စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဦးဆောင်ညွှန်ကြားရေးမှူး ၏ နိုင်ငံတော် အပေါ် ကိုယ်စားပြုမှုအား ရုပ်သိမ်းလိုက်ကြောင်း ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တရပ်ကို အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ဒီဇင်ဘာ ၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ယင်းအမိန့်အား NUG ယာယီသမ္မတ ဒူဝါလရှီးလက လက်မှတ်ရေးထိုးထားပြီး NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးနှင့် ၎င်းမှ တာဝန်ပေးအပ်သူက နိုင်ငံတော်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် သက်ဆိုင်သည့် စာချုပ် စာတမ်း ချုပ်ဆိုမှုများအား တာဝန်ယူ ဆောင်ရွက်ရန်လည်း တာဝန်ပေးအပ်ကြောင်း ဆိုထားသည်။
လက်ရှိ စစ်ကောင်စီ လက်အောက်ခံ MOGE ၏ ဦးဆောင်ညွှန်ကြားရေမှူးမှာ ဦးဉာဏ်ထွန်းဆိုသူဖြစ်ပြီး ၎င်းအနေဖြင့် အမိန့်ပေးညွှန်ကြားချက်များအား လိုက်နာရန်ပျက်ကွက်ခြင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပါ ပုဒ်မများဖြင့် ငြိစွန်းနေကြောင်း ထင်ရှားသည်ဟုဆိုကာ ရာထူးတာဝန်မှရပ်စဲကြောင်း ဇူလိုင် ၁၄ ရက်ကတည်းက NUG ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကြေညာထားသည်။
လတ်တလော NUG လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီးတာဝန် ယူထားသူမှာ လဖိုင်မော်ထွန်းအောင် ဖြစ်သည်။
အဆိုပါ အမိန့်စာတွင် တရားဝင်အစိုးရ အဆက်ဆက်၏ သဘောတူညီချက်များကို လေးစားလိုက်နာ ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းလည်း NUG က ဆိုထားသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် အာဏာသိမ်း စစ်ကောင်စီအတွက် အဓိက ဝင်ငွေရလမ်းတခု ဖြစ်နေပြီး ၂၀၂၁ -၂၀၂၂ တွင် ယင်းလုပ်ငန်းမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၄ ဘီလီယံအထိ ရရှိနိုင်ကြောင်း လွတ် လပ်သည့် အရပ်ဖက်အဖွဲ့အစည်း တခုက ခန့်မှန်းထားသည်။
Totalနှင့် Chevron တို့၏ ငွေပေးချေမှုများက စစ်ကောင်စီအား အထောက်အပံ့ဖြစ်စေသည်ဟု ဝေဖန်မှုများကြောင့် အဆိုပါ ကုမ္ပဏီ နှစ်ခုသည် ၎င်းတို့ ၅၉ ဒဿမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် မုတ္တမဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ (MGTC)မှ အစုရှယ်ယာရှင်များသို့ ငွေခွဲဝေမှုကို ဧပြီလ ၁ရက်နေ့တွင် ရပ်ဆိုင်းလိုက်ကြောင့် သတင်းထုတ်ပြန်ခဲ့သည်။
သို့သော် NUG အပါအဝင် ပြည်တွင်း၊ ပြည်ပ အရပ်ဖက်အဖွဲ့အစည်းများကလက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသော Total၊ Chevron၊ POSCO International စသည့် ကုမ္ပဏီများ အနေဖြင့် စစ်ကောင်စီထံသို့ အခွန်ငွေ ပေးချေနေမှုများကိုပါ ရပ်ဆိုင်းထားရန် တိုက်တွန်းနှိုးဆော်လျက် ရှိသည်။
ထို့ပြင် Blood Money – သွေးစွန်းငွေကမ်ပိန်း လှုပ်ရှားမှုများဖြင့်လည်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ပါဝင်ပြီး အရပ် သား အစိုးရအား ဖြုတ်ချအာဏာသိမ်းကာ ပြည်သူလူထုအပေါ် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်နေသည့် စစ်ကောင်စီထံ သို့ ပေးသွင်းနေသည့် အခွန်ဝင်ငွေများ ဖြတ်တောက်ရေး တောင်းဆိုနေကြသည်။
“MOGE က ရတဲ့ ငွေတွေနဲ့ ရွာတွေ၊ မြို့တွေ မီးရှို့တယ်။ လေယာဉ်သုံးပြီး ဗုံးကြဲတယ်။ လူမျိုးတုန်းအောင် လိုက်သတ်တယ်” ဟု Blood Money – သွေးစွန်းငွေ လှုပ်ရှားမှုက ဆိုထားသည်။
Blood Money – သွေးစွန်းငွေကမ်ပိန်း လှုပ်ရှားမှု၏ ယမန်နေ့က သတင်းထုတ်ပြန်ချက်တွင် NUG လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုဝန်ကြီး လဖိုင်မော်ထွန်းအောင်ကလည်း “အခြေခံအားဖြင့် Chevron, Total Energiesနဲ့ Posco အပါအဝင် ဓာတ်ငွေ့ ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံပိုင် အမွေပစ္စည်းတွေကို အလွဲသုံးစားလုပ်ပြီး လူ့အခွင့်အရေး တာဝန်ရှိမှုတွေကို လျစ်လျူရှုနေကြပါတယ်။ သူတို့ အနေနဲ့ စစ်အစိုးရကို ဘဏ္ဍာငွေထောက်ပံ့မှုနဲ့ မြန်မာပြည်သူတွေအပေါ် ကြမ်းကြုတ် မှုတွေကို ချက်ချင်းရပ်ပစ်ရမယ်” ဟု ပြောဆိုထားသည်။
You may also like these stories:
ဓာတ်ငွေ့ပိုက်လိုင်း အကျိုးအမြတ် MOGE ကို ထုတ်မပေးရန် Total နှင့် Chevron သဘောတူ
MOGE ကို အရေးယူပိတ်ဆို့ရန် ဂျိုးဘိုင်ဒင်ကို အမေရိကန် အထက်လွှတ်တော်အမတ်များ တိုက်တွန်း
အမေရိကန် ထိန်းချုပ်ထားသည့် ဒေါ်လာ ၁ ဘီလီယံကို NUG ထံ လွှဲပေးရန် မြန်မာသံအမတ် တောင်းဆို
မြန်မာစစ်တပ်နှင့် အဆက်ဖြတ်ရန် တောင်ကိုးရီးယား POSCO ဖိအားပေးခံနေရ