သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းထားသူများ ပြန်လွှတ်ရန် ကုလလုံခြုံရေးကောင်စီ တောင်းဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအဝင် တခြားသော ပုဂ္ဂိုလ်များအား ထောင်ဒဏ်ချမှတ်ခြင်းအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် အလွန်စိုးရိမ်ကြောင်းနှင့် မတရားဖမ်းဆီး ထားသူ များအား ပြန်လွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၈ ရက်တွင် ကြေညာချက်တစောင် ထုတ်ပြန် ခဲ့သည်။

အဆိုပါ ကြေညာချက်အား ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ Abdou Abarry က အဖွဲ့ဝင် ၁၅ နိုင်ငံကိုယ်စား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပြန်လည်ဖော်ဆောင်ရန်နှင့် ဒီမိုကရေစီ အဖွဲ့အစည်းများ ဆက်လက် ရပ်တည်ရှင်သန်ခွင့် ပေးရန်လည်း လုံခြုံရေးကောင်စီက ထပ်မံ တောင်းဆိုထား သည်။

ထို့ပြင် အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် အကြမ်းဖက်မှုများအား ရှောင်ကြဉ်ရန်နှင့် မြန်မာပြည်သူလူထုဆန္ဒ အကျိုး စီးပွားနှင့်အညီ အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရန်လည်း တိုက် တွန်းထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် ဆက် လက် ထောက်ခံ ကူညီမည် ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်အား စစ်ကောင်စီက စွဲဆိုထားသည့် အမှုများ အနက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံစေရန် စစ်ကောင်စီ ထိန်းချုပ်သည့် နေပြည်တော် အထူးသီး သန့် တရားရုံးက ဒီဇင်ဘာ ၆ ရက်တွင် အမိန့်ချခဲ့သည်။

သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောင်ဒဏ် ၂ နှစ်အား လွတ်ငြိမ်းခွင့်ပြု ကြောင်းနှင့် ကျန် ၂ နှစ်အား လက်ရှိ ချုပ်နှောင်ထားသည့် နေရာတွင်ပင် ကျခံရမည် ဖြစ်ကြောင်း ယင်းနေ့ ညပိုင်း၌ပင် ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြုချက်များအရ စစ်တပ်က အာဏာသိမ်း ခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၈ ရက်နေ့ထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၇၈၆၀ ဦးရှိပြီး ၎င်းတို့ အနက်မှ ၃၆၃ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရကာ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး ၂ ဦး အပါအဝင် ၃၆ ဦးမှာ သေဒဏ် ချမှတ်ခံထားရသည်။

ထို့ပြင် ဖမ်းဝရမ်း ထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၆၃ ဦးအနက် မျက်ကွယ်သေဒဏ် ချမှတ်ခြင်း ခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရရာ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၇၅ ဦးရှိပြီ ဖြစ်သည်။

You may also like these stories:

စစ်ခေါင်းဆောင်သားနှင့် ဗိုလ်ချုပ်ဟောင်းများက ဒလန်လုပ်မှုဖြင့် သတ်ခံရသူများအတွက်ငွေလှူ

မန္တလေး၌ အင်အားသုံး ကျူးကျော်ရှင်းလင်းမှုကြောင့် နေထိုင်ရေး အခက်တွေ့နေ

Loading