ပြည်သူများ လိုအပ်နေသည့် အရင်းအနှီးများ ထုတ်ချေးပေးရန်အတွက် အသေးစား ငွေရေးကြေးရေး ချေးငွေလုပ်ငန်းများ (Microfinance) သည် ပြီးခဲ့သည့် နှစ်များက ရပ်ကွက်၊ ကျေးရွာများအထိ ခြေချင်း လိမ်နေခဲ့သည်။
အဆိုပါ အသေးစား ငွေချေး လုပ်ငန်းများက ရပ်ကွက်၊ ကျေးရွာများအတွင်း အလုပ်အကိုင် ကောင်းလှသည့် ဈေးသည်များ၊ ဆိုင်ကယ်သမားများ၊ ဆောက်လုပ်ရေး လုပ်သား အစရှိသည့် သူများထံသို့ ချဉ်းကပ်ကာ ငွေကြေး ချေးယူနိုင်ခြင်း တို့ အတွက် ဘဏ်တွင် ချေးငွေတင်ရသလို ရှုပ်ထွေး ခက်ခဲမှု မရှိဘဲ လွယ်လင့်တကူ ရယူနိုင်ရန် မိတ်ဆက်ခဲ့သလို ချေးငွေ များကိုလည်း ချထားပေးခဲ့သည်။
ထိုချေးငွေကို ဈေးအရင်း၊ အလုပ်အတွက် လိုအပ်မည့် ဆိုင်ကယ်၊ သုံးဘီး၊ တွန်းလှည်းများ ဝယ်ယူရန် ထုတ်ချေးခဲ့သလို တချို့က လိုအပ်သည့် အိမ်အသုံးစရိတ်နှင့် လုပ်ငန်း တိုးချဲ့ရန်တို့အတွက် ချေးယူခဲ့ကြသည်။
Microfinance ချေးငွေအနေဖြင့် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် စုကြေးငွေ (ချေးငွေ) ချေးသည့် ပုံစံမှာ ဝိုင်းကြီးချုပ် ပုံစံနှင့် တဖွဲ့လျှင် ၁၀ ယောက်၊ ၁၅ ယောက် အစရှိသဖြင့် တဖွဲ့ တဦး ခေါင်းဆောင် တာဝန်ခံကာ တောင်းပေးရ၍ ထုတ် ချေးပေးသည့် ပုံစံ ဖြစ်သည်။ ချေးငွေကို ကျပ် ၁ သိန်းမှ စတင်၍ လုပ်ငန်းအလိုက် သိန်းနှင့်ချီကာ ချေးယူနိုင်ကြောင်း သိရ သည်။
ထိုစဉ်က အလုပ်အကိုင် အဆင်ပြေနေသည့် ကာလဖြစ်၍ ချေးငွေအတွက် ပြန်ဆပ်ရမည့် ငွေကို ပူပန်စရာ မလိုခဲ့သလို ပုံမှန်လည်း ပြန်ဆပ်နိုင်ခဲ့ကြရာမှ၊ ကိုဗစ်နှင့် စစ်အာဏာသိမ်းခြင်း နောက်ဆက်တွဲ ရိုက်ခတ်မှု အကျိုးဆက်အနေဖြင့် ချေးငွေ ရယူထားသူများအပေါ် ဖိစီးမှု ကြီးမားလာခဲ့သည်။
လက်ရှိအခြေအနေတွင်မူ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ ကျပ်တည်းခြင်း၊ လုပ်ငန်းများ ရပ်ဆိုင်း၊ ပိတ်သိမ်းခြင်း အစ ရှိသည်တို့ကြောင့် အလုပ်လက်မဲ့ဖြစ်ကြကာ စားရေးသောက်ရေးအတွက်ပင် ရုန်းကန်နေရသည့် အခြေအနေ ဖြစ်နေ၍ ချေးငွေမှာ ဝန်ထုပ်ဝန်ပိုးတခု ဖြစ်နေသည်။
