သတင်း

CRPH နှင့် NUG အပေါ် ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေးရန် စစ်ခေါင်းဆောင် လမ်းကြောင်း

အာဏာသိမ်းမှု စတင်သည့် အချိန်မှစ၍ ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တို့အပေါ် ၎င်း၏ ရှေ့နေများမှတဆင့် သဘောထား မှတ်ချက် ပေးနိုင်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ထုတ်ဖော် ပြောဆိုလာသည်။

“ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့် တို့အား အမှု စစ်ဆေးနေချိန်ကာလမှ စီရင်ချက် ချမှတ်သည့် အချိန် သတ်မှတ် ချက်များအတိုင်း ၎င်း၏ ရှေ့နေများနှင့် လွတ်လပ်စွာ တွေ့ခွင့်ပေးထားကြောင်း၊ အဆိုပါ ရှေ့နေများမှတဆင့် လက်ရှိ နိုင်ငံရေး ဖြစ်စဉ်များ၊ အကြမ်းဖက်ကိစ္စများနှင့် CRPH၊ NUG အဖွဲ့များ ဖွဲ့စည်းသည်ကို သိရှိပြီးဖြစ်မည်ဟု ယူဆပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ရှေ့နေများမှတဆင့် ၎င်း၏ မှတ်ချက်များ ပေးနိုင်သည့် အခွင့်အရေး ရှိကြောင်း” ဟု သူက ပြောဆိုသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၁၃ ရက်) က ပြုလုပ်သော အာဏာသိမ်း စစ်ကောင်စီ၏ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စရပ်များနှင့် ပတ်သက်၍ မီဒီယာများနှင့် သံရုံးများ အပါအဝင် မည့်သည့် ပြည်ပ အဖွဲ့အစည်းကိုမျှ ထုတ်ဖော်မပြောရန် ၎င်း၏ ရှေ့နေအဖွဲ့ကို ပုဒ်မ ၁၄၄ ထုတ်ကာ စစ်ကောင်စီဘက်က တားမြစ်ထားသည်။

ယခုရက်ပိုင်းအတွင်းတွင်လည်း CRPH နှင့် NUG ၏ ထုတ်ပြန်သော ကြေညာချက်တချို့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ စည်းကမ်းစည်းမျဉ်းများနှင့် မညီဘဲ ပါတီ အမည်သုံးစွဲထားခြင်းအပေါ် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့က လက်မခံကြောင်း ပြောကြားထားသည်ဆိုသော စာတစောင်လည်း ထွက်ပေါ်လာခဲ့သေးသည်။ ယင်းစာထွက်ပေါ်လာအပြီး အာဏာသိမ်းစစ်ခေါင်းဆောင်၏ မိန့်ခွန်း ပေါ်ထွက်လာခြင်း ဖြစ်သည်။

CRPH၊ NUG များ ဖွဲ့စည်းမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထား တိုက်ရိုက် ပါဝင်ပတ်သက်မှု မရှိခြင်းနှင့် လက်နက်ကိုင်လမ်းစဉ်ကို မကြိုက်သော ဒေါ်အောင်ဆန်းစုကြည် သဘောထားများကို အကြောင်းပြုပြီး အဆိုပါ အင်အားစုများနှင့် ဒေါ်အောင်ဆန်းစုကြည် အကြား အက်ကြောင်း ပိုကြီးလာစေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက ဧရာဝတီသို့ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင် လမ်းစဉ်ကို မကြိုက်ဘူး။ သဘောမကျဘူး။ အဲဒီအောက်မှာ အက်ကြောင်း ရှိတယ်ထင်လို့ အဲဒီအက်ကြောင်းကို ဟဖို့ အတွက် အခုလို ခွင့်ပြုလိုက်တာပေါ့။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံ ရပ်တည်ချက် တခု ရှိတယ်။ အဲဒါက ပြည်သူလူထုက ထောက်ခံရင် သူကလည်း ထောက်ခံမှာပဲ” ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် CRPH နှင့် NUG အပေါ် မည်သို့ သဘောထားရှိသည်ကို တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာကလည်း စိတ်ဝင်စားမှု ရှိနေကြသည်။

NUG ၏ ခုခံစစ် ကြေညာချက်နောက်ပိုင်း ဖြစ်ပေါ်လာသော သွေးထွက်သံယိုမှုများ မြင့်တက်လာနေမှုကိုလည်း ပါတီတွင်း ထောက်ပြ ဝေဖန်လာနေမှုများ ရှိနေသလို NLD ပါတီကို ယခင် စစ်အုပ်စုကာလများအတွင်းကကဲ့သို့ တရားဥပဒေဘောင်အတွင်းမှသာ ရပ်တည်လိုသူများလည်း ပါတီတွင်းရှိနေကြောင်း သတင်းရင်းမြစ်တချို့၏ အဆိုအရ သိရသည်။

ထိုအခြေအနေများကြောင့် စစ်ကောင်စီဘက်က NLD ပါတီနှင့် NUG ပိုမို သွေးကွဲလာစေရေးအပြင် အများပြည်သူလူထုပါ ဇဝေဇဝါ ဖြစ်သွားစေရန်ကြောင်း လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောဆိုကြသည်။

မြန်မာ့နိုင်ငံရေးသစ် ရုပ်လုံးပေါ်လာနေ

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှ ဖယ်ထုတ်မှု ဒီမိုကရေစီလမ်းကြောင်း တခေတ်ပြောင်းလာစေ

ကြည့်မြင်တိုင် အကြမ်းဖက်မှု တရားခံ

ရန်ကုန်ပြောက်ကျားစစ် ကျဆုံးသွားပြီလား

Loading