စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာမှ လူ ၁၀ဦးကို စစ်ကောင်စီတပ်များက နည်းအမျိုးမျိုးဖြင့် နှိပ်စက်ပြီး မှ ကြိုးတုတ် အရှင်လတ်လတ် မီးရှို့သတ်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာ ၇ ရက်) နံနက် ၈ နာရီခန့်က စစ်တပ်မှ ရွာအတွင်း ဝင်ရောက်စီးနင်းစဉ် ထွက်ပြေးတိမ်း ရှောင်သည့် ဒေသခံ လူငယ် ၁၀ ဦးအား ကြေးနန်းကြိုးများဖြင့် လက်ကိုတုပ်ပြီး မီးရှို့သတ်ဖြတ်ခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မျက်မြင်တွေ့ရှိသူများ၏ ပြောပြချက်အရ “သူတို့ အိမ်တွေရဲ့ မနီးမဝေးမှာပဲ ဖမ်းခံရတာ။ မီးမရှို့ခင် မှာ ညှဉ်းပန်းနှိပ်စက် တယ်။ ဓားနဲ့မွှန်း၊ သေနတ်နဲ့ ပစ်တယ်။ ဗိုက်မှာ ဓားနဲ့မွှန်းတယ်။ မသေခင်မှာကို နှိပ်စက်တာ။ လက်ကို သံကြိုးနဲ့ လက်ပြန် တုပ်ပြီးတောက်လျှောက်ကို နှိပ်စက်ပြီးတော့မှ မသေမရှင် မီးရှို့သွားတာ” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ သူတို့ ပြေးတာကို မပြေးနိုင်အောင် သေနတ်နဲ့ ပစ်တယ်။ ကလေးတွေက မပြေးနိုင်တဲ့ အနေ အထားမှာ ဓားတွေနဲ့ မွှန်းတယ်။ မီးရှို့တယ်။ အရှင်လတ်လတ်လည်း ပါတယ်။ မသေမရှင်လည်း ပါတယ်။ အဲဒီလို သူတို့က လုပ်ပြီး ရယ်နေကြတာ” ဟု ပြောဆိုသည်။
အဆိုပါ မီးရှို့သတ်ဖြတ်ခံထားရသူများတွင် ရိုက်နှက် နှိပ်စက်ခံထားရသည့် ဒဏ်ရများ ရှိသည့်အပြင် မသေဆုံးမီကပင် မီးရှို့ ခံရသည့်အတွက် ရုန်းကန်ထားသော အခြေအနေများ တွေ့ရသည်ဟုလည်း စစ်သားများထွက်သွားပြီးနောက် အခင်းဖြစ် ပွားရာသို့ သွားရောက် ကြည့်ရှုခဲ့သည့် မျက်မြင်တဦးက ပြောသည်။
၎င်းက “ကြိုးတုပ်ထားတာလည်း တွေ့ရတယ်။ သွေးအိုင်တွေလည်း အများကြီး တွေ့တယ်။ တချို့ဆို ဦးနှောက်တွေပါ ထွက် နေတယ်။ ရွာအရှေ့ဘက်ပိုင်းမှာ အကုန်လုံး စုပြုံပြီးတော့၊ ရိုက်နှက်စစ်ပြီးတော့၊ ကြိုးတွေတုပ်ပြီးတော့ သတ်ထား ခဲ့ကြတာ။ သေချာပေါက် မီးရှို့တဲ့အချိန်မှာ အသက်မသေသေးတဲ့လူတွေ ပါမှာ သေချာတယ်။ သူတို့ပုံစံတွေ ကြည့်ခြင်း အားဖြင့် အလူးအလဲ ရုန်းကန်ပြီးတော့ ကန်ကျောက်ပြီး မချိမဆန့် သေသွားတဲ့ ပုံစံတွေ တွေ့တယ်” ဟု ဆိုသည်။
သေဆုံးခဲ့သူများမှာ ကိုအာကာစိုး ၁၄ နှစ်၊ ကိုဆန်းမင်းဦး ၁၇ နှစ်၊ ကိုသန်းမြင့်အောင် ၁၇ နှစ်၊ ကိုဆန်းကို ၁၇ နှစ်၊ ကိုကျော်သက် ၁၇ နှစ်၊ ကိုချစ်နန်းဦး ၁၉ နှစ်၊ ကိုဝင်းကော် ၂၀ နှစ်၊ ကိုထက်ကို ၂၂ နှစ်၊ ကိုဇင်မင်းထွန်း ၂၂ နှစ် နှင့် ကိုတင့်နိုင် ၃၀ နှစ်တို့ ဖြစ်ကြသည်။