ချေးငွေတွေက ပေးတဲ့သူကလည်း ပေးတယ်။ မပေးတဲ့သူကလည်း မပေးဘူး။ အခု အတင်း တောင်းနေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ အခု မသွင်းနိုင်ရင် ရှာဆပ် ဆိုပြီးတောင် ပြောတယ်။ အဲဒီ တော့ ရပ်ကွက်ထဲမှာ စကားတွေ များ ကြ၊ ရန်ဖြစ်ကြတယ်။ သူတို့ တောင်းနေတာတော့ ကြာပြီ။ ဒါနဲ့ဆိုရင် ကျမတို့ လေး ပတ်ရှိပြီ သွင်းနေရတာ။ နေပါဦး ကျမ တို့ ပေးပါ့မယ် ဆိုတာ မရဘူး။ အတင်း အဓမ္မတွေ ပြောတောင်းတာတွေ ရှိတယ်
ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရှိ မမြင့်မြင့် (အမည်လွဲှ) က “ချေးငွေတွေက ပေးတဲ့သူကလည်း ပေးတယ်။ မပေးတဲ့သူကလည်း မပေးဘူး။ အခု အတင်း တောင်းနေတဲ့ အဖွဲ့တွေလည်း ရှိတယ်။ အခု မသွင်းနိုင်ရင် ရှာဆပ် ဆိုပြီးတောင် ပြောတယ်။ အဲဒီတော့ ရပ်ကွက်ထဲမှာ စကားတွေ များကြ၊ ရန်ဖြစ်ကြတယ်။ သူတို့ တောင်းနေတာတော့ ကြာပြီ။ ဒါနဲ့ဆိုရင် ကျမတို့ လေးပတ်ရှိပြီ သွင်းနေရတာ။ နေပါဦး ကျမတို့ ပေးပါ့မယ် ဆိုတာ မရဘူး။ အတင်း အဓမ္မတွေ ပြောတောင်းတာတွေ ရှိတယ်” ဟု ပြောပြသည်။

ယခုအချိန်တွင် အကြွေးဆပ်ရန်အတွက် တချို့သူများမှာ အိမ်ရှိ ပစ္စည်းများကို ပေါင်နှံခြင်း၊ ချေးငွေနှင့် ဝယ်ယူထားသည့် မြင်းလှည်း၊ ဆိုင်ကယ်၊ သုံးဘီးများကို ရောင်းချ ဆပ်ရခြင်းများပင် ရှိနေသည်။
အကယ်၍ မပေးနိုင်လျှင် ယူထားသည့် အရင်းအတွက် ကျသင့်သည့် အတိုးကို ပေးရကြောင်း လတ်တလောတွင် အရောင်းအဝယ်လည်း မကောင်းသလို တနေရာနှင့် တနေရာ သွားလာရာတွင်လည်း လမ်းများပိတ်ခြင်းနှင့် ကိုဗစ်ကပ် ရောဂါ တကျော့ပြန် ဖြစ်နေသောကြောင့်လည်း အကြွေးမဆပ်နိုင်သေးကြောင်း ၎င်းက ပြောပြသည်။
မမြင့်မြင့် အပြင် ခရမ်းမြို့နယ် အတွင်းရှိ တခြားသူများကလည်း အသေးစား ငွေကြေးလုပ်ငန်းများထံက ချေးငွေများ ရယူထားသဖြင့် လက်ရှိအချိန်တွင် အကြွေးဆပ်ရန် အခက် တွေ့နေရသည်။
မြန်မာနိုင်ငံတွင် အသေးစား ငွေကြေးလုပ်ငန်း လုပ်ကိုင်၍ ငွေချေးပေးသည့် လုပ်ငန်းမှာ ၁၇၀ ခုခန့်အထိ ရှိပြီး ငွေချေး သူပေါင်း ၂ သန်းခန့်ကို ချေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၅၀ သန်းခန့်ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံ အသေးစား ငွေရေး ကြေးရေး ကူညီမှု အသင်း (MMFA) ၏ ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ထားသည့် စာရင်း ဇယားများအရ သိရသည်။
