မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ) အစိုးရလက်ထက် ပညာရေး ဒုဝန်ကြီးတာဝန်ယူခဲ့သည့် ဒေါက်တာ ညီညီ (၉၁နှစ်)သည် အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့တွင် ယနေ့ကွယ်လွန်ကြောင်း သိရသည်။
တော်လှန်ရေးကောင်စီလက်ထက် ချမှတ်ခဲ့သည့် မအောင်မြင်သော စနစ်သစ်ပညာရေးနှင့် ပတ်သက်၍ တာဝန်အရှိဆုံးသူဟု ဝေဖန်ခံရသည့် ဒေါက်တာညီညီမှာ ဧရာဝတီတိုင်း မြောင်းမြဇာတိဖြစ်သည်။
၁၉၃၀ ခုနှစ်တွင် မွေးဖွားပြီး ၁၉၅၁ ခုနှစ်တွင် ဘူမိဗေဒဘာသာရပ်ဖြင့် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
ငယ်စဉ်ကတည်းက စာသင်ပြခြင်းအပေါ် စိတ်ဝင်စားပြီး သူ၏ အမြင့်ဆုံးပန်းတိုင်မှာ တက္ကသိုလ်ပါမောက္ခ ဖြစ်ရေးပင် ဖြစ်ရာ ၁၉၅၆ ခုနှစ်တွင် လန်ဒန်တက္ကသိုလ်မှ ဘူမိဗေဒ ပါရဂူဘွဲ့ကို ရယူပြီးနောက် ရန်ကုန်တက္ကသိုလ်တွင် ပါမောက္ခ တာဝန်ကို ထမ်းဆောင်ခဲ့သည်။
သို့သော် ၁၉၆၃ ခုနှစ် ကျောင်းပိတ်ရက်တရက် အတွင်းဝန်ရုံးရှိ သူငယ်ချင်း ဗိုလ်မှူးမောင်မောင်သန်းထွန်းထံ သွားရောက်လည်ပတ်ရာမှ ပညာရေးဌာန တွဲဖက်အတွင်းဝန် ဒု ဗိုလ်မှူးကြီးမောင်လွင်နှင့် ခင်မင်သွားရာ နောက်ဆုံး စနစ် သစ်ပညာရေး စီမံကိန်းတွင် တစိတ်တပိုင်းအဖြစ် ပါဝင်လာခြင်းဖြစ်သည်။
ထိုစဉ်က ပညာရေးဌာန တာဝန်ခံမှာ ဗိုလ်မှူးကြီး လှဟန်ဖြစ်သည်။ ၁၉၆၅ ခုနှစ် မေလတွင် စနစ်သစ် တက္ကသိုလ် ဖွဲ့စည်းပုံအရ ပေါ်လာသည့် တက္ကသိုလ်များ အုပ်ချုပ်ရေးရုံး ညွှန်ကြားရေးမှူး တာဝန်နှင့် ပညာရေးဌာနအတွင်းဝန် တာဝန်ကို ဒေါက်တာညီညီအား ပေးခြင်းခံခဲ့ရသည်။
၁၉၇၀ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် တိုးမြှင့်ခြင်း ခံရပြီး၊ ၁၉၇၄ ခုနှစ်တွင် ပညာရေး ဒုဝန်ကြီးမှ ဖယ်ရှားကာ သတ္တုဝန်ကြီးဌာန ဝန်ကြီး အဖြစ် တိုးမြှင့်ပြောင်းရွှေ့တာဝန်ပေးခံရသည်။
ဒေါက်တာညီညီ ဖယ်ရှားခံရမှုနှင့် ပတ်သက်၍ ဝါရင့်ပညာရေးသုတေသီ ဆရာကြီး ဦးသန်းဦးက “ဒေါက်တာ ညီညီ အကြောင်းကို Time မဂ္ဂဇင်းမှာ မျက်နှာဖုံးပုံ ပါလာတော့၊ ဦးနေဝင်းက သူ့နေရာကို ဦးသန့်တို့လို ယူမယ့်လူ ထင်ပြီး တရုတ်သွေး ပါတယ်လို့ စွပ်စွဲပြီး ပ ထုတ်လိုက်တာပဲ၊ ဘာမှ အပြစ်အနာအဆာ မရှိဘူး၊ အကျင့်စာရိတ္တလည်း ကောင်း တယ်၊ ဒါပေမယ့် သိမ်သိမ် မွေ့မွေ့နေရာ ဖယ်လိုက်တာပဲ၊ သတ္တုတွင်း ဝန်ကြီး ဌာနကို ပို့တယ်၊ နောက်တော့ သံအမတ် ကြီး အဲဒီကမှ အနားယူ ဒါပဲ၊ အလားအလာ ရှိသူကို မထားချင်တဲ့ သဘောပေါ့၊ ဒေါက်တာညီညီက ပညာတတ်ပဲဗျာ၊ ဒီလိုဘယ်နေမလဲ၊ ကုလသမဂ္ဂကို သွားတယ်၊ ယူနီဆက်မှာ ဒါရိုက်တာအထိ လုပ်သွားတယ်၊ ဒါကြောင့် ဒေါက်တာ ညီညီက ထိုင်နေတဲ့ လူစားမဟုတ်ဘူး၊ အကျိုးရှိရာရှိကြောင်း လုပ်ရမှ ကျေနပ် တဲ့ လူမျိုးပါ”ဟု ၂၀၁၃ခုနှစ်က ဧရာဝတီသို့ ဖြေကြားခဲ့ဖူးသည်။
နောက် ၁၉၇၅ ခုနှစ်တွင် သတ္တုတွင်း ဝန်ကြီးဌာနမှ သြစတြေးလျနိုင်ငံများတွင် မြန်မာသံအမတ်ကြီးအဖြစ် တာဝန် ပေးခံခဲ့ရသည်။
