စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးထားသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပထမဆုံး ပြစ်ဒဏ်ချမှတ်မှုအနေဖြင့် ထောင်ဒဏ် ၄ နှစ်ကျခံစေရန် စစ်ကောင်စီ၏ စီမံမှုအောက်ရှိ အထူးသီးသန့်တရားရုံးက ယနေ့အ မိန့်ချမှတ်လိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်ကောင်စီက စွဲဆိုသည့်အမှုများစွာအနက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရခြင်းလည်း ဖြစ် သည်။
၎င်းနှင့်အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရပြီး နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုး အောင်အနေဖြင့်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသည်။
စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံရကာ ပြင်ပနှင့်အဆက်အသွယ်ဖြတ်ပြီး ချုပ်နှောင်ခံ နေရစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့နာမည်ဖြင့် ဖေဖော်ဝါရီ ၇ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင် ထုတ်ပြန်သည့် ကြေညာချက်နှစ်စောင်နှင့် ပတ်သက်ပြီး တာဝန်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်း မြင့်နှင့် ဒေါက်တာမျိုးအောင်တို့အပေါ် စစ်ကောင်စီက စွပ်စွဲကာ ပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ခြင်းဖြစ် သည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်တာဟာ အတိုက်အခံပါတီတွေကို ဖိနှိပ်ဟန့်တားပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ချိုးနှိမ်ဖို့ မြန်မာအာဏာရှင်ရဲ့ နောက်ထပ် ထိတ်လန့်ဖွယ်ရာ ကြိုးပမ်းမှုတစ်ခုပဲဖြစ်ပါတယ်”
ယင်းစွပ်စွဲချက်နှင့် ပတ်သက်ပြီး ၎င်းတို့သုံးဦးစလုံးက ၎င်းတို့ဖမ်းဆီးခံထားရစဉ် သိရှိခြင်းပင်မရှိသည့် ကိစ္စအတွက် တရား စွဲဆိုခံရခြင်းမှာ အခြေအမြစ်မရှိကြောင်းနှင့် အပြစ်လည်းမရှိကြောင်း တရားခွင်တွင် ချေပထွက်ဆိုခဲ့ကြသည်။
ဥပဒေရေးရာကျွမ်းကျင်သူတဦးက “စိတ်အားဖြင့်ဖြစ်စေ၊ ကိုယ်အားဖြင့်ဖြစ်စေ တစုံတရာ ညွှန်ကြားစေခိုင်းနိုင်တဲ့ အခြေအနေမရှိတဲ့ အနေအထားမျိုး ပေါ်ပေါက်နေပါလျှက် NLD ထုတ်ပြန်တဲ့ ကြေညာချက်တွေကို အခြေခံပြီးတော့ အပြစ်ရှိတယ်လို့ သုံးသပ်ပြစ်ဒဏ်ချမှတ်တာဟာ တကယ်မြေပြင်မှာ ပေါ်ပေါက်နေတဲ့အချက်အလက်တွေနဲ့ ကွဲလွဲမှုရှိတယ်၊ ဥပဒေအရလည်း သင့်လျော်မျှတမှုမရှိသလို သဘာဝတရားမျှတမှုအရလည်း သင့်လျော်မျှတမှုမရှိဘူး” ဟု ပြောသည်။
ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် စွပ်စွဲပြစ်ဒဏ်ချမှတ်သည့်ဖြစ်စဉ်မှာ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ စက်တင်ဘာလအတွင်းက နေပြည်တော်တွင် ပြုလုပ်သည့် NLD ပါတီထောက်ခံလှည့်လည်သည့် ယာဉ်တန်းအား ၎င်းတို့နေအိမ်ခြံဝန်းရှေ့ထွက်ကာ လက်ပြနှုတ်ဆက်ခဲ့သည့်အတွက် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ တားမြစ်ချက်များအား ဖောက်ဖျက်သည်ဟုဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက “ဖြစ်စဉ်ကိုလေ့လာတဲ့အခါမှာ စီတန်လှည့်လည်လာတဲ့ လူစုလူဝေး ဖြစ်ပေါ်လာအောင် စီမံလုပ်ဆောင်ခဲ့တာမဟုတ်ဘူး၊ စွဲ ချင်စွဲ ပွဲကိုဦးဆောင်သူကို စွဲရမှာပေါ့၊ သူတို့က သူတို့အိမ်ခြံဝန်းက