စစ်ကောင်စီက ဝင်ငွေရှာရန် အတွက် နေပြည်တော်တွင် ယူရိုငွေဖြင့် ရောင်းချမည့် နိုင်ငံတကာ ကျောက်မျက် ရတနာ ရောင်းချပွဲကို ဒီဇင်ဘာလ ၁၇ ရက်မှ ၂၂ ရက်အထိ ကျင်းပရန် စီစဉ်နေကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များထံမှ သိရသည်။
အဆိုပါ ပြပွဲနှင့် ပတ်သက်ပြီး သတင်းမပေါက်ကြားစေရေးအတွက် စစ်ကောင်စီက စီစဉ်နေသလို ပြည်တွင်းလုပ်ငန်းရှင်များ အပြင် နိုင်ငံခြားသား တချို့ကိုပါ ဖိတ်ကြားထားမှုများ ရှိနေကြောင်း ကျောက်မျက်ရတနာ ကုန်သည်တဦးက ပြောသည်။
၎င်းက “ပြည်တွင်းကုန်သည်တင် မဟုတ်ဘူး။ နိုင်ငံခြားသားပါတယ်ဗျ။ ပတ္ထမြား၊ နီလာပါရင်တော့ တခြားနိုင်ငံတွေက စိတ်ဝင်စား မယ်။ ဒါပေမယ့် ကျောက်စိမ်းချည်းပဲ ဆိုရင်တော့ များသောအားဖြင့် တရုတ်ပဲများမယ်။ ကျောက်စိမ်း log(အတွဲ) အရေ အတွက် ၇၀၀ ကနေ ၁၀၀၀ ကြားလောက် ရှိမယ်ပြောတယ်။ သူတို့စီစဉ်တဲ့ ဟိုတယ်နေရာထိုင်ခင်းမှာ တည်းခိုရမယ် စတဲ့ ကန့်သတ်ချက် တချို့တော့ရှိတယ်” ဟု ဧရာဝတီသို့ အတည်ပြုသည်။
အခြေခံကြမ်းခင်းဈေး ယူရိုငွေ ၅,၀၀၀ အထက် ကျောက်စိမ်းအရိုင်းနှင့် ယူရို ၁,၀၀၀ အထက် ကျောက်စိမ်း အချောထည် များကို တင်ဒါစနစ်ဖြင့် ရောင်းမည်ဟု သိရသည်။
ကျောက်ကုန်သည်တဦးက “အဓိက ပြောရရင်သူတို့က ပြည်ပ ဝယ်လက်ကို ထားတာ။ ရှင်းရှင်းပြောရင် လက်သိပ်ထိုး ခေါ်ရောင်းတာ။ ခါတိုင်းလို တရားဝင်ပွင့်ပွင့် လင်းလင်း လုပ်တဲ့ ပွဲမဟုတ်ဘူး။ သတင်းလည်း မထုတ်ပြန်ဘဲနဲ့ ဟိုလူပြောတာ နားထောင်ရ ဒီလူပြောတာနားထောင်ရနဲ့ မြန်မာကျောက်မျက်ရတနာ လုပ်ငန်းနဲ့ နီးစပ်တဲ့ သူတွေ ပြောတာတော့ ဒီပြင် မိုးကုတ်ကျောက်လည်း ပါမယ်။ ဒါပေမယ့် နည်းတယ်တဲ့ အဓိကရောင်းတာတော့ ကျောက်စိမ်းပဲ များမယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းကျောက်မျက်ပြပွဲနှင့် ပတ်သက်ပြီး ပြည်နယ်နှင့် တိုင်းရှိ ကျောက်မျက်ရတနာ အသင်းအဖွဲ့များသို့လည်း အကြောင်း ကြားခြင်း မရှိကြောင်း၊ ပြပွဲအတွင်း အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အဖွဲ့အစည်းများ၏ တိုက်ခိုက်မှုကို ကာကွယ်လိုသော သဘောဖြင့် ပြည်တွင်းကုန်သည်များ၏ တက်ရောက်ခွင့်ကိုပါ ကန့်သတ်သည့်သဘောဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ထား သည်။
ဆက်လက်၍ ၎င်းက “အခုက ကျနော်တို့လို ကုန်သည်မပြောနဲ့ သူတို့စီမံဌာနကတော့ ဘယ်ကုမ္ပဏီနဲ့ လုပ်မယ်ဆိုတာ မသိဘူး။ ကျနော်တို့ နယ် အသင်းခွဲတွေက သိရတယ်။ အခု စာလည်းမရောက်ဘူး။ အရင်က ကျနော်တို့ သွားတဲ့ ပွဲတွေက ကြမ်းခင်းဈေးကို ယူရိုနဲ့ ခင်းထားတယ်။ အဲ့ဒီတော့ ကျနော်တို့ deposit တင်မယ်ဆိုရင် ဥပမာ ယူရို ၂၀၀၀၀ တင်မယ်ပေါ့။ ဒီနေ့ တယူရို ကျပ် ၁၅၀၀ ပေါက်ရင် မြန်မာငွေ သိန်း၃၀၀ သွင်းရင်ရတယ်ပေါ့။ အခုက သူတို့က အသွင်းမခံဘူး။ ဒေါ်လာကို ပဲ သွင်းခိုင်းတယ်။ အနည်းဆုံး သူတင်တဲ့ ကျောက်ကို စွဲမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၂ သောင်းတင်ရမယ်” ဟု ပြောသည်။
ထို့ကြောင့် ပြပွဲတွင် လေလံစွဲမည့် သူများအနေနှင့် ဒေါ်လာနှင့်သာ deposit တင်ရမည် ဖြစ်ပြီး ဒေါ်လာကို လက်ငင်းငွေသား နှင့် သာ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။
