ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ကြိုးပမ်းမှုအတွက် တရားစွဲ အမှုဖွင့်ခံထားရသည့် မြန်မာနိုင်ငံသား ရဲဟိန်းဇော်သည် သံတမန်တဦးအား လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်း ဒီ ဇင်ဘာလ ၁၀ ရက်တွင် ဝန်ခံခဲ့သည်။
အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့သို့ ရောက်ရှိနေသည့် အသက်၂၀ အရွယ် ရဲဟိန်းဇော်သည် နယူးယော့ခ်တောင်ပိုင်း ခရိုင် White Plains ဖက်ဒရယ် တရားရုံး၊ ခရိုင်တရားသူကြီး Philip M. Halpern ရှေ့မှောက်တွင် ဝန်ခံခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် တရားရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရဲဟိန်းဇော်သည် ပြီးခဲ့သည့် ဩဂုတ်လက သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ရာထူးမှ နုတ်ထွက်ရေး ဖိအားပေးရန် အကယ်၍ ငြင်းဆိုပါက သတ်ပစ်ရန် အခြား ၂ ဦးနှင့် အတူ ပူးပေါင်းကြံစည်ခဲ့ကြောင်း အမေရိကန်အစိုးရရှေ့နေများ၏ ပြော ကြားချက်အရ သိရသည်။
ရဲဟိန်းဇော်သည် တိုက်ခိုက်မှုအတွက် အမေရိကန်ဒေါ်လာ ၅၀၀၀ ပေးရန် သဘောတူခဲ့ကြောင်း အမေရိကန် တရားရေး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အမေရိကန် အစိုးရရှေ့နေ Damian Williams ကလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းအား လုပ်ကြံရန် ကြံစည်သူများကို အရေးယူနိုင်ရေး ကြိုးပမ်း ဆောင်ရွက်မှုနိုင်မှုအတွက် ပါဝင်ဆောင်ရွက်သူများကို ချီးကျူးသည်ဟု ပြောကြားသည်။
“အမေရိကန်မှာ နိုင်ငံခြား သံတမန်တွေနဲ့ အရာရှိတွေရဲ့ ဘေးကင်းစေဖို့နဲ့ ဒီလုပ်ကြံမှု ကျူးလွန်သူတွေကို တရားမျှတမှု ရှိ အောင် ဆောင်ကျဉ်းပေးဖို့ အစိုးရအဆင့်အားလုံးမှာ ကျနော်တို့ရဲ့ တရားဥပဒေစိုးမိုးရေး လုပ်ဖော်ကိုင်ဖက်တွေရဲ့ ကြိုးပမ်းမှုတွေကို ချီးကျူးပါတယ်” ဟု ၎င်းက ထုတ်ပြန်ချက်တွင် ပြောထားသည်။
ရဲဟိန်းဇော်၏ အမှုကို လာမည့် ၂၀၂၂ ခုနှစ် မေလတွင် အမိန့်ချမည်ဖြစ်ပြီး အမိန့်ချပါက ရဲဟိန်းဇော်သည် ထောင်ဒဏ် ၅ နှစ်အထိ ကျခံနိုင်ဖွယ်ရှိကြောင်း AFP သတင်းအရ သိရသည်။
နယူးယောက်မြို့က မြန်မာနိုင်ငံသား ဖြိုးဟိန်းထွဋ်နဲ့ ရဲဟိန်းဇော်တို့ နှစ်ဦးအား သံအမတ်ကြီးကို လုပ်ကြံဖို့ ပူးပေါင်းကြံ စည် မှုဖြင့် ဩဂုတ်လ ၆ ရက်က ဖမ်းဆီးလိုက်ကြောင်း နယူးယောက် တောင်ပိုင်းခရိုင် တရားသူကြီး၊ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) နယူးယောက်ရုံးနှင့် နယူးယောက်ရဲတပ်ဖွဲ့ ကော်မရှင်နာရုံးက ကြေညာခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
ဦးကျော်မိုးထွန်းကို သတ်ဖြတ်ရန် ကြိုးစားမှုနောက်ကွယ်
ဦးကျော်မိုးထွန်းအား လုပ်ကြံရန်ကြိုးပမ်းမှု မြန်မာနှင့် မဆိုင်ဟု စစ်ကောင်စီ ကြေညာ
ဦးကျော်မိုးထွန်းကိစ္စ တရုတ်က မြန်မာ့အရေးကို သတိထား ကိုင်တွယ်နေကြောင်း ပြသ
အင်အားကို စုစည်းပြီးတော့ တတ်နိုင်သမျှ မြန်မြန်ရွှေ့အောင် လုပ်ရမယ်
စစ်ကောင်စီကို တရုတ်က ထောက်ခံမှု အပြည့်အ၀ မပေးသေးတာ ထူးဆန်းလား