ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် လူငယ်သပိတ်စစ်ကြောင်းကို စစ်ကောင်စီတပ်ဖွဲ့က ကားဖြင့် တိုက်သတ်ခြင်း၊ သေ နတ်နှင့် ပစ်ခတ် ဖမ်းဆီးမှုများသည် စစ်ကောင်စီက လူ့အသက်ကို လုံးဝ ဂရုမစိုက်ဘဲ စက်ဆုပ်ဖွယ်ကောင်းသည့် လုပ်ရပ် ဟု ရက္ခိုင်စစ်တပ် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားထားသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “လူ့အသက်ကို လုံးဝ ဂရုမစိုက်ဘဲ စက်ဆုပ်ဖွယ်ကောင်းတဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်ကို တမင်တကာကျူးလွန်တာဖြစ်တယ်။ လုံးဝ မတရားတဲ့ လုပ်ရပ်” ဟု ယမန်နေ့ ညပိုင်းက ၎င်း၏ တွစ်တာ စာမျက်နှာတွင် ရေးသားထားသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက် အစောပိုင်းက ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် စစ်အာဏာရှင် ဆန့်ကျင် ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေသူများကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဖြင့် အရှိန်ပြင်းစွာ မောင်း နှင်ပြီး အနောက်မှ ဝင်တိုက် ဖမ်းဆီးခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ စစ်ကောင်စီက ကားဖြင့် အရှိန်ပြင်းစွာ ဝင်တိုက်သည့်အပြင် လဲကျသူများကို သေနတ်ဒင်ဖြင့် ထုခြင်း၊ ထွက်ပြေးသူ များကိုလည်း လိုက်လံ ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သပိတ်စစ်ကြောင်းတွင် ပါဝင်သူ တဦးက ဧရာဝတီကို ယမန် နေ့က ပြောဆိုထားသည်။

အဆိုပါ ဖြစ်ပွားမှုတွင် ဆန္ဒပြ လူငယ် ၁၁ ဦးထက်မနည်း ဖမ်းဆီးခံရပြီး ဆန္ဒပြပွဲတွင် သတင်းယူနေသည့် Myanmar Pressphoto Agency မှ ဓာတ်ပုံ သတင်းထောက်နှင့် ရုပ်သံအမျိုးသမီး သတင်းထောက် တို့ ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ကာ ဖမ်းဆီးခံထားရသည်။
မည်သည့် လက်နက်မှ ကိုင်ဆောင်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ဆန္ဒပြစစ်ကြောင်းကို အာဏာသိမ်း စစ်တပ်က ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်သည့် ရာဇဝတ်မှု ဖြစ်ကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က vလည်း ရခိုင်သတင်းဌာနတခုဖြစ်သည့် Western News ကိုပြောထားသည်။
ခိုင်သုခက “ဘာလက်နက်မှမရှိတဲ့ဆန္ဒပြလူငယ်တွေကို မြန်မာစစ်တပ်ကရည်ရွယ်ချက်ရှိရှိနှင့် သတ်ဖြတ်တာဟာရာဇဝတ်မှု ကျူးလွန်တာပဲ။ ဒါဟာယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းမှာ ဘယ်လိုမှလက်မခံနိုင်တဲ့ ဆိုးဝါးတဲ့အကြမ်းဖက်မှုဖြစ်တယ်ဗျ” ဟု ပြောသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများစွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားနှင့် တိုက်၊ သေနတ်ဖြင့် ပစ်ခတ် အကြမ်းဖက် ဖြိုခွင်း သည့် လုပ်ရပ်အပေါ် “ထိတ်လန့် တုန်လှုပ်မိပါသည်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း ယမန်နေ့ ထုတ်ပြန် ထားသလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် အခြေခံလူ့အခွင့်အရေးဖြစ်ပြီး လုံခြုံရေး (စစ်ကောင်စီ) တပ်ဖွဲ့ဝင် များ၏ လုပ်ရပ်ကို “လုံးဝ လက်ခံနိုင်ဖွယ်မရှိဘူးလို့” ဟုလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူး Ramanathan Balakrishnan က ထုတ်ပြန်ထားသည်။
