ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့သစ် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ လှုပ်ရှားမှု နယ်မြေတွင် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ် ၁ ဦး အပါအဝင် ၃၂ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်ဖြင့် ယနေ့ (ဒီဇင်ဘာ ၁၄ ရက်) နံနက်ပိုင်းက ဝင်ရောက်ရှာဖွေမှုများ ပြု လုပ်ခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် အပါအဝင် ၃၂ ဦး ဖမ်းခံထားရပြီး သေနတ် ၂ လက်လည်း သိမ်းဆည်းခံရကြောင်း သိရသည်။
စစ်ကောင်စီတပ်က စစ်ကြောင်း ၄ ကြောင်းခွဲကာ အမှတ် (၆) ရပ်ကွက်ကို ပစ်မှတ်ထား ရှာဖွေနေပြီး အခြားသော ရပ်ကွက်များကိုလည်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။
ဒေသခံ တဦးက “လွှတ်တော်အမတ်ကို အိမ်တံခါး သော့ခတ်ထားတာကို ရိုက်ဖွင့်ပြီးတော့ ရိုက်နှက်ပြီး ဆွဲခေါ်သွား တာ” ဟု ပြောသည်။
ဖမ်းဆီးခံထားရသူများအနက် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှ တက်ကြွလှုပ်ရှားသူများနှင့် အာဏာဖီဆန်ရေး လှုပ်ရှား မှု (CDM) ပြုလုပ်ထားသည့် ဆရာဝန် ၁ ဦး ပါဝင်ကြောင်း သိရသည်။
စစ်တပ်သည် ၎င်းတို့ ဖမ်းဆီးလိုသည့် လူစာရင်းဖြင့် လာရောက် ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လမ်းသွားလမ်းလာများကို လည်း သေနတ်ဖြင့် ချိန်ကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
လတ်တလောတွင် KNU နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပေါ်လာနိုင်သည့် အတွက် ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၃ မှ တပ်မမှူး ကိုယ်တိုင် လေးကေကော်တွင် အထိုင်ချပြီး စစ်ဆေးမှု များ ပြုလုပ်နေခြင်း ဖြစ်သည်ဟူသော သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။
လေးကေကော်မြို့သစ်ကို KNU ရုံးနှင့် ကရင်ပြည်နယ်အစိုးရတို့က ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက် ခြင်း အထိမ်းအမှတ်အဖြစ် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းတို့က ၂၀၁၅ တွင် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေးကေကော်မြို့သစ်၏ လုံခြုံရေးကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်က တာဝန်ယူ ထားသည်မှာ ၆ နှစ် ရှိပြီ ဖြစ်သော်လည်း ယင်းနယ်မြေသည် အုပ်ချုပ်ရေးအရရော၊ စစ်ရေးအရပါ ရှုပ်ထွေးနေသည့် နယ်မြေ ဖြစ်ကြောင်း KNU တပ်မဟာ (၅) ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက သုံးသပ်ပြောဆိုသည်။
“လေးကေကော်ကို စတည်ဆောက်တယ် ဆိုကတည်းက မြန်မာအစိုးရရဲ့ အုပ်ချုပ်နယ်မြေလား၊ KNU ရဲ့ အုပ်ချုပ် နယ်မြေလား ဆိုတာက မရှင်းမလင်းတဲ့အပြင် အဓိက မြန်မာအစိုးရဘက်ကနေပြီးတော့ အုပ်ချုပ်ရေး ထိုးဖောက်နိုင်ဖို့ အတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ အတွက်ကြောင့် အခုလို အခြေအနေမျိုးမှာလည်း စကစဘက်က ဒီနေရာကို အချိန်မရွေး ဝင်ရောက်ပြီးတော့ အုပ်ချုပ်ရေး အရသော်လည်းကောင်း၊ လုံခြုံရေး အရသော်လည်းကောင်း ဝင်ရောက် စွက်ဖက်နိုင်တယ်လို့ ယေဘူယျ ထောက်ပြချင်ပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ သုံးသပ်ပြောကြားချက်များသည် တပ်မဟာ ၅ ၏ သဘောထား မဟုတ်ဘဲ ၎င်း၏ တသီးပုဂ္ဂလ အမြင် သုံး သပ်ချက်သာ ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ပဒိုမန်းမန်းက “တပ်မဟာ ၆ နဲ့ တပ်မဟာ ၇ နယ်မြေမျိုးကတော့ Mixed Control Area လို့ ခေါ်တာပေါ့။ KNU နယ်မြေ လည်း ဖြစ်တယ်။ နောက် မြန်မာအစိုးရကလည်းပဲ အုပ်ချုပ်မှု လက်လှမ်းမီတယ်၊ မဲဆန္ဒနယ်မှာလည်း ပါဝင်နိုင်တာမျိုး ရှိတော့ Mixed Control Area လို့ ခေါ်တယ်” ဟု ရှင်းပြသည်။
ဆက်လက်၍ ၎င်းက “ကျနော်တို့ကတော့ ကျနော်တို့နယ်မြေတွေကို စစ်ရေးအရရော၊ အုပ်ချုပ်ရေးအရရော ဝင်ရောက် စွက်ဖက်လာမယ် ဆိုရင်တော့ ပြန်ပြီးတော့ ခုခံဆောင်ရွက်ရမှာပါ။ သို့သော် အဲဒီနေရာက အုပ်ချုပ်ရေးတင်မကဘူး လက်နက်ကိုင် အဖွဲ့အစည်းတွေမှာလည်း စစ်ကောင်စီတပ် ကွပ်ကဲတာလည်း ရှိတယ်။ သွယ်ဝိုက်ပြီးတော့ ချုပ်ကိုင် ထားတာလည်း ရှိတယ်။ အဲဒီလိုမျိုး လက်နက်ကိုင်တွေကလည်း ရောနှောရှုပ်ထွေးနေတဲ့ အခါကျတော့ စစ်ကောင်စီ ကို ပြန်လည် ခုခံတိုက်ခိုက်ရာမှာကတော့ အဲဒီအဖွဲ့တွေရဲ့ ညီညွတ်မှုအပေါ်မှာလည်း လိုပါသေးတယ်” ဟု ဆိုသည်။
လေးကေကော်မြို့သစ်အတွင်း စစ်ကောင်စီတပ်က အကြိမ်ကြိမ် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းခဲ့ပြီး ယခု ဆိုလျှင် ၈ ကြိမ်မြောက် ဝင်ရောက်စီးနင်း ရှာဖွေမှု ဖြစ်ကြောင်း သိရသည်။
You may also like these stories:
စစ်တပ်လက်ထဲက PDF ချင်းအမျိုးသမီး ဆေးတပ်ဖွဲ့ဝင်များ
ဆေးတပ်သား အမျိုးသမီး ၉ ဦးကို ဓားစာခံအဖြစ် စစ်တပ်ခေါ်သွားဟု ကလေး PDF ပြော
PDF ဆေးတပ်ဖွဲ့ဝင် အမျိုးသမီး ၉ ဦးအား ကလေးအကျဉ်းထောင်ပို့၊ မိသားစုနှင့် တွေ့ခွင့်မရ