ဒေါက်တာညီညီ ပညာရေးဝန်ကြီးဌာနတွင် ၉ နှစ်ကျော် တာဝန်ထမ်းဆောင်စဉ်အတွင်း စာမတတ်သူ ပပျောက်ရေး “အ” သုံးလုံး လှုပ်ရှားမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သဖြင့် မြန်မာနိုင်ငံ စာတတ်မြောက်ရေး ဆောင်ရွက်မှုများကို ယူနက်စကိုက အသိအမှတ်ပြုခဲ့ရသလို၊ လူရည်ချွန်စီမံကိန်းများ၊ ကျောင်းသားပွဲတော် စသည်တို့မှာ ထင်ရှားသည်။
၁၉၇၈ ခုနှစ်တွင် အစိုးရတာဝန်များမှ အနားယူကာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တွင် အကြံပေးနှင့် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်အပြင် ကုလသမဂ္ဂ ဖွံဖြိုးမှု အစီအစဉ် (UNDP)၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ရာမှ အငြိမ်းစားယူပြီးနောက် လူထုကျန်းမာရေးနှင့် သက်ဆိုင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် ကူညီလုပ်ဆောင်မှုများ ဆက်လက်ပြုလုပ်ခဲ့သည်။
ဒေါက်တာ ညီညီသည် ပညာရေးနှင့် ပတ်သက်သည့် ဆောင်းပါးများစွာ ရေးခဲ့ရာ၊ သူငယ်ချင်းများဖြစ်သည့် စာရေးဆရာ ကျော်အောင်၊ မင်းကျော်၊ မင်းလှညွှန့်ကြူးတို့က စာအုပ်အဖြစ် ထုတ်ဝေရန် တိုက်တွန်းသဖြင့် “စနစ်သစ်ပညာ ရေး” အမည်ဖြင့် ပုဂံစာအုပ်တိုက်မှ ထုတ်ဝေခဲ့သည်။
ထိုစာအုပ်တွင် အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုသော ပညာရေး၊ သိပ္ပံပညာ ဦးစားပေးရေး၊ စာရိတ္တမြင့်မားမှုကို အခြေခံရေး၊ အထက်တန်းပညာကို ဉာဏ်ပညာ ထက်မြက်ပြီး အထက်တန်းကို မှီအောင်လိုက်နိုင်မည့် ကြိုးစားသူများကိုသာ အထူးအားပေးသင်ကြားခွင့်ပြုရေး၊ ခေတ်နှင့်လျော်ညီသည့် သင်ရိုးညွှန်းတမ်းများ ပြောင်းရေး၊ မြန်မာဘာသာကို သင်ကြားမှု မဏ္ဍိုင်ဖြင့် သတ်မှတ်ရေး၊ သုတေသနအားပေးရေး၊ အခြေခံပညာ လူတိုင်းသင်ခွင့် ရရေး၊ ဘက်စုံပညာရေးတို့နှင့် ပတ်သက်၍ သူ၏ အမြင်သဘောထားများကို ဖော်ထုတ်ရေးသားခဲ့သည်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရ၏ မအောင်မြင်သော စနစ်သစ်ပညာရေးတွင် ဒေါက်တာညီညီအား စွပ်စွဲနေမှုများနှင့် ပတ်သက်၍ “ဒေါက်တာ ညီညီက ဘူမိဗေဒ ပါမောက္ခပေမယ့် ပညာရေး အပိုင်းမှာလည်း အများကြီး လေ့လာထားသူပါ၊ စိတ်နေ စိတ်ထားလည်း ကောင်းတယ်၊ အမှန်က သူ ဖျက်ဆီးတာ မဟုတ်ပါဘူး၊ ဦးနေဝင်း ဖျက်ဆီးတာပါ၊ ၁၉၆၄ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေး တက္ကသိုလ် ဥပဒေ နှစ်ခုစလုံးကို ရုပ်သိမ်းလိုက်တယ်၊ ဒါဟာ ဒေါက်တာ ညီညီအနေနဲ့ ဖျက်သိမ်းနိုင်တဲ့ ပါဝါမရှိဘူး၊ ဆိုလိုချင်တာ တက္ကသိုလ်ပညာရေးရော အခြေခံပညာရေးကိုပါ ဖျက်ဆီးခဲ့တာ ဆရာညီညီ မဟုတ်ဘူး၊ ဝန်ကြီးလည်း အာဏာမရှိ ဒုဝန်ကြီးလည်း အာဏာမရှိ၊ ဦးနေဝင်းပဲ အာဏာရှိ တာလေ”ဟု ပညာရေးသုတေသီ ဆရာကြီး ဦးသန်းဦးက သုံးသပ်သည်။
You may also like these stories:
“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”
ရွှေပြည်တော် မျှော်တိုင်းဝေးနေသေးသည့် လွတ်လပ် ခေတ်မီသော သုတေသန အသိုက်အဝန်း
အမှတ်ရနေမည့် ကွယ်လွန်သူ သမိုင်းပညာရှင် မိုက်ကယ်အောင်သွင်