အင်းစိန်ထောင်အတွင်း Silent Strike အသံတိတ်သပိတ် ပြုလုပ်မှုကြောင့် ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် တိုက်ပိတ် ပြစ်ဒဏ်ခတ်ခံနေရသူများ ကျန်းမာရေး အခြေအနေ စိုးရိမ်နေရကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်က သတင်း ထုတ်ပြန်သည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း အသံတိတ်သပိတ် ပြုလုပ်သည့်နည်းတူ အင်းစိန်ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသား၊ အချုပ်သား များကလည်း သပိတ်ဆင်နွှဲခဲ့ကြခြင်းဖြစ်ပြီး ထောင်အာဏာပိုင်များ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာများရရှိထားသည့် ကျောင်းသား လူငယ်အချို့အား ထောင်တွင်း အထူး တရားရုံးထုတ်ချိန်တွင် တွေ့မြင်ခဲ့ရကြောင်း ရှေ့နေအချို့က ပြောသည်။
“သပိတ်မှာ ပါလို့ တိုက်ပိတ်ခံရတဲ့ တယောက်ရုံး ထွက်လာချိန်မှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ တော်တော်များများ တွေ့ရတယ်၊ ကျောကုန်းတွေကိုပဲ အဓိကထားပြီး ရိုက်တယ်လို့လည်း ပြောကြပါတယ်” ဟု ရှေ့နေတဦးက ပြောသည်။
ထောင်တွင်း အသံတိတ်သပိတ်အား သီးသန့်အိပ်ဆောင် ၁ နှင့် ၂ တွင် ချုပ်နှောင်ခံထားရသည့် လူငယ်များက အဓိက ပါဝင်ခဲ့ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား များ သမဂ္ဂ ကျောင်းသားထု အခွင့်အရေး တာဝန်ခံ ကိုလေပြေစိုးမိုး၊ ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုဥက္ကဋ္ဌ ကိုဇော်ထက်နိုင်(ခ) ကိုဆစ်နိုင် တို့အပါအဝင် နိုင်ငံရေး အကျဉ်းသား/ အချုပ်သား ၈၉ ဦး ရိုက်နှက်ခံရကာ ပင်မ အကျဉ်းထောင် ပြစ်ဒဏ်တိုက်များတွင် တိုက်ပိတ်ခံထားရကြောင်း သိရသည်။
ထောင်အာဏာပိုင်တို့၏ ရိုက်နှက်မှုကြောင့် လူငယ်အချို့ သတိလစ်မေ့မြောသည်အထိ ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ သော်လည်း လုံလောက်သည့် ဆေးကုသခွင့်မရဘဲ ဆက်လက်တိုက်ပိတ်ခံထားရပြီး ထောင်ဝင်စာပိတ်ပင်ခြင်းကဲ့သို့ အကျဉ်းသား အခွင့်အရေးများ ချိုးဖောက်ခံနေရကြောင်းလည်း ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက ဆိုကြသည်။
“လူကို ဖမ်းဆီး အကျဉ်းချထားပေမယ့် စိတ်ဓာတ်တွေကို ဖမ်းဆီးအကျဉ်းချလို့ မရဘူးဆိုတာ သက်သေပြနေတာပါ၊ ဒီအပေါ်မှာလည်း စကစတွေဘက်က အကျဉ်းသားတွေကို အခွင့်အရေးတွေ ချိုးဖောက်ပြီးတော့ ရိုက်နှက်တာတွေ တော်တော် များများ ရှိနေတယ်ဆိုတာ လွန်ခဲ့တဲ့ လပိုင်းတွေကတည်းက ကြားရပါတယ်။ အကျဉ်းသားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်။ ဒါကိုတုံ့ပြန် ရင်ဆိုင်တဲ့အခါမှာ ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်တာတွေ လုပ်နေတာပါ” တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကျောင်းသားဟောင်းများ အင်အားစုမှ ကိုနန်းလင်းက ပြောသည်။
