သတင်း

ကျောက်တော် ဂီတဖျော်ဖြေပွဲ စစ်တပ်တားသော်လည်း ဆက်ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် လူငယ်များ အစည်းအရုံးက ဦးဆောင်ကျင်းပမည့် တေးဂီတဖျော်ဖြေပွဲကို မကျင်းပ ရန်အတွက် စစ်တပ်က လာရောက် ဟန့်တားသော်လည်း ထိုပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တေးဂီတပွဲကို ဒီဇင်ဘာလ ၁၁ ရက်တွင် ကျောက်တော်မြို့ပေါ် မြို့ သစ်ရပ်ကွက်ရှိ ဘောလုံးကွင်း၌ ကျင်းပရန် စီစဉ် ခဲ့ရာ ယင်းနေ့ ညနေ ၄ နာရီဝန်းကျင်တွင် စစ်တပ်က မြို့ထဲသို့ လာရောက်ပြီး ကိုဗစ်ရောဂါ အကြောင်းပြချက်ဖြင့် ပွဲ မကျင်း ပရန် လာရောက် တားမြစ်ခြင်း ဖြစ်ခဲ့သည်။

သို့သော်လည်း အဆိုပါ ဂီတပွဲကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက်တွင် ကျောက်တော်မြို့ပေါ် ရှမ်းရွာရပ်ကွက်သို့ နေရာပြောင်း ရွှေ့ ကျင်းပကြောင်းလည်း ကျောက်တော်မြို့နယ် လူငယ်များ အစည်းအရုံးမှ ကိုအောင်ဟိန်းလင်းက ပြောသည်။

ကိုအောင်ဟိန်းလင်းက “ကျနော်တို့က ဒီဇင်ဘာ ၁၁ ရက်မှာ ပွဲလုပ်ဖို့ စီစဉ်ထားတာ။ အဲဒီနေ့ ညနေပိုင်းမှာပဲ စစ်သား ၁၀၀ ကျော်လောက်နဲ့ မြို့ထဲကို ဝင်လာပြီး ကိုဗစ်အကြောင်းပြချက်နဲ့ လာတားလို့ မလုပ်ဖြစ်ဘူး။ ကျနော်တို့လည်း အားလုံး အကုန်ကျခံပြီး စီစဉ်ထားတာဆိုတော့ ပျက်လို့တော့ မရဘူး။ ဒီနေ့ ဒီဇင်ဘာလ ၁၃ ရက်မှာ အဆင်ပြေမယ့် နေရာတခုကို ရွေးပြီးတော့ ရှမ်းရွာရပ်ကွက်မှာ နေရာ ပြောင်းပြီး ပွဲလုပ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကျောက်တော်မြို့ပေါ် ဘောလုံးကွင်းတွင် ယခုလအတွင်း ဇာတ်ပွဲများ အကြိမ်ကြိမ် ကျင်းပခဲ့သော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တစုံတရာ ဟန့်တားခြင်း မရှိသော်လည်း ယခု ဂီတဖြေဖျော်ပွဲကို လာရောက် တားမြစ်သည်မှာ ၎င်းတို့၏ သြဇာရှိနေသည်ကိုလည်း ပြလိုသည့် သဘောဖြင့် လာရောက် ဟန့်တားခြင်းလည်း ဖြစ်နိုင်ကြောင်း ကျောက်တော်မြို့ခံ ကိုဇော်ဝင်းက ပြောသည်။

