ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအန်း (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ် (TNLA) မှ ဆက်ကြေး ကောက် မှု ကို တုံ့ပြန်သည့်အနေဖြင့် ဒီဇင် ဘာလ ၁၃ ရက်မှ ဒီဇင်ဘာလ ၁၇ ရက်အထိ ဈေးမရောင်းဘဲ ဈေးပိတ်၍ ဆန္ဒ ဖော်ထုတ်မည်ဖြစ်ကြောင်း မြို့မ ဈေး သူ၊ ဈေးသားများက ဒီဇင်ဘာလ ၁၁ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။
TNLA အဖွဲ့သည် လတ်တလောတွင် နမ့်ခမ်းမြို့မဈေးမှ ဈေးဆိုင်များအား အတင်းအဓမ္မ ဆက်ကြေးကောက် ခြိမ်းခြောက်မှု များ ပြုလုပ်နေကြောင်း၊ နမ့်ခမ်းဈေးသူ၊ဈေးသားများသည် နိုင်ငံရေးအခြေအနေနှင့် ကိုဗစ် ၁၉ ကပ်ရောဂါ အခြေအနေ များကြောင့် ဝမ်းရေးအတွက် အခက်တွေ့နေရကြောင်း ကြေညာချက်တွင် ပါရှိသည်။
အဆိုပါ အခြေအနေများကြောင့် နမ့်ခမ်းမြို့မ ဈေးသူဈေးသားများ၏ သဘောတူညီချက်အရ မြို့မဈေးကြီးတွင် ဈေးမရောင်း ခြင်း၊ ဈေးပိတ်ခြင်းများ ပြုလုပ်ကာ ဆန္ဒ ဖော်ထုတ်သွားမည် ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
နမ့်ခမ်းမြို့ဒေသခံ တဦးကလည်း TNLA အဖွဲ့က ဆက်ကြေးကောက်သဖြင့် ဈေးသူ၊ဈေးသားများ ယခုကဲ့သို့ ဆန္ဒပြသည်မှာ နမ့်ခမ်းတွင် ပထမဆုံးအကြိမ် ဖြစ်ကြောင်း ပြောသည်။
TNLA အဖွဲ့သည် ယခင်က နမ့်ခမ်းမြို့မဈေးတွင် တခါ ဆက်ကြေးကောက်ပါက တလအတွင်း ပြန်မလာဘဲ ကာလ အတော် ကြာမှသာ တခေါက်ပြန်လာကာ ဆက်ကြေး ကောက်ခံကြောင်း၊ ယခုအခါတွင်မူ ဆက်ကြေးကောက်မှုမှာ ပိုမိုစိပ်လာသဖြင့် ဈေးသည်များ အဆင်မပြေဖြစ်လာကာ ဆန္ဒဖော်ထုတ်လာခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။
“နမ့်ခမ်းမှာက ကိုဗစ်ကာလတုန်းကလည်း Lock Down ထားတော့ ဈေးက မရောင်းရဘူး။ ဈေးရောင်းလို့ ရတာက ၁ လ၊ ၂ လလောက်ပဲ နည်းနည်းလေး ခေါင်းထောင်ခါစ ရှိပါသေးတယ်။ နယ်စပ်ဂိတ်တွေ ပိတ်ထားတော့ တဖက် နိုင်ငံနဲ့လည်း အရောင်းအဝယ်က ပြတ်နေတယ်။ ဒေသခံ အချင်း ချင်းပဲ အရောင်းအဝယ် ဖြစ်နေတာ၊ စားသောက်ကုန်လောက်ပဲ ရောင်း ဖြစ်နေတာပေါ့။ စီးပွားဖြစ်လောက်တဲ့ ကုန်ကြီး ကြီးမားမား အရောင်းအဝယ်က ရပ်ဆိုင်း နေတာပေါ့။ ငွေကြေး မပြေလည် တဲ့ အချိန်မှာ ဒီလိုလာကောက်တော့ လူတွေက လည်း တအား ခက်တဲ့ အခြေအနေရှိတာပေါ့” ဟု နမ့်ခမ်းမြို့ဒေသခံ တဦးက ဆိုသည်။
TNLA ၏ အခွန်ကောက်ခံမှု နှုန်းထားအနေဖြင့် ရရှိသည့် ဝင်ငွေအပေါ်မူတည်၍ အနည်းဆုံး ငွေကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၁၀၀ ခန့်အထိ ပေးဆောင်ရကြောင်း သိရသည်။
နမ့်ခမ်းမြို့မဈေးတွင် TNLA က မကြာခဏ ဆက်ကြေးကောက်နေသည့် အခြေအနေနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်ကို ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် အဆက် အသွယ် မရပေ။
TNLA အဖွဲ့သည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၄ ရက်ကလည်း မိုးကုတ်မြို့က စံပြမုန့်တိုက်ပိုင်ရှင် ဖြစ်သူ ဦးကျော် ဝင်းကို ၁ လကျော်ကြာသည် အထိ ဖမ်းဆီး ထိန်းသိမ်းပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။
ထိုစဉ်က ဦးကျော်ဝင်းအား ဖမ်းဆီးထိန်းသိမ်းရခြင်းသည် အခွန်ပြဿနာကြောင့်ဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က သတင်းမီဒီယာ အချို့သို့ ပြောဆိုဖူးသည်။
အလားတူ ၂၀၁၈ ခုနှစ်ကလည်း နမ်းခမ်းမြို့နေ နန်းမိုဟွမ်ဆိုသည့် အမျိုးသမီးကို ပလောင်(တအာင်း)အမျိုးသား လွတ် မြောက်ရေး တပ်မတော်(TNLA)မှ ဖမ်းဆီးသဖြင့် မြို့လုံးကျွတ်ဆန္ဒပြ တောင်းဆိုခဲ့ဖူးသည်
You may also like these stories:
ဥပဒေ ချိုးဖောက်သည်ဆိုကာ နမ့်ခမ်းမြို့နေ အမျိုးသမီးတဦး TNLA ဖမ်းဆီး
ဖမ်းဆီးထားသော ရှမ်းအမျိုးသမီးကို TNLA “ရုံးတင်”
TNLA မှ ဖမ်းဆီးသွားသည့် နန်းမိုဟွမ် လွတ်မြောက်ရေး ဆန္ဒပြမည်
လူထုအား ဖမ်းဆီး ငွေညှစ်သည့် လက်နက်ကိုင်အဖွဲ့များကို မိုးကုတ်မြို့ခံများ ဆန္ဒပြ
ချဲ ရောင်းတာကို အကြောင်းပြပြီး ပြန်ပေးဆွဲနေသလို ဖြစ်နေတယ်