ထို့ပြင် အဆိုပါ ဖြစ်စဉ်အပေါ် အမေရိကန်သံရုံးနှင့် ပြင်သစ်သံရုံးတို့က ရှုတ်ချကြကြောင်း ထုတ်ပြန်ထားကြသည်။
စစ်ကောင်စီ၏ သတင်းထုတ်ပြန်ထားမှုတွင် ကြည့်မြင်တိုင်မြို့နယ်၌ တရားမဝင် ခွင့်ပြုချက်မဲ့ ဆူပူ ဆန္ဒပြမှုအား လုံခြုံရေး တပ်ဖွဲ့ဝင်များက လူစုခွဲ ထိန်းသိမ်းခြင်းများ ဆောင်ရွက်ရာတွင် ဒဏ်ရာ ရရှိသူ ၃ ဦးရှိပြီး ၁ ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရ ကြောင်းနှင့် လူ ၁၁ ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်းကို ထုတ်ပြန်ထားသည်။ သို့သော် ကားဖြင့်တိုက်သည့် အသေးစိတ် အချက် အလက်များကို ထုတ်ပြန်ထားခြင်း မရှိပေ။
ကြည့်မြင်တိုင် သပိတ် ဖြိုခွဲမှုဖြစ်စဉ်ကို ပြည်တွင်း ပြည်ပရှိ အဖွဲ့အစည်းများက ရှုတ်ချကြသည့်အပြင် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းများလည်း အရှိန်အဟုန်အပြည့်ဖြင့် ပြန်လည် ထွက်လာ ဆန္ဒပြ ခဲ့ကြသည်။

ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ကလည်း ပန်းပင်ကြီးလမ်းပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြ ချီတက် လာသည့် သပိတ်စစ်ကြောင်းကို စစ်ကောင်စီက လူမဆန်စွာ ကားဖြင့် ဝင်တိုက် ပစ်ခတ်ဖြိုခွဲခဲ့ခြင်းကြောင့် ဆန္ဒပြလူငယ် ၅ ဦး သေဆုံးခဲ့ရပြီး အနည်းဆုံး ၁၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း၊ အဆိုပါ အကြမ်းဖက်မှုတွင် ပြင်းထန်ဒဏ်ရာရသူများကို ရိုက် နှက်ခြင်း၊ ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ သေနတ်ဒင်ဖြင့် ထုရိုက်ခြင်းတို့ ပြုလုပ်ခဲ့သည့်အပြင် ဆေးကုသခွင့် မပေးဘဲ စစ်ကြောရေးသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူမဆန်သည့် ဖြစ်စဉ်ကြောင့် ပြည်သူလူထုနှင့် ထပ်တူ ဝမ်းနည်း ကြေကွဲရ ကြောင်း ထုတ်ပြန်ထားသည်။
လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တို့သည် နိုင်ငံသားတို့၏ အခြေခံအခွင့် အရေးတစ်ရပ်ဖြစ်ပြီး ယခု ကဲ့သို့ အပြစ်မဲ့သော ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ဆောင်ရွက်နေခြင်းသည် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights) ပါ ပြဋ္ဌာန်းချက်များကို လိုက်နာမှု မရှိဘဲ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့သော လူမဆန်သော ရာဇဝတ်မှုများကို နေ့စဉ် ရက်ဆက် ကျူးလွန်နေကြသည့် အကြမ်းဖက် စစ်ကောင်စီနှင့် လက်ပါးစေများအား ပြင်းပြင်းထန်ထန် ရှုတ်ချပါကြောင်း နှင့် ၎င်းတို့အား သံတမန်ရေးနည်းလမ်း အပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ရေး နိုင်ငံတကာ အသိုက်အဝန်းနှင့် ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ စစ်ကောင်စီအဖွဲ့၏ လက်ချက်ကြောင့် သေဆုံး သူဦးရေမှာ ၁၃၀၃ ဦးရှိပြီဖြစ်ကာ၊ ဖမ်းဆီးခံရသူ ၇၇၅၀ ဦး၊ ထိုအထဲမှ ၃၅၄ ဦး ထောင်ဒဏ်ချမှတ်ခံထားရပြီး၊ ၁၈ နှစ် အောက် လူငယ် ၂ ဦးအပါအဝင် ၃၆ ဦးမှာ သေဒဏ် ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) ၏ ကောက်ယူထားသည့် စာရင်းများတွင် ဖော်ပြထားသည်။
You may also like these stories:
ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ကားဖြင့်တိုက်သတ် ဖြိုခွင်းမှု နိုင်ငံတကာ ရှုတ်ချ
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အား ထောင်ဒဏ် ၄ နှစ်စီ ချမှတ်
အာဏာသိမ်း စစ်တပ်နှင့် AA တို့ တိုက်ပွဲ ပြန်ဖြစ်