ပုဒ်မ ၅၀၅- ကနဲ့ တရားစွဲဆိုခံခဲ့ရပြီး ဧပြီလအတွင်းက စစ်ကောင်စီရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရတဲ့ Beauty Blogger ဝင်းမင်းသန်းရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ ကောလဟလ သတင်းများ မဖြန့်ဝေကြဖို့ မိသားစု ဝင်များက မေတ္တာ ရပ်ခံထားပါတယ်။
“အစ်မ ထောင်ထဲမှာ ဘယ်လို နှိပ်စက်ခံရလို့၊ ဘယ်လို အဓမ္မပြုခံရလို့ ဆေးရုံတက်ရတာလား ဆိုပြီး မမြင်ရပါဘဲ အတွေးသက်သက်နဲ့ မဟုတ်က ဟုတ်ကသတင်းတွေ မဝေမျှကြပါနဲ့ ခင်ဗျာ။ ဒီအချိန်မှာ မဝင်းမင်းသန်းအနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိနေဖို့က အရေးအကြီးဆုံးပါပဲ” လို့ ဝင်းမင်းသန်းရဲ့ နီးစပ်ရာအသိုင်းအဝိုင်းက မေတ္တာ ရပ်ခံ ထားပါတယ်။
“အစ်မ ကျန်းမာရေး စောင့်ရှောက်မှုရဖို့ မိသားစုဝင်တွေက အများကြီး ကြိုးစားခဲ့ရပါတယ်။ ကောလဟလများ ရပ်တန့် ပေးကြဖို့နဲ့ သတင်းမှားတွေ မဖြန့်ဝေကြဖို့ပဲ မေတ္တာရပ်ခံပါရစေ” လို့ လည်း တောင်းဆိုထားပါသေးတယ်။
Beauty Blogger ဝင်းမင်းသန်းရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေဟာ စိုးရိမ်စရာမရှိဘဲ အရင်ကတည်းက ခံစားနေရ တဲ့ သားအိမ်ရောဂါနဲ့ပတ်သက်ပြီး ကုသမှု ခံယူနေရတာသာဖြစ်ကြောင်း ဝင်းမင်းသန်းရဲ့ မိတ်ဆွေ ကို AD က ဧရာ ဝတီကို ပြောပါတယ်။
“မဝင်းမင်းသန်းရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေက ကောင်းတယ်။ စိုးရိမ်စရာတော့ မရှိဘူး။ ဒါပေမယ့် လက်ရှိ ဖြစ်နေတာက အစ်မ အရင်ကလည်း ပြောခဲ့ဖူးတယ်။ သားအိမ်မှာ စစ်ဆေးမှု ခံယူပြီး ကုသမှု ခံယူရမယ့်အပိုင်း ရှိတယ်။ အမျိုးသမီးရောဂါပေါ့။ အဲဒီကတည်းက အစ်မက သားဖွားမီးယပ်မှာ သားအိမ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးကို ပြနေရတာ။ ထွေထွေထူးထူး စိုးရိမ်စရာတော့ မရှိဘူး။ ဒါပေမယ့် ကုသမှုခံယူရမယ့် ရောဂါမို့လို့ ကုသမှု ခံယူနေပါ တယ်” လို့ ဝင်းမင်းသန်းရဲ့ မိတ်ဆွေ ကိုAD က ဧရာဝတီကို ပြောပါတယ်။

အင်းစိန်ထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဝင်းမင်းသန်းဟာ မိသားစုဝင်တွေရဲ့ ကြိုးစား အကူအညီ တောင်းခံ မှုကြောင့် ဆေးကုသခွင့် ရရှိထားပြီး၊ သူ ရင်ဆိုင်နေရတဲ့ ၅၀၅- က အမှုအခြေအနေကတော့ ဆက်လက် စစ်ဆေးနေ ဆဲလို့ သိရပါတယ်။
“အစ်မရဲ့ အမှုကတော့ စစ်ဆေးနေဆဲပါ။ ထူးခြားမှုတော့ မရှိသေးပါဘူး။ လွတ်တဲ့ထဲတော့ မပါသေးပါဘူး။ ကျနော်တို့ စောင့်ကြည့်နေဆဲပါပဲ။ အစ်မက ရှေ့နေကတဆင့် မိသားစုဝင်တွေ အဆက်အသွယ်ရတယ်။ ရုံးချိန်းထွက်ပြီဆိုရင် မဝင်းမင်းသန်း နေကောင်းလား၊ ကျန်းမာလား စတဲ့ သတင်းတွေတော့ ကြားပါတယ်” လို့ ကိုAD က ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး “မဝင်းမင်းသန်းနဲ့ ပတ်သက်လို့ သတင်းအမှားတွေ မဖြန့်ဖို့၊ တကယ် မနှိပ်စက်ခံရဘဲ နှိပ်စက်ခံရတယ် တို့၊ တကယ်လည်း အစ်မမှာ ဘာပြဿနာမှ မရှိဘဲ အစ်မက အပြင်က လူမှုရေး ပြဿနာတွေကြောင့် ဖြစ်လာတယ် ဆိုတဲ့ စကားတွေကြောင့် မိသားစုဝင်တွေက စိတ်မကောင်းဘူး။ အဲဒါကြောင့် ကျနော်က ကြားခံအနေနဲ့ ရေးသား တင်ပေးတာပါ” လို့လည်း ၎င်းက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဧပြီလ၂ ရက်ကနေ မေ ၁ ရက်အထိ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM)၊ ဆန္ဒပြမှုများနဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် လှုံ့ဆော် ရေးသားမှုများကြောင့်လို့ ဆိုပြီး သဘင်၊ ဂီတ၊ ရုပ်ရှင်လောကက အနုပညာရှင် အချို့ကို ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
ပုဒ်မ ၅၀၅-က နဲ့ တရားစွဲခံခဲ့ရတဲ့ ကျောင်းသား၊ ပြည်သူအချို့ နဲ့ အနုပညာရှင်အချို့ ဇွန်လအတွင်းက အမှု ရုပ်သိမ်းခံရ ကာ ပြန်လည် လွတ်မြောက်ခဲ့ကြပေမယ့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ အဆိုတော် စောဖိုးခွား၊ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ ပိုင်တံခွန်၊ အဆိုတော် ပိုပိုနဲ့ Beauty Blogger ဝင်းမင်းသန်း တို့ဟာ အင်းစိန် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
You may also like these stories:
ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ နယ်ပယ်အတွက် ကျပ် သိန်း ၁ ထောင်စီ စစ်ကောင်စီပေး
လွတ်ငြိမ်းထဲ မပါလာသည့် အနုပညာရှင်များအတွက် မိသားစုဝင်များ စိုးရိမ်နေ
Beauty Blogger ဝင်းမင်းသန်းအား တောင်ကြီးမြို့မှာ ရုံးထုတ်ခဲ့