သေဆုံးခဲ့သူ လူငယ်များသည် စစ်တပ်နှင့် ထိပ်တိုက် တွေ့ဆုံပြီး လက်နက်ကိုင်ဆောင်ကာ တိုက်ခိုက်နေသူများ မဟုတ် ဘဲ စစ်တပ်က ရွာတွင်း ဝင်ရောက်စီးနင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင်ရန် ပြုလုပ်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့က ယင်းဖြစ်စဉ်ကို သတင်းဌာနများတွင် ၁၁ ဦး မီးရှို့သတ်ဖြတ်ခံရသည်ဟု ဖော်ပြခဲ့ကြသော်လည်း အဆိုပါ သေဆုံးစာရင်းအနက် ၁ ဦးမှာ အသက်ရှင်လျက်ရှိနေပြီး သေဆုံးအလောင်းမှာ ၁၀ လောင်း ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်း တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့က အတည်ပြုသည်။
အဆိုပါ ဒုန်းတောကျေးရွာသို့ စစ်တပ်က မဝင်ခင် ဒီဇင်ဘာ ၆ ရက်တွင် ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီနှင့် ပုလဲ စသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး ယင်းမာပင်မြို့ တိုက်နယ်ဆေးရုံအနီး မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိသည့်အတွက် ဆားလင်းကြီးမြို့နယ် ရွာများသို့ ဝင်ရောက် အကြမ်းဖက်မှု ပြုလုပ်လာခြင်း ဖြစ် ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့က သုံးသပ်သည်။
ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “သူတို့အနေနဲ့ ဒါမျိုးကိစ္စတွေကို လုပ်တဲ့အခါမှာ ကျနော် တို့တွေ ကြောက်မယ်လို့ ထင်တာ။ ကျနော်တို့ မကြောက်ဘူး။ သူတို့လုပ်လို့ ပိုပြီးတော့ ခံပြင်းတာရော၊ မကျေနပ် တာတွေရော အကုန်ပေါင်းပြီး လုံးဝ ဆက်တိုက်မယ်။ အရင်ကထက် ပိုပြီးတော့ အရှိန်မြှင့်မယ်” ဟု ပြောသည်။
ယနေ့ နံနက်ပိုင်းတွင်လည်း အဆိုပါ လူငယ်များ မီးရှို့သတ်ဖြတ်ခံရသည့် နေရာနှင့် မလှမ်းမကမ်းရှိ တဲအိမ်တခုတွင် စိတ် ဝေဒနာ ခံစားနေရသူ အသက် ၆၁ နှစ်ရှိ ဒေါ်ဝင်းရီ၏ ရုပ်အလောင်းကို လည်ပင်း၌ ထိုးသွင်းဒဏ်ရာများဖြင့် ထပ်မံ တွေ့ ရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ဒုန်းတောသို့ မဝင်ခင် ကုန်းတော၊ ကျေးစာကျ၊ ဘိန်းနွယ်ချောင်း၊ ကံကုန်းစသည့် ကျေးရွာများကို လည်း ဝင်ရောက်စီးနင်းခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ဒီဇင်ဘာ ၄ ရက်ကလည်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ သံဖိုကျေးရွာမှ အသက် ၂၄ နှစ်အရွယ်ရှိ ကိုလားရိုမွာလ်သည် မြစ်သာမြစ် အရှေ့ဘက်ကမ်းရှိ ၎င်း၏ ပဲစိုက်ခင်းတွင် အလုပ်လုပ်နေစဉ် စစ်တပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့ ပြီးနောက် မီးရှို့သတ်ဖြတ်ခံခဲ့ရသည်။
ထို့ပြင် ဒီဇင်ဘာ ၅ ရက်ကလည်း ကလေးမြို့နယ်၊ ချောင်းခွကျေးရွာတွင် နေထိုင်သည့် ဦးငွန်နယ်ထန်းကို စစ်တပ်က မြစ် သာမြစ် အရှေ့ဘက်ခြမ်းရှိ အိုးမြေထူးကျေးရွာသို့ ခေါ်ဆောင်သွားကာ အိမ်တအိမ်တွင် မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် သေဆုံးသူ စုစုပေါင်း ၁,၃၀၅ ဦး ရှိပြီ ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ခံ ရရှိထားသည့် စာရင်း များအရ သိရသည်။