သတင်း

မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းပေးရန် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတောင်းဆို

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိနိုင်ငံသား ၂ ဦးအား သတ်မှုဖြင့် ထောင်ဒဏ် တသက်တကျွန်းကျနေသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းပေးရေးနှင့် မိဘများနှင့် တွေ့ဆုံနိုင်ရန် အကူအညီ တောင်းထားကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

အဆိုပါ ဝင်းဇော်ထွန်းနှင့် ဇော်လင်းမှ ရေးသားပေးပို့သည့် စာတစောင်ကို ၎င်းတို့အား ထောင်ဝင်စာ သွားတွေခဲ့သည့် နိုင်ငံခြားသူ တဦးက တဆင့် ဦးထူးချစ်အား ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယင်းစာတွင် ၎င်းတို့ လိုချင်သည်များနှင့် ဖြစ်ချင် သည့် ဆန္ဒများကို ရေးသားထားကြောင်း သိရသည်။

စာထဲတွင် “ကျနော်တို့ သေဒဏ်ကနေ တသက်တကျွန်းကို ရောက်ကတည်းက ဒီကြားထဲမှာ ထိုင်းဘုရင်ရဲ့ မွေးနေ့ များမှာ ထောင်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်လျှော့ရက်တွေပေးတာ ၃ ခါ တိတိရှိပါပြီ။ ဒါကြောင့် တခြား အကျဉ်းသားတွေ လျှော့ရက် အသီးသီးရရှိကြပြီးတော့ ကျနော်တို့ ၂ ယောက် ကျတော့ မပေးဘူး။ ကျနော်တို့ ထောင်ထဲမှာ ဘာအပြစ်မှ မလုပ်ပါဘူး” ဟု ရေးသားထားသည်။

ထို့အတွက်ကြောင့် ၎င်းတို့အား ကူညီပေးမည့် အဖွဲ့အစည်းများနှင့် တိုင်ပင်ကာ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ပေးရေး အတွက် အသနားခံစာတစောင် ရေးသားပေးရန် အကူအညီ တောင်းထားသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် မဟုတ်တော့သလို မိဘများနှင့်လည်း ဆုံတွေ့ခွင့် မရှိတော့မည့် အခြေအနေမျိုး ဖြစ်သည့်အကြောင်းလည်း စာထဲတွင် ပါရှိသည်။

ဦးထူးချစ်က “ပြီးခဲ့တဲ့လထဲမှာ နိုင်ငံခြားသူတယောက်ကတဆင့် ဝင်းနဲ့ဇော် ပို့လာတဲ့ စာတစောင် လက်ခံ ရရှိတယ်။၊ သူတို့ လိုအပ်တာတွေနဲ့ ဖြစ်ချင်တာလေးတွေ ရေးထားပါတယ်။ ထိုင်းနိုင်ငံမှာ အခုလို ဒီဇင်ဘာလမှာ ပုံမှန်ပေးသည့် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို သူတို့ နှစ်ယောက် မရခဲ့ကြပါဘူး။ ဝင်းနဲ့ဇော်ကို ထောင်ဝင်စာ ပုံမှန်တွေ့နိုင်ရေး အတွက်၊ ကြိုးစားနေပါတယ်။ ရခိုင်အဖွဲ့အစည်းတခုကလည်း ထောင်ဝင်စာ တွေ့နိုင်ဖို့ ကြိုးစားနေပါတယ်။ စိတ်ဝင်စား သူ မည်သူမဆို ပူးပေါင်းပါဝင်ကြပါလို့ ဖိတ်ခေါ်ပါတယ်။ သူတို့တွေကို စိတ်ဓာတ်ခွန်အားပေးဖို့ လိုအပ်နေပါတယ်” ဟုပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားများဖြစ်ကြသည့် ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့သည် ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရမှုတွင် လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းလုယူမှု အပါအဝင် အမှု ၇ မှုဖြင့် ထိုင်းရဲတပ်ဖွဲ့၏ တရား စွဲဆိုခြင်းကို ခံခဲ့ရပြီး ၂၀၁၅ ခုနှစ်တွင် သေဒဏ်ချမှတ်ခံခဲ့ရသည်။

မြန်မာရွှေ့ပြောင်းလုပ်သား ၄ သောင်းခန့် အလုပ်လုပ်ကိုင်လျက်ရှိသည့် လိပ်ကျွန်းတွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လူသတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါလူသတ်မှုအတွက် ဝင်းနှင့်ဇော်တို့ ၂ ဦးသည် အစောပိုင်းတွင် ဝန်ခံခဲ့ သော်လည်း နောက်ပိုင်းတွင် ရဲများ၏ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့ခြင်းဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့ကြ ကြောင်း သိရသည်။

အမှုများအတွက် အယူခံအဆင့်ဆင့် တက်ခဲ့သော်လည်း ၎င်းတို့၏ နောက်ဆုံးအယူခံသည် ၂၀၁၉ ခုနှစ် ဩဂုတ်လ တွင် ရှုံးနိမ့်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် ထိုင်းဘုရင်ထံ သနားခံစာ တင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်တွင် ထိုင်းဘုရင် မွေးနေ့ အထိမ်းအမှတ်အဖြစ် ၎င်းတို့ ၂ ဦးအား သေဒဏ်မှ ထောင် ဒဏ် တသက်တကျွန်းအဖြစ် ပြစ်ဒဏ် လျှော့ချပေးခဲ့သည်။

You may also like these stories:

သေဒဏ်ကျ မြန်မာနှစ်ဦးထံ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သွားရောက် အားပေး

ကလေးတွေက ဒီလူသတ်မှုမှာ လုံးဝမပါဘူး

စစ်ကြောရေးနှင့် ထောင်အတွင်း NLD ပါတီဝင် သေဆုံးသူ ၁၂ ဦးရှိ

Loading