“စစ်တပ်က သူတို့ ယန္တားအောက်မှာ ရှိနေသေးတယ်။ သူတို့ ခွင့်ပြုချက်မပေးရင် ဘာမှ လုပ်မရဘူးဆိုတဲ့ သဘောနဲ့ ပြည် သူကို ခြိမ်းခြောက်တဲ့ သဘောမျိုး ပွဲမလုပ်ဖို့ တားတာဖြစ်မယ်လို့တော့ ကျနော် ထင်တယ်။ ဒါမှမဟုတ်ရင်လည်း တိုက်ပွဲ ပြန်ဖြစ်ချင်လို့ ရန်စတဲ့ သဘောလည်း ဖြစ်မယ်။ ဒါပေမယ့် ကျောက်တော်မြို့ရဲ့ အခြေအနေက ရက္ခိုင်စစ်တပ် (ULA / AA) ရဲ့ အုပ်ချုပ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးအောက်မှာ လည်ပတ်နေတာဆိုတော့ ထိပ်တိုက်တွေ့မလား၊ ဘယ်လို ဖြစ်မလဲ ဆိုတာတော့ မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ ရခိုင်အဆိုတော်များ ပါဝင်သည့် ဂီတဖြေဖျော်ပွဲကို စစ်တပ်က တားမြစ်သည့်အတွက် တခြားမြို့ပေါ်ရပ်ကွက်တခုသို့ နေရာပြောင်းရွှေ့ကာပွဲတော်ပြုလုပ်မည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများက ခွင့်ပြုသည် မပြုသည် ဆိုသည်ကို လက်ရှိအချိန်အထိ တစုံတရာ အကြောင်းကြားလာခြင်းတော့ မရှိသေးကြောင်း ပွဲစီစဉ်သူ မြို့ခံ လူ ငယ် အစည်းအရုံးမှ တာဝန်ရှိသူများက ပြောသ ည်။

“ကျနော်တို့က အဆင်ပြေမယ့်နေရာတခုကို ပြောင်းပြီးတော့ ဂီတပွဲကို လုပ်သွားမှာ ဖြစ်တဲ့အတွက် သူတို့ (စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာများ) ကိုလည်း ခွင့်ပြုချက် မတောင်းတော့ဘူး။ နေရာပြောင်းပြီး လုပ်တယ်ဆိုတော့ သူတို့လည်း လက်ခံမယ်လို့ ထင်တယ်။ အခုတကြိမ် လာတားမယ်ဆိုတဲ့ မေးခွန်းအပေါ်မှာကတော့ ကျနော်တို့မှာလည်း Plan B ရှိတာပေါ့။ အဲဒါကိုတော့ ကျနော်တို့ ထုတ်ဖော်မပြောလိုဘူး” ဟု ကျောက်တော် လူငယ်များအစည်းအရုံးက ကိုအောင်ဟိန်းလင်းက ဆက်လက် ပြောကြားသည်။

ထိုသို့ ရခိုင်အဆိုတော်များ ပါဝင်သည့် ဂီတဖျော်ဖြေပွဲပြုလုပ်ရာတွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ ပွဲလုံခြုံ ရေးယူမည် မဟုတ်ဘဲ မြို့ခံလူငယ်များ စုပေါင်း ဝိုင်းဝန်းကာ လုံခြုံရေး ရယူမည် ဖြစ်ကြောင်းလည်း ပွဲစီစဉ်သည့် လူငယ်များ ထံက သိရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်များတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အကောက်အခွန်၊ ပွဲလမ်းသဘင် စသည့် အကြောင်းကိစ္စရပ်များမှာ ULA / AA ၏ ယန္တရားအောက်တွင် လည်ပတ်နေသည်ကို မကျေနပ်သည့်အတွက် စစ်တပ်က ထိုသို့ လာရောက် တားမြစ်ခြင်း ဖြစ်နိုင်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်ပြောဆိုသည်။