အာဏာသိမ်း စစ်အုပ်စုလက်အောက်တွင် အကျဉ်းထောင်များ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး ဥပဒေမဲ့ ပြုမူမှုများအ ပြင် နိုင်ငံရေး အကျဉ်းသားများအပေါ် ရည်ရွယ်ချက်ရှိစွာဖြင့် လူ့ဂုဏ်သိက္ခာ ညိုှးနွမ်းစေသည့် အလုပ်များ ခိုင်းစေခြင်း၊ နေရာကျယ်ကျယ် အိပ်ချင်ပါက ငွေပေးဝယ်ရခြင်း၊ အငြှိုးနှင့် ရိုက်နှက်နေခြင်းများအား အကျဉ်းဦးစီးဌာန ဝန်ထမ်းများ ကိုယ်တိုင် ကျူးလွန်နေကြပြီး နိုင်ငံတကာ ဥပဒေတွေကိုလည်း ချိုးဖောက်နေကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)က ကိုဘိုကြည်က ပြောသည်။
ကိုဘိုကြည်က “အကျဉ်းဦးစီးက ဝန်ထမ်းတွေဟာ ညှဉ်းပန်းနှိပ်စက်မှုကို စိတ်ပါလက်ပါ ကျူးလွန်နေပါတယ်။ ခြုံပြောရရင် စစ်အုပ်စုလက်ထက် အကျဉ်းထောင်အခြေအနေကကို ဆိုးရွားလာနေပါတယ်၊ ဒီအတွက် အကျဉ်းဦးစီး ဝန်ထမ်းအဆင့် ဆင့် က တချိန်ချိန်မှာ တာဝန် ခံရပါမယ်” ဟု ပြောသည်။
အာဏာသိမ်း စစ်အုပ်စုအနေဖြင့် အာဏာသိမ်းမှု ဆန့်ကျင်သူများအပေါ် ဖိနှိပ်ရေးအတွက် ရာဇသတ်ကြီးကဲ့သို့သော ဥပဒေများပြင်ဆင်ကာ လက်နက်တခုသဖွယ် အသုံးချနေသည့်အပြင် အင်းစိန်ထောင်ပိုင်၊ ဒုထောင်ပိုင်နှင့် ထောင်အရာရှိ အချို့ကိုလည်း စစ်တပ်က လူများဖြင့် အစားထိုးကာ ဇွန်လကုန်ပိုင်းတွင် အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။
ယင်းသို့ စစ်တပ်က လူများ အစားထိုးခဲ့ပြီးနောက် ထောင်အတွင်း အခွင့်အရေးချိုးဖောက်မှုများနှင့် စည်းကမ်း တင်းကြပ်မှု များ ပိုမိုပြုလုပ်လာသည်ကိုလည်း ကြားသိနေရကြောင်း အကျဉ်းထောင်အတွင်း အထူးတရားရုံးများနှင့် ပတ်သက်နေသူ အချို့က ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်၂၃ ရက်ကလည်း အင်းစိန်ထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများ ဦးဆောင်ကာ စစ်အာဏာသိမ်းမှု ကျဆုံးရေး ကြွေးကြော်ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ဦးဆောင်ပါဝင်ခဲ့သည့် ကိုဇော်ထက်နိုင်(ခ) ကိုဆစ်နိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသားအချို့ တိုက်ပိတ် ပြစ်ဒဏ်ခတ်ခံခဲ့ရသည်။
“တဖက်မှာ မင်းသားရုပ် ဆောင်းထားတဲ့ ဘီလူးတွေလိုပါပဲ။ သူတို့ကိုယ်တိုင်က အထဲမှာ အကျဉ်းသားတွေရဲ့ အခွင့်အရေး တွေကို အမျိုးမျိုး ချိုးဖောက်တယ်၊ နှိပ်စက်တယ်၊ ပြီးတော့ လာဘ်ပေးလာဘ်ယူကိစ္စ အများကြီးလုပ်တယ်၊ ဒီလိုမျိုးတွေ လုပ်နေပေမယ့် အကျဉ်းဦးစီးဌာနက လွတ်မြောက်ခွင့်ရနေတဲ့ အနေအထားရှိတယ်။ ဒါကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချကြဖို့ လိုပါတယ်”ဟု ကိုနန်းလင်းက ဝေဖန်ပြောကြားသည်။
လက်ရှိတွင် အသံတိတ်သပိတ်တွင် ပါဝင်မှုကြောင့် ရိုက်နှက်ခံရသည့်ဒဏ်ရာများဖြင့် ဆေးကုသခွင့် မရဘဲ တိုက်ပိတ်ခံ နေရသည့် နိုင်ငံရေး အကျဉ်းသား/အချုပ်သားများ၏ ကျန်းမာရေး၊ လုံခြုံရေး စသည့် အခွင့်အရေးများ ရရှိရေးနှင့် မတရား ဖမ်းဆီး ချုပ်နှောင်ခံထားရသူများအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးတို့အား ကျောင်းသားသမဂ္ဂများက တောင်းဆိုထား သည်။
You may also like these stories:
ကြည့်မြင်တိုင် အကြမ်းဖက်မှု တရားခံ
သတင်းသမားများ ဖမ်းဆီးထောင်ချဆုံးတွင် စစ်ကောင်စီပါဝင်
စစ်တပ်တွင် တပ်ပြေးများပြီး စိတ်ဓာတ်ရေးရာ အကျပ်အတည်း ကြုံလာ