ရန်ကုန်တမြို့လုံးတွင် အသေးစားနှင့် အလတ်စားငွေရေး၊ ကြေးရေးလုပ်ငန်း ကုမ္ပဏီ၊ အစုအဖွဲ့များ (Microfinance) လုပ် ငန်းပေါင်း ၉၀ နီးပါး ရှိပြီး ယခုအချိန်တွင် Microfinance လုပ်ငန်းများအနေဖြင့် ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏ အခြေ အနေအရ စုကြေးငွေ (ချေးငွေ) များကို ကောက်ခံနေသော်လည်း ပြန်ထုတ်ပေးခြင်းကို လုပ်ငန်းအများစုက ရပ်နားထား ကြောင်း သိရသည်။
ချေးငွေ ပြန်ဆပ်ရန် အခက်ကြုံနေကြရသည်မှာ ရန်ကုန်တိုင်းကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးသည့်နေရာများတင် မကဘဲ Microfinance လုပ်ငန်းများ ဝင်ရောက်ထားသည့် တိုင်းနှင့်ပြည်နယ်အသီးသီး၌လည်း ယခုလို ကာလမျိုးတွင် ချေးငွေ ပြန် ဆပ်ရန်အတွက် ပြည်သူများ ရတက်ပွေလျက် ရှိသည်။
ကိုဗစ် ကူးစက်မှုများကြောင့် အလုပ်အကိုင် အခက်အခဲဖြစ်နေချိန် တနှစ်နီးပါးအကြာတွင် အာဏာသိမ်းလိုက်သည့် နောက်ပိုင်း ချေးငွေနှင့် ဝယ်ယူထားသည့် မြင်းလှည်းကိုပါ ရောင်းချလိုက်သည်အထိ စီးပွားရေး အခြေအနေ ဆိုး ရွားခဲ့ကြောင်း မန္တလေးတိုင်း အင်းဝ ရှေးဟောင်း အမွေအနှစ်ဒေသက မြင်းလှည်းမောင်းသူ မအေမီက ပြောပြသည်။
ကိုဗစ်လှိုင်းတွေ ဖြစ်နေတဲ့အချိန်တုန်းကတောင် အကန့်အသတ်တွေ လုပ်ထားပေမယ့် ပြည်တွင်း ခရီးသွား ဧည့်သည်တွေ လာသေးတော့ နှစ်ခေါက်သုံးခေါက် ထွက်ရုံနဲ့ စားဝတ်နေရေးက အဆင်ပြေသေးတယ်။ အခု အာဏာသိမ်းပြီးတဲ့ နောက် မှာတော့ ပိုဆိုးသွားတယ်။ အာဏာသိမ်းတာရဲ့ အကျိုးဆက်က ကျမတို့လို အောက်ခြေလူတန်းစားတွေကို တော်တော်ကြီးကြီးကို ထိတယ်။ မြင်းလှည်းတောင် ရောင်းပြီး အကြွေးဆပ်လိုက်ရတယ်
၎င်းက “ကိုဗစ်လှိုင်းတွေ ဖြစ်နေတဲ့အချိန်တုန်းကတောင် အကန့်အသတ်တွေ လုပ်ထားပေမယ့် ပြည်တွင်း ခရီးသွား ဧည့်သည်တွေ လာသေးတော့ နှစ်ခေါက်သုံးခေါက် ထွက်ရုံနဲ့ စားဝတ်နေရေးက အဆင်ပြေသေးတယ်။ အခု အာဏာသိမ်းပြီးတဲ့ နောက် မှာတော့ ပိုဆိုးသွားတယ်။ အာဏာသိမ်းတာရဲ့ အကျိုးဆက်က ကျမတို့လို အောက်ခြေလူတန်းစားတွေကို တော်တော်ကြီးကြီးကို ထိတယ်။ မြင်းလှည်းတောင် ရောင်းပြီး အကြွေးဆပ်လိုက်ရတယ်” ဟု ကြုံတွေ့နေရသည့် အခက်အခဲကို ရှင်းပြသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရ လက်ထက်က ပြည်တွင်း၌ ဆောင်ရွက်နေသော Microfinance များ ကို ကပ်ရောဂါကြောင့် ငွေချေးသူများ၏ စီးပွားရေး အခက်အခဲကို ထောက်ထား၍ ပြန်ဆပ်ရသည့် ချေးငွေများ ဆိုင်းငံ့ ပေး ရန် အစိုးရက ညွှန်ကြားခြင်း၊ အတင်းအကျပ် ကောက်ခံခြင်း မပြုလုပ်ရန် သက်ဆိုင်ရာ နယ်မြေအလိုက် အသင်းရုံးများတွင် တိုင်ကြားပါက တရားဝင် နှစ်ဖက် ညှိနှိုင်းပေးခြင်းများကို ပြုလုပ်ပေးမှုများ ရှိခဲ့သည်။