ပြပွဲကို တရုတ်ဝယ်လက်ကိုသာ အဓိကထားပြီး ပြည်တွင်းဝယ်လက်များကို စည်းကမ်းချက်အများကြီးနှင့် တင်းကြပ်ထား ကြောင်း စစ်ကောင်စီနှင့် ထိပ်ပိုင်း ကျောက်မျက်ရတနာ လုပ်ငန်းရှင်ကြီးအချို့က ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ကျောက်ကုန်သည်အသိုင်းအဝိုင်းက ဆိုသည်။
ထိုပြပွဲအတွင်း စစ်ကောင်စီ၏ ကျောက်မျက်ဌာနနှင့် အကျိုးတူလုပ်ဆောင်နေသည့် ကုမ္ပဏီများက ကျောက်စိမ်းတွဲပေါင်း ၅၀၀ ကျော်၊ မြန်မာ့စီးပွားရေး ဦးပိုင်က အတွဲပေါင်း ၁၀၀ နှင့် စုစုပေါင်း အတွဲပေါင်း ၆၀၀ ရောင်းချမည်ဟု ပထမပိုင်းက ကြားရသော်လည်း အခုရက်ပိုင်းတွင် ပြင်ပကုမ္ပဏီအချို့က ကျောက်စိမ်းတွဲများကို အတင်ခံသောကြောင့် ခန့်မှန်းချေ အတွဲပေါင်း ၈၀၀ ကျော်ခန့် ရောင်းချဖွယ်ရှိကြောင်း သိရသည်။
NLD အစိုးရလက်ထက် ကျောက်မျက်ပြပွဲများတွင် ရောင်းဝယ်လိုလျှင် ယူရိုငွေ ၂၀,၀၀၀ နှင့် ညီမျှသည့် မြန်မာကျပ်ငွေကို စပေါ်အဖြစ် လက်ခံခဲ့သော်လည်း စစ်ကောင်စီကမူ မြန်မာကျပ်ငွေလက်မခံ၊ ဒေါ်လာနှင့်သာ ပေးသွင်းရမည်ဟု စည်းကမ်း သတ်မှတ်ထားသည်။
ထို့အပြင် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားသူ၊ ပြပွဲမတိုင်မီသုံးရက်အလို ဆေးစစ်ရာတွင် ကိုဗစ်ပိုးမတွေ့သူကိုသာ တက်ရောက် ခွင့်ပြုမည်ဟု စစ်ကောင်စီက အကြောင်းကြားထားကြောင်းလည်း ဆိုသည်။
စစ်ကောင်စီအနေနှင့် အာဏာသိမ်းပြီး နောက်ပိုင်း ဧပြီလတွင် မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲတခုကို နေပြည်တော်တွင် ပြုလုပ်ခဲ့ပြီး ပြပွဲ ရောင်းချခဲ့ခြင်းနှင့် ပတ်သက်ပြီး မည်မျှရရှိခဲ့သည်ကို ထုတ်ပြန်ခဲ့ခြင်းလည်း မရှိပေ။
NLD အစိုးရ လက်ထက် ၂၀၁၉-၂၀၂၀ နှစ်လယ်ကျောက်မျက်ပွဲမှ ယူရို ၄၃၉ သန်းကျော်၊ ကျပ်ငွေဖြင့်ရောင်းချသည့်ပွဲမှ ကျပ်သန်း ၄၇၃၆၀ ကျော်ရကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း ထုတ်ပြန်ထားသည်။
အာဏာသိမ်း စစ်ကောင်စီက ကျောက်မျက်အခွန်အခများ အတင်းအကျပ်တောင်းခံခြင်း၊ လေလံတင်ရောင်းချခြင်း၊ ပြည်ပတင်ပို့ ခြင်းတို့မှ ငွေရှာနေခြင်းသည် တရားမဝင်သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းထားသည်။
အထက်ပါ ညွှန်ကြားချက်ကို လျစ်လျူရှုပါက ကုမ္ပဏီနှင့် လုပ်ငန်းရှင်များကို အမည်ပျက်စာရင်းသွင်းမည့်အပြင် လိုအပ်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဟု NUG ၏ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဇွန်လတွင် ကြေညာခဲ့သည်။
နိုင်ငံခြားကုန်သည်များကို ခေါ်၍ ယူရိုငွေဖြင့် ရောင်းရန်စီစဉ်ခြင်းမှာ စစ်ကောင်စီက ဝင်ငွေရှာရန်နှင့် အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နေကြောင်း ပြသရန် ဖြစ်နိုင်ကြောင်း လုပ်ငန်းရှင် အသိုင်းအဝိုင်းက သုံးသပ်ထားသည်။
You may also like these stories:
အသိအမှတ်ပြုရန် ဂျပန်ကို NUG တောင်းဆို၊ စစ်ကောင်စီကလည်း အကူအညီများ ပြန်ရရန် သွေးဆောင်
ရေတပ်ဦးစီးချုပ် နှစ်ဦးကြားက တယ်လီနောမြန်မာ အရောင်းအဝယ်
ကီရင်က ဦးပိုင်နှင့် လမ်းခွဲရန် စင်ကာပူ တရားရုံးမှာ အမှုပြန်ဖွင့်
မြန်မာဘီယာထုတ်သည့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ ဖျက်သိမ်းတော့မည်