ပြည်သူများကို ဖမ်းဆီးအရေးယူမှုနှင့် အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် မြန်မာစစ်ကောင်စီအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှု အပါအဝင် နည်းလမ်းမျိုးစုံကို အသုံးပြုသွားမည်ဟု အမေရိကန် အဆင့်မြင့် သံတမန် မစ္စတာ ဒင်နီယယ် ခရစ်တန်ဘရစ်ခ်က စင်ကာပူ အခြေစိုက် စထရိတ်တိုင်းမ် သတင်းစာသို့ ပြောထားသည်။
အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒင်နီယယ်က “စကားဝိုင်း ဆွေးနွေးပွဲမှာ နည်းလမ်းမျိုးစုံ သုံးလို့ရပါတယ်။ လက်ခံနိုင်ဖွယ်ရာ မရှိတဲ့ အာဏာသိမ်းမှု၊ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေအတွက် အမေရိကန် အဖို့သာ မဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ကျနော်တို့ရဲ့ တာဝန်ယူမှုလို့ ယူဆပါတယ်” ဟု ပြောသည်။
အရှေ့တောင်အာရှ လေးရက်ကြာ ခရီးစဉ်အတွင်း စင်ကာပူသို့ရောက်ရှိစဉ် လက်ထောက် ဝန်ကြီး မစ္စတာ ဒင်နီယယ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခြင်း ဖြစ်သည်။ လက်ထောက်ဝန်ကြီးသည် စင်ကာပူမရောက်မီ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူနှင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာသို့ ရောက်ရှိခဲ့ပြီး ဖြစ်ကာ ဘန်ကောက်သို့ ဆက်လက် သွားရောက်နေသည်။
သူ အလည်အပတ် လာရောက်သည့် နိုင်ငံများမှ မိတ်ဖက်များနှင့် အရှေ့တောင်အာရှအပေါ် အမေရိကန်၏ နှစ်မြှုပ်ရည်ရွယ်ထားချက်များကို အားကောင်းစေရန် ယုံကြည်မှုအတွက် လာရောက်ခြင်း ဖြစ်ကြောင်းလည်း မစ္စတာ ဒင်နီယယ်က ပြောသည်။ ထို့အပြင် အင်ဒို-ပစိဖိတ်အပေါ် အာဆီယံ မျှော်မှန်းချက်အတွက် အင်အားပြည့် ထောက်ခံမှုကို ရှင်းလင်းပြတ်သားစေရန် ဖြစ်ကြောင်းလည်း သူက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီအပေါ် အမေရိကန်က စီးပွားရေး ပိတ်ဆို့မှုများကို တဦးချင်းရော အဖွဲ့အစည်းအလိုက်ပါ လုပ်ခဲ့ပြီး ဖြစ်သည်။
စစ်အာဏာရှင်များကို ဖိအားပိုပေးရန် ထပ်မံလုပ်ဆောင်မည်ဖြစ်ပြီး ဖိနှိပ်မှုများကို သက်ဆိုးရှည်စေမည့် ဝင်ငွေလမ်းကြောင်းများကို ဖြတ်တောက်သွားမည် ဖြစ်ကြောင်းလည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောသည်။
အမေရိကန်-တရုတ် ဆက်ဆံရေးနှင့် ပတ်သက်၍ “တာဝန်ယူမှုရှိသော ပြိုင်ဆိုင်မှု” ဟုလည်း ဖွင့်ဆို ပြောကြားခဲ့သည်။
Ref: The Straits Times
You may also like these stories:
တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဖို့ များ
စစ်ကောင်စီခေါင်းဆောင် ပုံရိပ်မြှင့်တင်ရန် ရစ်ချတ်ဆန် ခရီးစဉ်ကို အသုံးချ
အမေရိကန် သံတမန်ဟောင်း ဘေလ်ရစ်ချတ်ဆန်နှင့် စစ်ကောင်စီ ဥက္ကဋ္ဌ တွေ့ဆုံ
စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့ဖို့ ထောက်ခံတင်ပြခြင်း