ယခု အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ စစ်ကောင်စီအနေဖြင့် အသေးစား ငွေကြေးလုပ်ငန်းများနှင့် ပတ်သက်ပြီး တစုံ တရာ လုပ်ဆောင်ပေးခြင်းမျိုးကို မတွေ့ရသလို တိုင်ကြားရမည့်နေရာ၊ ဖြေရှင်းပေးမည့်သူ မရှိသဖြင့် အခြေခံ လူတန်းစား များမှာ ခိုကိုးရာမဲ့နေသည့် အခြေအနေ ဖြစ်သည်။
နိုင်ငံတကာတွင်လည်း အစိုးရက ကြားဝင်၍ အသေးစား ငွေကြေး လုပ်ငန်းများတွင် ပြန်မဆပ်ရန်နှင့် ရပ်တန့်ပေးရန်ကို ဝင်ရောက် စွက်ဖက်ခွင့် မရှိသော်လည်း ပြည်သူများ သက်သာစေရန်အတွက် ချေးငွေပေးရမည့် ကာလနှင့် အတိုး ပေးရ မည့် ကာလတို့ကို ရွှေ့ဆိုင်းပေးခြင်းနှင့် ညှိနှိုင်းပေးခြင်း တို့ကို ပြုလုပ်ပေးခြင်းများ ရှိသည်။
သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေသည် အာဏာသိမ်းပြီးနောက်ပိုင်း ဆိုးရွားလာသောကြောင့် အခြေခံ ပြည်သူများအတွက် ကူကယ်ရာ မဲ့နေသည်ဟု မမြင့်မြင့်က ပြောပြသည်။
အခုက ကျမတို့က ဟိုလမ်း သွားလည်းဖမ်း ဒီသွားလည်း ဖမ်းနဲ့ ဈေးလည်း ရောင်းမရနဲ့ ဆိုတော့ ဘာအလုပ်မှ လုပ်မရ တာ။ ကယ်ရီဆွဲတဲ့သူတွေရော ဈေးရောင်းတဲ့သူတွေရော အဲဒီတော့ ရှိတာနဲ့ ရောင်းချ ပေါင်နှံပြီး စားနေတာ။ ကွမ်းယာ ထွက် ရောင်းတော့လည်း ဆိုင်တွေ ဖျက်ခိုင်းတယ်။ ဈေးထဲမှာ ကျတော့လည်း ရောင်းမကောင်းတော့ ငုတ်တုတ်တွေ မေ့ကြရော။ အလုပ် မရှိတော့ ရှိတာလေး ပေါင်နှံပြီး ပေးနေရတယ်။ နိုင်ငံရေးက ဘယ်တော့ပြီးမယ် မသိဘူး ပေးစရာရှိတာ ပေးရမယ် ဆိုပြီး တောင်းတာ
“အခုက ကျမတို့က ဟိုလမ်း သွားလည်းဖမ်း ဒီသွားလည်း ဖမ်းနဲ့ ဈေးလည်း ရောင်းမရနဲ့ ဆိုတော့ ဘာအလုပ်မှ လုပ်မရ တာ။ ကယ်ရီဆွဲတဲ့သူတွေရော ဈေးရောင်းတဲ့သူတွေရော အဲဒီတော့ ရှိတာနဲ့ ရောင်းချ ပေါင်နှံပြီး စားနေတာ။ ကွမ်းယာ ထွက် ရောင်းတော့လည်း ဆိုင်တွေ ဖျက်ခိုင်းတယ်။ ဈေးထဲမှာ ကျတော့လည်း ရောင်းမကောင်းတော့ ငုတ်တုတ်တွေ မေ့ကြရော။ အလုပ် မရှိတော့ ရှိတာလေး ပေါင်နှံပြီး ပေးနေရတယ်။ နိုင်ငံရေးက ဘယ်တော့ပြီးမယ် မသိဘူး ပေးစရာရှိတာ ပေးရမယ် ဆိုပြီး တောင်းတာ” ဟု ပြောပြသည်။
