စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ဒီကနေ့ နံနက်ပိုင်းတွင် သွားရောက် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အာဏာသိမ်း ခေါင်းဆောင်သည် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်ရှိ ဦးခင်ညွန့်၏ နေအိမ်သို့သွားရောက်ပြီး ကျန်းမာရေး အခြေ အနေများ ရင်းရင်းနှီးနှီး မေးမြန်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
အာဏာသိမ်း ခေါင်းဆောင်သည် ဦးခင်ညွန့်၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ လိုအပ်ချက်များအား အချိန်နှင့် တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ တပ်မတော် ဆေးရုံများတွင် ဆေးကုသမှု ခံယူနိုင်ရေးတို့အတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အာဏာသိမ်း ခေါင်းဆောင်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ နာယက သူရ ဦးတင်ဦးအား သွားရောက် တွေ့ဆုံခဲ့ပြီးနောက်တွင် ဦးခင်ညွန့်အား သွားတွေ့ခြင်း ဖြစ်သည်။
ဦးခင်ညွန့်၏ မိသားစုနှင့် နီးစပ်သူများကမူ ဦးခင်ညွန့်သည် လွန်ခဲ့သည့် ၁ နှစ် ကျော်ကာလမှ စတင်ကာ အယ်လ်ဇိုင်းမား (အတိတ်မေ့) ရောဂါခံစားနေရကြောင်း၊ အတိတ်ဖြစ်ရပ်များကိုလည်း မမှတ်မိတော့ကြောင်း ပြောသည်။
ထို့ကြောင့် ဦးခင်ညွန့်သည် ပြည်တွင်းမှ ဆရာဝန်များနှင့် ဆေးကုသနေရကာ ကျန်းမာရေး မကောင်းသည့် ဦးခင်ညွန့်ကို စစ်ကောင်စီ ဥက္ကဋ္ဌက လာတွေ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
ထို့ပြင် ဦးခင်ညွန့်အား စစ်ကောင်စီဥက္ကဋ္ဌ၏ အမိန့်ဖြင့် ပင်စင်လစာ ပြန်ပေးသည်မှာလည်း သိပ်မကြာသေးဘဲ ၂ လခန့်သာ ရှိသေးကြောင်း ဦးခင်ညွန့်၏ မိသားစုနှင့်နီးစပ်သူ တဦးက ပြောသည်။
ဆက်လက်၍ ၎င်းက စစ်ကောင်စီ ဥက္ကဋ္ဌအနေဖြင့် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းသည် ပြီးခဲ့သည့်နှစ်က နေပြည်တော် တွင် ကျင်းပခဲ့သည့် ၇၅ နှစ်မြောက် တပ်မတော် စိန်ရတုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် တပ်မတော် ခေါင်းဆောင် ဟောင်းများဖြစ်သည့် ဦးခင်ညွန့်နှင့် သူရ ဦးတင်ဦးတို့အား မဖိတ်ခဲ့မိသည့်အတွက် လာတွေ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုကြ သည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနှင့် နောင်တွင် ၎င်း၏ အထ္တုပ္ပတ္တိ စာအုပ်ရေးဖြစ်ပါက တပ်မတော် ခေါင်း ဆောင်ဟောင်းများနှင့် တွေ့ဆုံခဲ့သည်ဆိုသည့် ဓာတ်ပုံများ ပြန်ထည့် သုံးနိုင်ရန် လိုက်လံတွေ့ဆုံခြင်းလည်း ဖြစ်နိုင်ကြောင်း ဦးခင်ညွန့်၏ မိသားစုနှင့် နီးစပ်သူ တဦးက သုံးသပ်သည်။
အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌက ထိုကဲ့သို့ တပ်မတော် ခေါင်းဆောင်ဟောင်းတချို့နှင့် လာရောက် တွေ့ဆုံခဲ့သည့်နေ့ မှာပင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၌ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို စစ်ကောင်စီ တပ်ဖွဲ့က ကားဖြင့် တိုက်ကာ၊ သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦးသေဆုံးနိုင်ပြီး သပိတ်တွင် ပါဝင်သူ အများစု ဒဏ်ရာရကာ လူ ၅ ထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါ သတင်းသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးခင်ညွန့်နှင့် သူရဦးတင်ဦးအား လာတွေ့သည့် သတင်းထက် အထူး စိတ်ဝင်စားဖွယ်ရာ သတင်းဖြစ်သွားပြီး ကမ္ဘာ့သတင်း မီဒီယာများက အလေးပေး ရေးသား ဖော်ပြကြသည်။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ တောင်းဆိုမှု လူထု ဆန္ဒပြမှုကို စစ်တပ်က အကြမ်းဖက်နှိမ်နင်း ခဲ့၍ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရခြင်းမှစခဲ့သော စစ်အုပ်ချုပ်ရေး စနစ်အတွင်း နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော စစ်ထောက်လှမ်းရေးဌာန၏ ခေါင်းဆောင် တဦးလည်း ဖြစ်ခဲ့သည်။
၎င်း၏ စစ်ထောက်လှမ်းရေး တပ်ဖွဲ့များသည် မြန်မာနိုင်ငံ တလွှားမှ ဒီမိုကရေစီ အရေးလှုပ်ရှားသူများကို ဖမ်းဆီးနှိပ် စက်ခြင်းနှင့် ထောင်ချခြင်းတို့အတွက် အဓိက တာဝန်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့ကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်ကြီး ခင်ညွှန့်အား ၂၀၀၃ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။
ထို့နောက် နောက်တနှစ်ကြာသောအခါ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်အား စစ်အစိုးရအဖွဲ့အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ရာထူးမှ ဖယ်ရှားခဲ့ကာ၊ အကျင့်ပျက် ခြစားမှု၊ အမိန့် မနာခံမှု တို့အတွက် ထောင်ဒဏ် ၄၄ နှစ်ချ မှတ်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်တွင်မူ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဦးခင်ညွန့် ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
နိုင်ငံရေး အကျဉ်းသားများ “အပြစ်ရှိတယ်” ဟု ဦးခင်ညွန့် ပြော
စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် တိုက်ခိုက်ခံရ
လက်နက်ကိုင်ခုခံမှုများကို သုံးလအတွင်း ရှင်းလင်းပစ်ရန် စစ်ကောင်စီ ရည်မှန်း