သတင်း

တရုတ်နှင့် မြန်မာအရေး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အရှေ့တောင်အာရှ လာမည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကင်သည် တရုတ်ဩဇာကို တန်ပြန်ရေး အမေရိကန်၏ မဟာဗျူဟာမြောက် အရေးပါမှုအား ပြသရန်နှင့် အခြေအနေ “ပိုဆိုးလာနေသော” မြန်မာအရေး ပိုတိုးလုပ်ဆောင်ရန် လာမည့် သီတင်းပတ်တွင်း အရှေ့တောင်အာရှသို့ လာရောက်မည်ဖြစ်သည်။

ဘလင်ကင်သည် ကမ္ဘာ့ခရီးစဉ်အနေဖြင့် ဒီဇင်ဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ အင်္ဂလန်နိုင်ငံ၊ လီဗာပူးလ်တွင် G7 ထိပ်သီး ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဟု ဘလင်ကင်၏ ပြောခွင့်ရသူ နက်ဒ် ပရိုက်စ်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

G7 ထိပ်သီး ခေါင်းဆောင်များနှင့် ဘလင်ကင် ဆွေးနွေးမည့် ကိစ္စများထဲတွင် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့အကြား အခြေအတင်ဖြစ်နေသည့် “ယူကရိန်း နယ်စပ်တွင် ရုရှားတပ်များ ခြေကုပ်ယူနေသည့် ကိစ္စ” လည်း ပါဝင်ကြောင်း သိရသည်။

တရုတ်၏ ရန်လိုမှုကို စိန်ခေါ်ရန် အမေရိကန် နိုင်ငံခြားရေးမူဝါဒ ဦးစားပေးမှုကို ပြသသည့်အနေဖြင့် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ကိုလည်း ဝင်ရောက်မည်ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဘလင်ကင်သည် “အင်ဒို-ပစိဖိတ် ဒေသ၏ အရေးပါမှု” အကြောင်း မိန့်ခွန်းပြောမည်ဖြစ်ပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်မှု ဒေသတွင်း “လွတ်လပ်မှုနှင့် ပွင့်လင်းမှု” တည်မြဲရန် လိုအပ်ကြောင်း မိန့်ခွန်းပြောလိမ့်မည်ဟု ပရိုက်စ်က ပြောသည်။

တရုတ်နိုင်ငံသည် အထူးသဖြင့် တောင်တရုတ်ပင်လယ်အရေးနှင့် ပတ်သက်၍ ဒေသတွင်း၌ ခြိမ်းခြောက်မှုနှင့် ဖိအားပေးမှုများ လုပ်နေသည်ဟု အမေရိကန်က စွပ်စွဲထားသည်။

“နိုင်ငံတိုင်းမှာ ဝန်ကြီး ဘလင်ကင်က အခြေအနေ ဆိုးလာနေတဲ့ မြန်မာပြည်က အကျပ်အတည်းကို ထုတ်ဖော်ပြောဆိုသွားမှာပါ” ဟုလည်း ပရိုက်စ်က ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ အာဏာသိမ်းမှုနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်မှုများအပေါ် အမေရိကန်က အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချပြီး ဖြစ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင်များနှင့် မိသားစုဝင်များ၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်ပတ်သက်သူများအားလည်း အရေးယူပိတ်ဆို့ထားသည်။

ဘလန်ကင်ခရီးစဉ်မတိုင်မီ မြန်မာပြည်အရေး ကိုင်တွယ်ရန် အမေရိကန် နိုင်ငံခြားရေး အဆင့်မြင့်အရာရှိများ ဒေသတွင်းလာရောက်ခဲ့ကြသေးသည်။

ဘလင်ကင်သည် ခရီးစဉ်ကို ဒီဇင်ဘာ ၁၇ ရက်နေ့၌ ဟာဝိုင်အီတွင် အဆုံးသတ်မည် ဖြစ်ကြောင်း သိရသည်။

ကိုးကား။ ။ AFP

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်မှုအပေါ် နိုင်ငံတကာ တုံ့ပြန်ချက်များ

အာဏာသိမ်း စစ်တပ် လူ့အခွင့်အရေး လေးစားလိုက်နာရန် နိုင်ငံတကာ သတိပေးထုတ်ပြန်

စစ်ကောင်စီ ငွေရှာတဲ့ ကျောက်မျက်လုပ်ငန်းကို အမေရိကန်ပိတ်ဆို့အရေးယူ

Loading