ခရမ်းမြို့နယ်ရှိ ဒေသခံအများစုမှာ လယ်ယာလုပ်ငန်း၊ ဈေးရောင်း၊ ဈေးဝယ်လုပ်ငန်း၊ ဆိုင်ကယ်ကယ်ရီဆွဲခြင်း၊ အငှားယာဉ် မောင်းခြင်း အစရှိသည့် လုပ်ငန်းများကို လုပ်ကိုင်ကြပြီး လက်ရှိတွင် စစ်ကောင်စီ တပ်သားများက တချို့လမ်းနေရာများတွင် လုံခြုံရေး အကြောင်းပြကာ ပိတ်ဆို့စစ်ဆေးခြင်း၊ ဖြတ်သန်းသွားလာခွင့် မပေးတို့ကြောင့်လည်း အခြေခံလူတန်းစားများ အလုပ်အကိုင် ကျပ်တည်းလာခြင်း ဖြစ်သည်။
မမြင့်မြင့်သည် ချေးငွေ ချေးယူများထဲတွင် အဖွဲ့ ခေါင်းဆောင်တယောက် ဖြစ်သောကြောင့် ၎င်း၏ အဖွဲ့တွင် ပါဝင်သော လူ ၃၅ ယောက်စာအတွက် တာဝန်ယူပြီး ချေးငွေများ ပြန်လည် ကောက်ခံပေးရသူ ဖြစ်သည်။
ဆက်လက်၍ ၎င်းက “အရင်ကတော့ ခေါင်းဆောင်ဖြစ်တဲ့အတွက် ကျမ တောင်းပေးတယ်။ အခုကတော့ ကိုယ့်အဖွဲ့သား တွေ မရှိတာလည်း သိနေတယ်။ လူတိုင်း ဒုက္ခတွေ ရောက်နေတာ သိနေတော့ တောင်းမပေးနိုင်ဘူး။ သူတို့လာရင် အပြင် ထွက် နေတယ်။ ကျမတို့ ခရမ်းဘက်မှာက ချေးငွေကောက်တဲ့အဖွဲ့တွေ ၁၀ ခုလောက် ရှိတယ်။ ကုမ္ပဏီ ၄ ခုလောက်က အသဲအသန် ကောက်နေတယ်။ အဆိုးဆုံးကတော့ ကိုရီးယား ကုမ္ပဏီတခုပဲ။ ဂျပန်ကုမ္ပဏီ တခုကတော့ လုံးဝ မကောက် ဘူး” ဟု ပြောသည်။
ထိုသို့ အခြေခံ လူတန်းစားများ၏ အကျပ်အတည်း အခက်အခဲများကို လက်ရှိအခြေအနေအရ အကူအညီတောင်း တိုင်ကြားစရာ မရှိသဖြင့် အိမ်တွင်ရှိသည့် ပစ္စည်းများ ပေါင်နှံ၍ ဖြေရှင်းပေးနေရကြောင်း သိရသည်။
မမြင့်မြင့်လို ချေးငွေယူထားသည့် မဌေးက “အခု ကျမတို့က ချေးငွေ မဆပ်နိုင်တော့ အတိုးပဲ ဆပ်နေရတော့ အရင်းက မကျေနိုင်ဘူး။ အတိုးပေါ် အတိုးဆင့် ဖြစ်ပြီး အတိုးပဲ ပေးနေရတော့တာ။ ဈေးကလည်း ရောင်းလို့ အဆင်မပြေတော့ ရှေ့ဆက် ဘာလုပ်စား ရမလဲတောင် မသိတော့ဘူး” ဟု ပြောပြသည်။
မဌေးသည် ဈေးထဲတွင် ဟင်းသီး၊ ဟင်းရွက် ရောင်းချသူတဦး ဖြစ်ပြီး ဈေးအရင်းနှင့် မိသားစု အသုံးစရိတ်အတွက် စုကြေးငွေ ထုတ်ချေးခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် အလုပ်မကောင်းသဖြင့် ပြန်ဆပ်ရန် အခက်ကြုံနေရသူ ဖြစ်သည်။
