စစ်ကောင်စီ၏ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ညွှန်ကြားချက်ဖြင့် ကျူးကျော် နေထိုင်သူများအား လုံလောက်သည့် အချိန်မပေးဘဲ အင်အားသုံး ဖယ်ရှားမှုကြောင့် နေထိုင်ရေး အခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း နေအိမ်ရှင်းလင်းခံရသူများထံမှ သိရသည်။
ကျုးကျော်နေထိုင်သူ အများစုမှာ လက်လုပ်လက်စား အခြေခံလူတန်းစားများ ဖြစ်ကြပြီး ဧရာဝတီမြစ် ကမ်းဘေး၊ မြို့ပတ်လမ်းဘေး၊ ရန်ကုန်-မန္တလေး၊ မန္တလေး-လားရှိုး မီးရထားသံလမ်း၊ မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးနှင့် ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။
“ကျမတို့ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် တပတ်အတွင်း ဖယ်ရှားပေးဖို့ဆိုပြီး ကားပေါ်ကနေ မိုက်နဲ့ အော်တယ်။ သူတို့ပြော တဲ့ တပတ်ဆိုတာရယ်၊ နောက်ဆုံးရက် ဆိုတာရယ်က သုံးရက်လောက်ပဲကွာတော့ ကျမတို့ ဘယ်လိုမှ အဆင် မပြေတော့ဘူး။ သူတို့ ပြောတာတော့ ရပ်ကွက်ရုံးမှာ စာကပ်ပြီး အသိပေးထားပြီးသားလို့ ပြောပေမယ့် အနားကပ်မှ လာအော်တော့ အကုန်ဒုက္ခရောက်ကုန်တာပေါ့” ဟု ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်ရပ်ကွက် မန္တလေး-လားရှိုး မီးရထားလမ်းပိုင်းအတွင်း ကျူးကျော်နေထိုင်သူ တဦးက ဧရာဝတီသို့ ပြောသည်။
ထိုသို့ ကျုးကျော်နေထိုင်သူများတွင် အမှန်တကယ် နေထိုင်စရာ အခက်အခဲ ရှိသဖြင့် ငွေကျပ် သိန်း ဆယ်ဂဏန်းခန့် ပေးဝယ်၍ နေထိုင်သူများလည်း ပါဝင်သလို မြင့်တက်လာသည့် အိမ်ငှားရမ်းခ ဈေးနှုန်းများကြောင့် သက်ဆိုင်ရာ ရပ် ကွက်အုပ်ချုပ်ရေးပိုင်းအား အသိပေး၊ လခပေး၍ နေထိုင်ကြသူများလည်း ရှိကြောင်း ကျုးကျော်နေထိုင်သူများက ပြော သည်။
“ကျနော်တို့ အရင်ကတော့ ရပ်ကွက်ထဲမှာ အိမ်ငှားနေကြတာပါ။ ကိုဗစ် စဖြစ်ကတည်းက အလုပ်တွေက အဆင်မပြေ တာရယ်၊ စစ်တပ်က အာဏာသိမ်းလိုက်တော့ အလုပ်တွေ ဘာမှ လုပ်လို့မရတော့ အိမ်ငှားခ မတတ်နိုင်တော့လို့ ရပ် ကွက်ရုံးကို အသိပေးပြီးတော့မှ တဲလေးဆောက်ပြီး နေခဲ့တာ။ ကိုယ့်ဘာသာ တဲထိုးနေရတာကို ရုံးက တလတခါ လာ ပြီး ပိုက်ဆံကောက်တယ်။ အခုတော့ ဖျက်ဆိုလို့ ဖျက်ပေးပြီး လမ်းဘေးမှာပဲ ဒီအတိုင်း နေနေရတယ်” ဟု ချမ်းမြ သာစည်မြို့နယ် ဧရာဝတီမြစ်ကမ်းဘေး ကျုးကျော်နေထိုင်သူ အမျိုးသားတဦးက ပြောသည်။
