၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားရေးဝန်ကြီးတနေရာ အနိုင်ရထားသည့် ကယန်းအမျိုးသားပါတီ (KNP) အား့် ကယန်းပြည်သစ်ပါတီ (KNLP)က ထိန်းချုပ်လိုက်ခြင်းမှာ လူထုဆန္ဒနှင့် မကိုက်ညီကြောင်း KNP ပါတီက ကြေညာချက် ထုတ်၍ ကန့်ကွက်လိုက်သည်။
ကယန်းပြည်သစ်ပါတီ(KNLP)မှ ကယန်းအမျိုးသားပါတီ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီကို ဖွဲ့စည်းကြောင်း ဒီဇင်ဘာ ၇ ရက်က ကြေညာပြီးနောက် ထိုလုပ်ရပ်သည် လူထုဆန္ဒနှင့် မကိုက်ညီသလို KNP ၏ ညီလာခံရလဒ်ကိုလည်း သွေဖည်နေကြောင်း ဒီဇင်ဘာ ၈ ရက်တွင် KNP ဘက်က ကြေညာချက်ထုတ် တုံ့ပြန်ခဲ့သည်။
ကယန်းပြည်သစ်ပါတီကမူ KNP ပါတီ၏ ဗဟိုကော်မတီဝင် တဦးချင်းသည် စစ်အစိုးရ၏ ဖမ်းဆီးခြင်းမှ လွတ်ရာသို့ တိမ်းရှောင်ကြရာမှ ပါတီဗဟိုဦးစီးစနစ် ပျောက်ကွယ်လာရပြီး KNP လည်း ပြိုပျက်သည့် အနေအထားရောက်နေ၍ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီဖွဲ့ကာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ KNP အား မသမာသူအချို့၏ အလွဲသုံးစား အသုံးပြုခံရခြင်း အန္တရာယ်မှ ကာကွယ်ရန်၊ အချို့အတိုက်အခံ နိုင်ငံရေးသမားများ၏ အလွဲသုံးစားပြုခံရခြင်း အန္တရာယ်မှ ကာကွယ်ရန် မူလတာဝန်ရှိသည့် ကယန်းပြည် သစ်ပါတီမှ ကယန်းအမျိုးသားပါတီ ထိန်းသိမ်းစောင့်ရှောက်ရေး ကော် မတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ကယန်းအမျိုးသားပါတီ(KNP) ဥက္ကဋ္ဌ ခွန်းဘီထူးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “အခုလို တော်လှန်ရေး ကာလမှာ နောက်ကနေ ပါတီအာဏာသိမ်းခံ ရမယ်မထင်ထားဘူး။ အားနာမိတယ် ပါတီနိုင်ငံရေး မိတ်ဖက်များအပေါ်။ ပါတီ/အဖွဲ့အစည်းဆိုတာ ရက်စက်တတ်ကြတယ်။ ဒါပေမဲ့ အမျိုးသားရေးနဲ့ နိုင်ငံရေး ခံယူချက်များတော့ အညံ့မခံကြပါနဲ့။ လူထုကသာ အဓိကပါ” ဟု ရေးသားထားသည်။
ခွန်းဘီထူးသည် ကယန်းအမျိုးသားပါတီ(KNP)၏ ဥက္ကဋ္ဌ ဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဒုဝန်ကြီးလည်း ဖြစ်ပြီး၊ သူ့အား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ လတ် တလော မဖြေကြားလိုသေးကြောင်း ပြောသည်။
KNP ပါတီ အနေဖြင့် ပါတီဖွဲ့စည်းပုံနှင့် ရွေးကောက်တင်မြှောက်မှု စည်းမျဉ်းစည်းကမ်းအရ ဗဟိုကော်မတီဝင် အသစ်များကို ညီလာခံမှ လူထုမဲဖြင့် ပြန်လည်ရွေးကောက်တင်မြှောက်ရမည် ဖြစ်သော်လည်း ၂၀၂၁ တွင် နိုင်ငံရေး ကပ်ဆိုက်မှုကြောင့် ညီလာခံ ခေါ်ယူခြင်း မလုပ်နိုင်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် KNP ညီလာခံမှ ရွေးကောက်တင်မြှောက်ခံရသော ဗဟိုကော်မတီဝင် များသည် ယနေ့တိုင် KNP ၏ တရားဝင် လူထုရွေးကောက်တင်မြှောက်ထားသော ကိုယ်စားလှယ်များပင် ဖြစ်နေဆဲဟု ယင်းပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ကယန်းပြည်သစ်ပါတီနှင့် ကယန်းအမျိုးသားပါတီသည် တိုက်ရိုက် ပတ်သက်မှု မရှိ၊ ကယန်းပြည်သစ်ပါတီ သည် လက်နက်ကိုင် တော်လှန်ရေးပါတီဖြစ်ပြီး ကယန်းအမျိုးသားပါတီသည် နိုင်ငံရေးပါတီ ဖြစ်ကြောင်းလည်း ပါရှိသည်။
KNP အနေဖြင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ပါတီလုပ်ငန်းများ လုပ်ဆောင်နိုင်ခြင်း မရှိတော့သဖြင့် KNP ဗဟိုအလုပ် အမှုဆောင် ကော်မတီ၏ အစည်းအဝေးဆုံး ဖြတ်ချက်အရ KNP ၏ လုပ်ငန်းများ အားလုံးကို ယာယီရပ်ဆိုင်းထားရန် သဘောတူ ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်းလည်းဆိုသည်။
၂၀၁၀ မေလတွင် တည်ထောင်ခဲ့သည့် KNP ပါတီသည် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၆ နေရာ ၌ ဝင်ရောက်ယှဉ်ပြိုင်ရာ ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီး ၁ နေရာနှင့် ပြည်နယ်လွှတ်တော် ၁ နေရာ အနိုင် ရရှိခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်မူ ဝင်ပြိုင်သည့် မဲဆန္ဒနယ် ၁၀ နေရာစလုံး၌ ရှုံးနိမ့်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မဲဆန္ဒနယ် ၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှမ်းပြည်နယ်၌ ကယန်းတိုင်းရင်းသားရေးရာ ဝန်ကြီး ၁ နေရာ အနိုင်ရရှိခဲ့သည်။
ကယန်းပြည်သစ်ပါတီ (KNLP) သည် ကယားပြည်နယ် ဖယ်ခုံမြို့နယ် ဆီဘူးရွာတွင် အခြေစိုက်ပြီး အင်အား ၁,၀၀၀ ခန့်ရှိ သည့် ကယန်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး ၁၉၉၄ ခုနှစ် န.ဝ.တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့) လက်ထက်တွင် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး ယူခဲ့သည်။
၂၀၀၉ တွင် စစ်အစိုးရက ကယန်းပြည်သစ်ပါတီကို ပြည်သူ့စစ်အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း KNLP က ပါတီ အဖွဲ့အစည်းအနေဖြင့် ဆက်လက် ရပ်တည်နေခြင်း ဖြစ်သည်။
You may also like these stories:
ရန်ကုန်ပြောက်ကျားစစ် ကျဆုံးသွားပြီလား
ဆားလင်းကြီးက ဒေသခံ ၁၀ ဦး နှိပ်စက်ပြီးမှ မီးရှို့သတ်ခံရခြင်းဖြစ်
စစ်ကောင်စီအောက်က နိုင်ငံရေးဆွေးနွေးပွဲကို RCSS မျှော်လင့်နေသလား