Microfinance လုပ်ငန်းများ အနေဖြင့် ပြည်သူများသို့ ချေးငွေများ ထုတ်ချေးရာတွင် အမြင့်ဆုံး အတိုးနှုန်းမှာ ၂၈ ရာခိုင်နှုန်း အထိ သတ်မှတ်ထားကြောင်း ငွေရေးကြေးရေး ကြီးကြပ်ရေး ဦးစီးဌာနက သိရသည်။
အသေးစား ငွေကြေးလုပ်ငန်း ကဏ္ဍဆိုသည်မှာ နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အကျိုးအမြတ် ယူသော အဖွဲ့များ၊ အသေးစား ငွေကြေးလုပ်ငန်း လိုင်စင်ယူထားသော သမဝါယမ ငွေကြေးအဖွဲ့များ၊ အစိုးရ မဟုတ်သော အသေးစား ငွေကြေးလုပ်ငန်းပြုလုပ်သည့် ပြည်တွင်းအဖွဲ့များနှင့် စီးပွားဖြစ် အသေးစားငွေကြေးအဖွဲ့များက မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း အစုအဖွဲ့နှင့် စုကြေး (ချေးငွေ) များ ထုတ်ချေးပေးကြခြင်း ဖြစ်သည်။

အဆိုပါ အသေးစား ငွေကြေးလုပ်ငန်းတွင် အကြီးဆုံး အဖွဲ့အစည်း ၄ ခုမှာ နိုင်ငံတကာ အသေးစား ငွေကြေး လုပ်ငန်းများ ဖြစ်သော ပီဂျီ အမ်အက်ဖ်၊ ဗွီးရှင်းဖန်း၊ စသာပန၊ ဒေါင်း အသေးစား ငွေကြေးလုပ်ငန်း စသည်တို့ ဖြစ်သည်။
အသေးစား ငွေကြေးလုပ်ငန်းရှင် တဦးက “ပြန်စနေပြီလားဆိုရင်တော့ ဒီလိုပဲ သွားနေကြတယ်။ အရင်လို ငွေပြန်ကောက် ရတာ လွယ်လားဆိုရင် ပုံမှန်လည်ပတ်နေတာ မဟုတ်ဘူး။ တချို့နေရာတွေကတော့ ဒီလိုပဲ ရပ်ထားရတယ်။ ဒီအချိန်က တော့ ကိုယ့်ရဲ့ ဖောက်သည်က အရေးကြီးတော့ သူတို့ ငွေရှာနိုင်လား ဒါတွေကို ကြည့်ရတယ်။ တချို့နေရာတွေက လုံးဝ ရပ်ထား ရတယ်။ ပြဿနာတွေတော့ ရှိတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “လုပ်ငန်းတွေ အကုန်လုံးက ဘယ်အကြွေးက ဘယ်လိုဆိုတာ စက်ထဲ စထည့်လိုက်ထဲကိုက အချိန် တန်ရင် အတိုးက တက်နေတာပေါ့။ ဒီနေ့ ဒီဖောက်သည်ဆီကနေ ဘယ်လောက် ကောက်ရမယ်ဆိုတာ ပေါ်နေပေမယ့် ငွေ မကောက်ရင် စက်က သူ့ဘာသာ အတိုးတွေ တွက်နေတာပေါ့။ ဒါကတော့ ပုံမှန်လုပ်ငန်း အနေအထားပေါ့” ဟု လုပ်ငန်း ၏ သဘောသဘာဝကို ရှင်းပြသည်။
တဖက် လုပ်ငန်းရှင်များဘက်တွင်လည်း အချိန် ကြာလာသည်နှင့်အမျှ အတိုး တက်နေသည့် သဘောရှိသောကြောင့် လက်ရှိအချိန်တွင် မိမိတို့ ဖောက်သည် (ငွေချေးသူ)များကို ယနေ့တွင် အတိုးမည်မျှ တက်သွားသည် ဆိုသည့် သဘော မျိုးနှင့် အသိပေးနေခြင်းများသာ ရှိကြောင်း အတင်းအကျပ် ကောက်ခံခြင်းမျိုး ရှိမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