အဆိုပါ ကျူးကျော်နေထိုင်သူများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးသို့ ၁ လလျှင် အနည်းဆုံး ကျပ် ၁ သောင်းခွဲမှ ၃ သောင်းအထိ ပေးရကြောင်း၊ နေရာနှင့် အဆောက်အအုံပေါ် မူတည်ပြီး ဈေးဆိုင်နှင့် လူနေတွဲလျက်ဆိုပါက ကျပ် ၃ သောင်းခန့်အထိ ပေးရကြောင်း၊ အများစုမှာ လစဉ်ကြေးပုံစံ ပေးရခြင်း ဖြစ်ကြောင်း သိရသည်။
မန္တလေး-ပြင်ဦးလွင် ကားလမ်းအနီး ပရံတော်ချောင်းဘေး ကျုးကျော်ရပ်ကွက်အတွင်း ဝယ်ယူနေထိုင်ခဲ့သူ တဦးက “အမှန်ပြောရမယ်ဆိုရင် အိမ်ငှားနဲ့ နေရတဲ့ဘဝကို စိတ်ကုန်လို့ ကျုးကျော်ရပ်ကွက်မှန်း သိပေမယ့် ဝယ်ပြီးနေခဲ့တာပါ။ အနည်းဆုံး ၅ နှစ်လောက် နေရရင်ပဲ တန်တယ်ဆိုတဲ့ စိတ်နဲ့ပေါ့။ အခုက သတိပေးစာ ပေးတယ်ဆိုပေမယ့် ညှိနှိုင်း မှုတော့ လုပ်ပေးရမယ်လေ။ ညှိနှိုင်းမှု ဘာတခုမှ မရှိဘဲ အိမ်တွေ ဖျက်ကြတာ။ ကျနော်တို့က ၂ ရက်လောက် ထပ်ပြီး အချိန်ပေးဖို့ တောင်းဆိုတာကိုလည်း သူတို့က လက်မခံကြဘူး။ အဲဒီတော့ ကျနော်တို့လို ဝယ်နေတဲ့ သူတွေ တော်တော်ကို နစ်နာနေရပြီ”ဟု ပြောသည်။
မန္တလေးမြို့ရှိ ကျူးကျော်နေအိမ်များကို ယခုနှစ် အောက်တိုဘာ လကုန်ပိုင်းမှ စတင်၍ ရှင်းလင်းခဲ့ခြင်း ဖြစ်ကာ ဖယ် ရှားပေးရန်အတွက် အချိန် ၁ ပတ်ခန့်သာ ပေးကြောင်း၊ ကျူးကျော်နေအိမ်မှန်သမျှ ကိုယ်ပိုင်အစီအစဉ်ဖြင့် ဖယ်ရှားကြ ရန် စစ်ကောင်စီ လက်အောက်ခံ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက သတင်းထုတ်ပြန်၍ လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကျုးကျော်ရှင်းတာက အရင်ကတည်းက လုပ်နေတာပေါ့။ အခုက စီမံချက်ချပြီး မြို့နယ်အလိုက် ဆောင်ရွက်တာပါ။ ကျနော်တို့ ကျူးတွေ ရှင်းမယ်ဆိုရင် စည်ပင် လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အကြိမ်ကြိမ် အသိပေးပြီးမှ ရှင်းလင်းတာ ဖြစ်တယ်။ အခု ရှင်းလင်းနေတယ် ဆိုတာကလည်း ဥပဒေနဲ့အညီ လုပ်ဆောင်တာပါ။ သူတို့တွေက ကျုးကျော်နေထိုင် ကြတာဆိုတော့ ကြာလာရင် ရှင်းလင်းရတာ ပိုပြီးခက်မှာ ဆိုးတဲ့အတွက်ကြောင့် အခုလို ရှင်းလင်းနေတာ။ အခြား ဘာ ရည်ရွယ်ချက်မှ မပါပါဘူး” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြော သည်။
ဆက်လက်၍ ၎င်းက ကော်မတီ အနေဖြင့် ကျန်ရှိနေသော ကျူးကျော်နေထိုင်မှုများကိုလည်း ဆက်လက် ရှင်းလင်း သွားမည် ဖြစ်ကြောင်း၊ အချို့နေရာများမှာ စည်ပင်ပိုင်မြေအဖြစ် သိမ်းယူစဉ်ကတည်းက မြေနေရာ အစားထိုး ပေးထား သူများလည်း ပါဝင်နေကြောင်း၊ အချို့ဆိုလျှင် စီးပွားဖြစ်ပုံစံ ကျူးကျော်မှုများကြောင့် အရေးယူရခြင်းများ ရှိကြောင်း ပြောဆိုသည်။