၎င်းက “သူတို့ (စစ်တပ်) ရဲ့ အုပ်ချုပ်ရေးကို လုယူသလို ခံစားရတဲ့အတွက် မကျေနပ်တဲ့ သဘောနဲ့ လာရောက် တားမြစ် တာလည်း ဖြစ်မယ်။ နောက်တခုက အခု ပွဲလမ်းသဘင်တွေမှာ ရခိုင်အမျိုးသားရေးနဲ့ ပတ်သက်ပြီး တေးသီချင်းတွေ၊ ပြကွက်တွေကို ကပြ သီဆိုလာတာများတော့ အဲဒါကိုလည်း မနှစ်သက်တဲ့သဘောနဲ့ အထက်က တားမြစ်ခိုင်းတာလည်း ဖြစ်နိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ ပွင့်လင်းရာသီ၌ ရခိုင်ပြည်နယ်အတွင်း မြို့ပေါ်နှင့် အလှမ်းဝေးသည့် နေရာအားလုံးတွင် ပွဲလမ်းသဘင်နှင့် သင် တန်းများ ဖွင့်လှစ်မည့်ကိစ္စနှင့် ပတ်သက်ပြီး ULA / AA ထံတွင်သာ ခွင့်ပြုချက် တောင်းခံပြီး ပြုလုပ်လေ့ရှိကြကြောင်း သိရသည်။

အဆိုပါ ရခိုင်အဆိုတော်များ ပါဝင်သည့် ဂီတပွဲကို ကျောက်တော်လူငယ်များ အစည်းအရုံးအတွက် အသင်း ရန်ပုံငွေ ရရှိရန် ပွဲကျင်းပ စီစဉ်ခြင်းဖြစ်ပြီး ရခိုင် အဆိုတော်များဖြစ်ကြသည့် ညီမင်းခိုင်၊ သားငယ်၊ ဝင်းကိုခိုင်၊ ရီလှိုင်းပြာ၊ ဒိုကလေး စသည့် အဆိုတော် ၁၂ ဦး သီဆို ဖျော်ဖြေသွားမည် ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ ယာယီ အပစ်အခတ်များ ရပ်တန့်ထားသော်လည်း အောက်ခြေတွင် နှစ်ဖက် တင်းမာမှု ဆက်လက် ရှိနေဆဲ ဖြစ်သည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းက ဒီဇင်ဘာလ ၁၃ ရက်ကနေ ၂၀ ရက်အထိ ကျင်းပမည့် ဆံတော်ရှင်ဘုရားပွဲ ကိစ္စနှင့် ပတ်သက်ပြီး ဘုရားဖူးပြည်သူများ သွားလာရေးအတွက် လမ်းလုပ်ရန် အကြောင်းပြချက်ဖြင့် စစ်တပ်နှင့် ရဲတပ်ဖွဲ့ ဝင်များ ဝင်ရောက်နေမှုကြောင့် ဘုရားဖူးသွားမည့်သူများကြား စိုးရိမ်မှုများရှိနေသလို စစ်တပ်နှင့် AA ကြားတွင်လည်း ယင်းကိစ္စအပေါ် နှစ်ဖက် တင်းမာမှု ဖြစ်ပွားလျက် ရှိသည်။

လက်ရှိတွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် အကြောင်းပြချက် အမျိုးမျိုးဖြင့် ရခိုင်ပြည်နယ်အတွင်း တရွာဝင်၊ တရွက် ထွက် နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားမှုများရှိနေသလို၊ သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲ ကျင်းပမည့် ကိစ္စပေါ်တွင် လည်း ဝင်ရောက် စွက်ဖက် ခြယ်လှယ်မှုများ ဆက်လက်ပြုလုပ်နေ၍ ရခိုင်ပြည်သူများအနေဖြင့် ဘုရားဖူးသွားမည့်အပေါ် ဆင်ခြင်သုံးသပ်ကြရန်နှင့် စစ်ရေး သတိရှိကြရန် ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA / AA ) က ဒီဇင်ဘာလ ၁၀ ရက်စွဲဖြင့် သတိပေး ထုတ်ပြန်ထားသည်။

You may also like these stories:

ကြည့်မြင်တိုင် သပိတ်ဖြိုခွင်းမှု စက်ဆုပ်ဖွယ် လုပ်ရပ်ဟု AA စစ်ဦးစီးချုပ် ပြော

အာဏာသိမ်း စစ်တပ်နှင့် AA တို့ တိုက်ပွဲ ပြန်ဖြစ်

Loading