အသေးစား ငွေကြေးလုပ်ငန်း သဘောအရ လုပ်ငန်းရှင်နှင့် ငွေချေးယူများကြား အချင်းချင်း အမြဲတမ်း ထိတွေ့ဆက်ဆံရ သဖြင့် အတိုးနှုန်းနှင့် ပတ်သက်ပြီး အသိပေးပြောကြားခြင်း သော်လည်းကောင်း၊ ငွေပြန်လည်ကောက်ခံလို၍သော်လည်း အစရှိသဖြင့် ပြောဆိုမှုများက ယခု ကာလတွင် ရှိလာနေပြီဖြစ်ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
သို့သော် လတ်တလောတွင် အသေးစား ငွေကြေးလုပ်ငန်းများ အနေနှင့် ပြည်နယ်နှင့် တိုင်းအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအတွင်း ချေးငွေ ကောက်ခံမှုများကို ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြီး ကောက်ခံနေပြီး ပြန်ဆပ်ငွေ မပေးနိုင်လျှင် အတိုး ထပ်တက်သည့် ပုံစံမျိုးနှင့် ဆက်သွားနေကြောင်း သိရသည်။
သူတို့က ရပ်ကွက်ထဲမှာတော့ စုကြေးငွေတွေသာ လိုက်သိမ်းနေတာ တချို့ အရင်း ကျေတဲ့သူတွေ ငွေလိုလို့ ပြန်ထုတ်ချင်ရင် ထပ်ထုတ်မပေးဘူး။ ကောက်တာပဲ ရှိတယ်။ မပေးနိုင်လို့ တချို့ အော်ကြီးဟစ် ကျယ်နဲ့ ရန်ဖြစ်တာတွေတောင် ရှိတယ်
ရွှေပြည်သာမြို့နယ်ရှိ အိမ်ရှင်မ တဦးက “သူတို့က ရပ်ကွက်ထဲမှာတော့ စုကြေးငွေတွေသာ လိုက်သိမ်းနေတာ တချို့ အရင်း ကျေတဲ့သူတွေ ငွေလိုလို့ ပြန်ထုတ်ချင်ရင် ထပ်ထုတ်မပေးဘူး။ ကောက်တာပဲ ရှိတယ်။ မပေးနိုင်လို့ တချို့ အော်ကြီးဟစ် ကျယ်နဲ့ ရန်ဖြစ်တာတွေတောင် ရှိတယ်” ဟု ပြောသည်။
ခရမ်းမြို့နယ်ရှိ အိမ်ရှင်မ တဦးက “အခုရက်ပိုင်းမှာပဲ ကျမတို့ မြို့နယ်ထဲက ညောင်ပင်သာ ရွာမှာ ကိုဗစ်ရောဂါပိုးတွေ့လို့ လူတွေ က အပြင်မထွက်ရဲကြပြန်ဘူး။ တနေ့ကို ၁၀ ယောက်လောက် တွေ့နေတာ။ နိုဝင်ဘာလ၂၉ ရက်ကဆိုရင် ၁၄ ယောက်တောင် တွေ့တယ်။ အဲဒီတော့ စီးပွားရေးက ဘယ်လိုမှ လုပ်ကိုင်လို့ အဆင်မပြေဘူး” ဟု ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသော ရောဂါ ဘေးကပ်၊ နိုင်ငံရေး ကပ်ကြောင့် နောက်ဆက်တွဲ ဆိုးလာသည့် စီးပွား ပျက်ကပ်နှင့် အငတ်ဘေးကပ်တို့ကို အမြန်ဆုံး ကျော်ဖြတ်ချင်ပါဘီဟု ၎င်းက မှတ်ချက်ပြုသည်။
You may also like these stories:
မြန်မာ့လူဦးရေထက်ဝက် တနေ့လျှင် တဒေါ်လာအောက်သာ ဝင်ငွေရှိတော့မည်
အာဏာသိမ်းစစ်ကောင်စီအောက်က လယ်သမားများ ဘဝပျက်လာ
စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ရေစုန်မြောနေပြီ