ထွက်ပြီး နုတ်ဆက်တာဟာ အခုစွဲဆိုတဲ့ ဥပဒေပုဒ်မနဲ့ ငြိ စွန်းနိုင်စရာမရှိပါဘူး၊ ဒီကနေ စီရင်ဆုံးချက်သည် ဥပဒေသမားတွေရဲ့ အမြင်မှာတော့ တရားရုံးမှာ ဘယ်လိုပေါ်ပေါက်သလဲ မသိပေမယ့် တကယ့်ဖြစ်စဉ်၊ ဥပဒေရေးရာ ပြဌာန်းချက်တွေနဲ့တော့ တိမ်းစောင်းမှု ကွဲလွဲမှုရှိနေတယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Lizz Truss က “ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်တာဟာ အတိုက်အခံပါတီတွေကို ဖိနှိပ်ဟန့်တားပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ချိုးနှိမ်ဖို့ မြန်မာအာဏာရှင်ရဲ့ နောက်ထပ် ထိတ်လန့်ဖွယ်ရာ ကြိုးပမ်းမှုတစ်ခုပဲဖြစ်ပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ပြီးနောက် ၎င်းတို့အား အကျဉ်းထောင်သို့ ပို့ဆောင်မည် (သို့မဟုတ်) လက်ရှိထိန်းချုပ်ထားသည့် နေရာများ၌ပင် ဆက်လက်ထားရှိမည်အချက်အား ရှင်းလင်းစွာမသိရှိရသေးပေ။ ၎င်းတို့သုံးဦးစလုံးအား စတင်းဖမ်းဆီးခံ ရကတည်းက မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ဆိုသည်ကို အာဏာသိမ်းစစ်ကောင်စီက ဖုံးကွယ်ထိန်ချန် ထားသည်။
ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် အမှုများနှင့်ပတ်သက်ပြီး ၎င်း၏ရှေ့နေအဖွဲ့အား ပြည်တွင်းပြည်ပ အဖွဲ့အစည်း၊ မီဒီယာများနှင့် ပြောဆိုဖြေကြားခြင်းများ မပြုလုပ်ရန် အာဏာသိမ်းစစ်ကောင်စီက တားမြစ်ထိန်းချုပ်ထား သည့်အတွက် တရားခွင်အတွင်း စစ်ဆေးပေါ်ပေါက်ချက်များအား အများပြည်သူသိရှိခွင့် မရခဲ့ပေ။
သို့သော် ဥပဒေအရ ၎င်းတို့အား ပြစ်ဒဏ်ချမှတ်၍ အကျဉ်းသားအဖြစ် သတ်မှတ်ရမည်ဖြစ်သော်လည်း ရာဇဝတ်ကျင့်ထုံး၊ တရားရုံး လက်စွဲ၊ ထောင်လက်စွဲတို့အရ တရားရင်ဆိုင်ဆဲ အမှုများ ကျန်ရှိနေသေးသည့်အတွက် အကျဉ်ထောင်မပို့ဘဲ ထား ရှိ၍ ရနိုင်သေးကြောင်းလည်း လွတ်လပ်သည့်ရှေ့နေတဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာ စွပ်စွဲချက်များဖြင့် အမှုဖွင့်၊ တရားစွဲထားမှု ၁၁ မှုကိုလည်း ဆက်လက်တရားရင်ဆိုင်ရမည်ဖြစ်သည်။
ယင်းအပြင် သမ္မတဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့မှာလည်း အဂတိစွပ်စွဲချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ စွပ်စွဲချက် များဖြင့် အမှုဖွင့်/တရားစွဲဆိုမှုကိုလည်း ခံထားရသေးသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားအစိုးရခေါင်းဆောင်များနှင့် NLD ပါတီခေါင်း ဆောင်များ၊ ပါတီဝင်များအား ဖမ်းဆီးကာ အမှုပေါင်းများစွာဖြင့် စွပ်စွဲတရားစွဲဆိုပြီး ထောင်ဒဏ်များချမှတ်နေသည့်အပြင် ပါတီဝင်အချို့မှာလည်း စစ်ကြောရေးတွင် နှိပ်စက်ခံရမှုကြောင့် သေဆုံးသူများရှိခဲ့သည်။
လွတ်လပ်သည့်ရှေ့နေတဦးက “အာဏာလက်ကိုင်ထားတဲ့ သူတွေကတော့ တရားဥပဒေစိုးမိုးပါတယ်ဆိုပြီး အော်လေ့ရှိပါတယ်၊ ဒီနေ့အဖြစ်အပျက်အား လုံးဟာ နိုင်ငံရေးနဲ့ပဲ ဆိုင်ပါတယ်။ ဒီကာလမှာ တရားဥပဒေစိုးမိုးပါတယ်လို့ ပြောဖို့က နိုင်ငံရေးအပြောင်းအလဲနဲ့ ဆိုင်နေတဲ့ အတွက် တရားဥပဒေနဲ့သုံးသပ်ဖို့က ခက်ခဲပါတယ်” ဟု ပြောသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အား ထောင်ဒဏ် ၄ နှစ်စီ ချမှတ်
ဒေါ်အောင်ဆန်းစုကြည်အမှု ဒေါက်တာဇော်မြင့်မောင်ကို သက်သေတင်