ကျူးကျော်များအား အင်အားသုံး ဖယ်ရှားမှုများနှင့် ပတ်သက်၍ မြေယာအမှုအခင်း ကိစ္စရပ်များအား လိုက်ပါဆောင် ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေတဦးက တရားမဲ့ ပြုကျင့်ခြင်းပင် ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
၎င်းက “အမှန်တကယ် စည်ပင်သာယာနယ်နမိတ်ထဲမှာ ကျုးကျော်နေတယ်ဆိုရင် စည်ပင်သာယာဥပဒေအရ တရားစွဲ ဆိုပြီးမှ ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ်။
အဲဒီလိုမဟုတ်ဘဲ ငါတို့မှာ အာဏာရှိတာပဲ ဆိုပြီး အခုလို ကျုးကျော်တွေကို ရှင်းလင်းနေတာကတော့ မင်းမဲ့စရိုက်ဆန်တယ်။ ပြောချင်တာက အခုလိုတွေ လုပ်ဆောင်ဖို့ ဥပဒေမှာ ခွင့်ပြုပေးမထား ဘူး။ ဥပဒေမှာ ပြဋ္ဌာန်းထားခြင်း မရှိတဲ့ အခွင့်အရေးကို ကျင့်သုံးရာ ကျရောက်တယ်” ဟု ပြောသည်။
တည်ဆဲဥပဒေပြဋ္ဌာန်းချက်များအရ တဦးတယောက်ကသော်လည်းကောင်း၊ အဖွဲ့အစည်းတခုခုကသော်လည်းကောင်း သက်ဆိုင်ရာတရားရုံးသို့ ဦးတိုက်လျှောက်ထား၍ တရားစွဲရန် လိုအပ်ပြီး သက်ဆိုင်ရာ တရားရုံးမှ ကျုးကျော်နေထိုင် သူများ အနေဖြင့် နောက်ဆုံးရက် သတ်မှတ်၍ ဖယ်ရှားပေးရန် သမ္မန်စာ (ဆင့်ခေါ်စာ) ပေးပို့ကာ သတ်မှတ်ရက် အတွင်း ဖယ်ရှားပေးခြင်း မရှိပါက တရားရင်ဆိုင်စေရကြောင်း သိရသည်။
ရာဇသတ်ကြီးဥပဒေ ပြဋ္ဌာန်းချက်များအရ ရာဇဝတ်မှု မကင်းသော ကျုးကျော်နေထိုင်ခြင်းများအတွက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၄၇ အရ တရားစွဲဆိုနိုင်ပြီး ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၃ လ ဖြစ်စေ၊ ငွေဒဏ် ၅ သောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
မန္တလေးမြို့တွင် အိမ်ယာမဲ့ ကျုးကျော်နေထိုင်သည့် ပြဿနာကို ဖြေရှင်းပေးသည့် အနေဖြင့် အောင်မြေသာစံမြို့နယ် အတွင်းရှိ မင်းတဲအီကင်းရပ်ကွက် စံပယ်အိမ်ရာ ၁၂ ခန်းတွဲ ၆ ထပ် အဆောက်အအုံ ၆ လုံး (အခန်းပေါင်း ၄၃၂ ခန်း)၊ နှင်းဆီအိမ်ရာ ၁၂ ခန်းတွဲ ၆ ထပ် ၁၄ လုံး (အခန်းပေါင်း ၁၀၈ ခန်)၊ ညောင်ကွဲရပ်ကွက် ကံ့ကော်အိမ်ရာ ၁၂ ခန်းတွဲ ၆ ထပ် ၂ လုံး (အခန်းပေါင်း ၁၄၄ ခန်း) စုစုပေါင်း ၁၂ ခန်းတွဲ ၆ ထပ်အဆောက်အုံ ၂၂ လုံး (အခန်းပေါင်း ၁၅၈၄ ခန်း) ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ တွင် မန္တလေးမြို့တော်စည်ပင်သာယာရေး ဘဏ္ဍာငွေဖြင့် စတင် ဆောက်လုပ် ခဲ့သည်။
