သတင်း

ဒေါ်အောင်ဆန်းစုကြည်အား အထူးသီးသန့်တရားရုံးတွင် အဂတိမှု ၁ မှုထပ်တိုးစစ်မည်

ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်ဖောင်ဒေရှင်းမြေနေရာ ငှားရမ်းမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှု နှင့် တရားစွဲဆိုထားမှုအား နေပြည်တော်အထူးသီးသန့်တရားရုံးတွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ တရားလိုအား စတင်စစ်ဆေး မည်ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

၎င်းအမှုသည် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် စတင်စွဲဆိုခဲ့သော်လည်း နေပြည်တော်ရှိ တရားလွှတ်တော်ချုပ် က အမှုတွဲလွှဲပြောင်းရယူကာ အထူးသီးသန့်တရားရုံးတွင်ပင် စစ်ဆေးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယနေ့အထူးသီးသန့်ရုံးချိန်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုနှင့်စွဲဆိုထားသည့်အမှုများထဲမှ ဦးဖြိုး မင်းသိန်းနှင့် ပတ်သက်သည့်အမှုအား ယနေ့စစ်ဆေးရာတွင် တရားလိုပြသက်သေ ၃ ဦးအား စစ်ဆေးခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ဦးဖြိုးမင်းသိန်း၏ အတွင်းရေးမှူးဟောင်း ဦးမောင်မောင်ကြည်၊ ယာဉ်မောင်း ဦးဖြိုးကိုကိုဝင်းနှင့် ဒေါ်အောင် ဆန်းစုကြည်၏ အိမ်အကူ ဒေါ်ဝေဝေသန်းတို့ဖြစ်ကြသည်။

“သူတို့ သုံးယောက်ရဲ့ ထွက်ဆိုချက်တွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘာမှငြိစွန်းစေမှုတော့ မရှိဘူးလိုပဲ ပြောရမှာပေါ့” ဟု တရားရုံးနှင့် နီးစပ်သူတဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းထံမှ ရွှေ ၇ ပိဿာနှင့် အမေရိကန် ဒေါ်လာ ၆ သိန်း ရယူခဲ့သည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ဦးဖြိုးမင်း သိန်းနှင့် ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်တို့ကိုယ်တိုင်လည်း တရားလိုပြသက်သေအဖြစ် ထွက်ဆိုပေးခဲ့ပြီးဖြစ်သည်။

ဦးဖြိုးမင်းသိန်း၏ ထွက်ဆိုချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား ရွှေဆင်းတုတော်တဆူလည်း ပေးခဲ့ကြောင်း ပါဝင်ခဲ့ပြီး ယနေ့သက်သေစစ်ဆေးမှုတွင် အိမ်အကူ ဒေါ်ဝေဝေသန်းကတော့ ၎င်းဆင်းတုတော်နှင့်ပတ်သက်၍ မည်သည့် အချက်မှ ပြောဆိုခဲ့ခြင်းမရှိ ကြောင်းလည်း သိရသည်။

ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိမှုစွဲဆိုထားမှုများထဲက ဦးဖြိုးမင်းသိန်းနှင့် ပတ်သက်သည့် အမှုတမှု တည်းသာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး နောက်ရုံးချိန်းအား ဒီဇင်ဘာ ၁၀ ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်သည်။

ယင်းအတွက် အပတ်စဉ် သောကြာနေတိုင်း အထူးသီးသန့်တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှုဖြင့် စွပ်စွဲကာ တရားစွဲဆိုထားမှုအား ပုံမှန်စစ်ဆေးသွားမည့် အမှုမှာ စုစုပေါင်း ၅ မှုရှိလာပြီဖြစ်သည်။

You may also like these stories:

အာဏာလွှဲပြောင်းရေး ပထမဆုံး ငြိမ်းချမ်းစွာ ဆွေးနွေးခဲ့သောနေ့

Loading