စစ်တပ်က အာဏာသိမ်းပြီးနောက် တိုက်ခိုက်ခံရမှုများကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်များ၏ မိသားစုဝင်များကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏သားနှင့် ဗိုလ်ချုပ်ဟောင်းများက အကူငွေလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။
ကြံ့ခိုင်ရေးပါတီဝင် အများစုသည် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် သတင်းပေး (ဒလန်) ဟုဆိုကာ တိုက်ခိုက် သတ်ဖြတ်ခံရပြီး ထိုမိသားစုဝင်များအား ထောက်ပံ့နိုင်ရေးအတွက် ကြံ့ခိုင်ရေးပါတီက အလှူငွေ ကောက်ခံနေခြင်း အပေါ် ထောက်ပံ့ပေးနေကြခြင်းဖြစ်သည်။
ကြံ့ခိုင်ရေးပါတီ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းခေါင်းဆောင်၏ သားဖြစ်သူ ဦးအောင်ပြည့်စုံ၊ သမ္မတဟောင်း ဦးသိန်းစိန်နှင့် ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တို့က ကျပ်သိန်း ၅၀ စီထည့်ဝင်ခဲ့ကြသလို မီးရထားဝန်ကြီးဟောင်း ဦးအောင်မင်း ကလည်း ကျပ်သိန်း ၃၀ ထည့်ဝင်ထားကြောင်း ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏သား ဦးအောင်ပြည့်စုံသည် ခရိုနီတဦးအဖြစ် လူသိများလာပြီး ဆေးဝါးလုပ်ငန်း၊ ဆေးရုံလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ဟိုတယ်များ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း၊ ဖျော်ဖြေရေးလုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ပန်းချီပြခန်း၊ စားသောက်ဆိုင်များနှင့် အားကစားရုံတို့ အပါအဝင် လုပ်ငန်းအများစုကို လုပ်ကိုင်ခွင့်ရရှိထားသူဖြစ်သည်။
အခြားအလှူရှင်များထဲတွင် တပ်မတော် (လေ) ကာကွယ်ရေးဦးစီးချုပ်ဟောင်း နှင့် ပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဗဟိုနာယကအဖွဲ့ဝင် ဗိုလ်ချုပ်ဟောင်း ဦးဌေးဦး၊ ရဲချုပ်ဟောင်း ဦးခင်ရီ၊ မွန်ပြည်နယ် ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်း၊ ဦးသိန်းထွန်းဦး၊ ဦးသူရိန်ဇော်၊ ဦးထွန်းရင်၊ ဦးစိုးနိုင်၊ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ရခိုင်ပြည်နယ် ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ တို့လည်း တွေ့ရသည်။
ဗဟိုအတွင်းရေးမှူးများ ဖြစ်သည့် ဒေါက်တာကျော်ကျော်ဌေး၊ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဦးတင်အောင်ချစ်၊ ဦးပိုက်ထွေးနှင့် ပါတီပြောရေးဆိုခွင့်ရှိသူ ဖြစ်ပြီး ဒီမိုကရေစီရေးလှုပ်ရှားမှုများကို လူမှုကွန်ရက်ပေါ်တွင် ပြင်းပြင်းထန်ထန် တုန့်ပြန်လေ့ရှိသူ နန်းမြမီမီဇော်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်နှင့် ဦးလှသိန်း တို့လည်း လှူဒါန်းငွေများ ပါဝင်ထားသည်ကို တွေ့ရသည်။
You may also like these stories:
ကြည့်မြင်တိုင် သပိတ်ဖြိုခွင်းမှု စက်ဆုပ်ဖွယ် လုပ်ရပ်ဟု AA စစ်ဦးစီးချုပ် ပြော
ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ကားဖြင့်တိုက်သတ် ဖြိုခွင်းမှု နိုင်ငံတကာ ရှုတ်ချ
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အား ထောင်ဒဏ် ၄ နှစ်စီ ချမှတ်