင် အား ယနေ့စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ဩစတေးလျ နိုင်ငံသားဖြစ်သူ ရှောင်တာနဲလ် သည် စစ်တပ်အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်ဖမ်းဆီး ခံရပြီး နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ) နှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၁)တို့ဖြင့် တရားစွဲခံ ထားရခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ရှောင်တာနယ်၏ လက်တော့ပ်ကွန်ပျူတာအတွင်းမှ တွေ့ရှိသည့် စာရွက်စာတမ်းအချို့နှင့် ပတ်သက်ပြီး ရှောင်တာနဲလ် အပြင် ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ကိုလည်း အမှုတွဲအဖြစ် ထည့်သွင်းကာ နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

၎င်းတို့အား စွဲဆိုထားသည့် နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ)သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မဖြစ်သည်။

ပါမောက္ခ ရှောင်တာနဲလ် အား တဦးတည်းသီးခြား စွဲဆိုထားသည့် လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ ၁၃(၁) သည် ပြစ်မှုထင်ရှားပါက အနည်းဆုံးထောင်ဒဏ် ၆ လမှ အများဆုံး ၅ နှစ်အထိဖြစ်စေ၊ အနည်းဆုံးငွေဒဏ်ကျပ် ၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည့် ပုဒ်မဖြစ်သည်။

ယနေ့တရားလိုအား စစ်ဆေးမှုတွင် အမှုနှစ်ခုလုံးအတွက် အပြန်အလှန်စစ်ဆေးခြင်းများ ပြီးစီးပြီဖြစ်သည့်အတွက် လာမည့် ဒီဇင်ဘာ ၉ ရက်နေ့ ရုံးချိန်းတွင် တရားလိုပြသက်သေများအား ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။

You may also like these stories:

ဒေါက်တာ ဇော်မြင့်မောင် ဖျားနာနေသဖြင့် မိသားစု စိုးရိမ်

NLD နာယက ဦးဝင်းထိန် ထောင်နှစ် ၂၀ ချခံရ

နာကျင်စရာတွေကို ခွန်အားအဖြစ် ပြောင်းပစ်မယ်လို့ မနီလာသိန်း ပြော

Loading