အဆိုပါ အငှားအိမ်ရာတိုက်ခန်းများတွင် ဧရာဝတီမြစ်ကမ်းနား ကျုးကျော်နေထိုင်သူများကို ဦးစားပေး၍ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၂၀၁၆ နှစ်ကုန်ပိုင်းမှ စတင်၍ ၁ လလျှင် ကျပ် ၃ သောင်းနှုန်းဖြင့် ငှားရမ်း နေထိုင်ခွင့် ပြုခဲ့သည်။
NLD အစိုးရ လက်ထက်တွင် ကျုးကျော် ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့သော်လည်း အမှန်တကယ် နေထိုင်စရာ မရှိသူ များကို မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင် အငှား အိမ်ရာတွင် နေထိုင်ပေးရန် စီစဉ်ပေးမည်ဟု ကမ်းလှမ်းချက် ပြုလုပ်ခဲ့သော်လည်း အများစုက လက်ခံခဲ့ခြင်း မရှိပေ။
ယခုအခါ စစ်ကောင်စီ လက်အောက်ခံ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေဖြင့် စည်ပင်နယ်နိမိတ် အတွင်း ကျူးကျော်နေထိုင်သူများအား ဖိအားပေး ဖယ်ရှားရှင်းလင်းရာတွင် ပြန်လည် ကုစားပေးမည့် အစီအစဉ်များ မပါဝင်ပေ။
ထို့ပြင် လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် သက်ဆိုင်ရာ ရပ်ကွက်အလိုက် ဧည့်စာရင်းတိုင်ကြားမှုများကို လည်း လက်ခံပေးခြင်း မရှိကြောင်း၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လမ်းဘေးကျုးကျော် နေထိုင်မှုများအား ဧည့်စာရင်း စစ်ဆေး၍ ဖမ်းဆီးအရေးယူခြင်း၊ ငွေကြေး ဒဏ်ရိုက်ခြင်း၊ ရိုက်နှက် နှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း မန္တလေး မြို့ခံများက ပြောသည်။
ထို့အတူ စစ်ကောင်စီ အနေဖြင့် ရန်ကုန်တိုင်းအတွင်း ကျူးကျော်နေထိုင်သူများကိုလည်း ယခုနှစ် အောက်တိုဘာ ၂၈ ရက်မှ စတင်ကာ အင်အားသုံး ဖြိုဖျက်ဖယ်ရှားမှုများ ပြုလုပ်လျက် ရှိသည်။
မြို့တော်သန့်ရှင်းရေးဟူသည့် အကြောင်းပြချက်ဖြင့် ကျူးကျော်အိမ်ရာများအား ရှင်းလင်းနေခြင်းသည် နိုင်ငံတကာ လူ့ အခွင့်အရေး ဥပဒေကို ချိုးဖောက်ရာရောက်ပြီး ယင်းလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန်၊ ကျူးကျော်နေထိုင်သူများနှင့် ဆွေးနွေးပြီး အဖြေရှာရန် ကုလသမဂ္ဂဆိုင်ရာ လူ့အခွင့်အရေး အရာရှိများက ယခုရက်ပိုင်းအတွင်း ထုတ်ပြန်တောင်းဆို ထားသည်။
You may also like these stories:
ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမယ့် ကျူးကျော် ပြဿနာ
မြန်မာ့လူဦးရေထက်ဝက် တနေ့လျှင် တဒေါ်လာအောက်သာ ဝင်ငွေရှိတော့မည်
စစ်အာဏာသိမ်းမှုက လူ ၂၅ သန်းကို ဆင်းရဲတွင်းထဲ တွန်းချခဲ့သည်