ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများကို စစ်တပ်က သွားရေး၊ လာရေး ကန့်သတ် ထားသဖြင့် ကုန်ဈေးနှုန်းများ မြင့်တက်နေသလို ကျန်းမာရေး၊ လူမှုရေးများတွင်လည်း အခက်အခဲ ကြုံနေရကြောင်း ပလက်ဝဒေသခံများက ပြောသည်။
ပလက်ဝမြို့နယ်အတွင်းက ဒေသခံများအနေဖြင့် ကုလားတန်မြစ်ကြောင်းနှင့် မတူပီဘက်သို့ ကားလမ်းကိုသာ ကုန်စည် စီး ဆင်းမှုကို အဓိက အားထားရပြီး လက်ရှိ အခြေအနေတွင် ယင်းလမ်းကြောင်း နှစ်ခုလုံးကို စစ်တပ်က ကန့်သတ်ထား ကြောင်း ဒေသခံများက ပြောသည်။
ပလက်ဝမြို့နယ်၊ ဆမီးမြို့ခံ ဦးပြည့်ဆုက “ကုန်ပစ္စည်းတွေကတော့ အကုန် ဈေးတက်တယ်။ ဓာတ်ဆီဆို တလီတာကို ၃၀၀၀ ကျပ်နဲ့ ဝယ်သုံးနေရတယ်။ ဆေးဝါးတွေ၊ စားသောက်ကုန်တွေ၊ နေမကောင်းလို့ ဆေးဝယ်သောက်မယ်ဆိုရင် ပါရာ ဇီတာမော့ တလုံး ၁၀၀ ကျပ်နဲ့ ဝယ်သောက်ရတယ်။ အဲဒါလည်း ဆေးဆိုင်တွေမှာ ပစ္စည်းပြတ်နေလို့ ဝယ်ဖို့ ရှာရတာ မလွယ်ဘူး” ဟု ဧရာဝတီသို့ ပြောတယ်။
ဆန်ဈေးနှုန်းမှာလည်း ယခင် ဆန်ကြမ်း တအိတ်လျှင် ငွေကျပ် ၂ သောင်းကျော် ၃ သုံး ဝန်းကျင်ရှိရာမှ ယခု ၄ သောင်းခွဲ အထိ မြင့်တက်သွားကြောင်း၊ ထို့အတူ အခြား စားသောက်ကုန် ပစ္စည်းများမှာလည်း ဈေးအသီးသီး တက်နေကြောင်း ဒေသခံများထံက သိရသည်။
ထိုသို့ ပလက်ဝမြို့နယ်အတွင်း ကုန်ဈေးနှုန်း အဆက်မတန် မြင့်တက်နေသလို ကျန်းမာရေးကိစ္စများဖြင့် ခရီးသွားမည် ဆိုပါ ကလည်း ဌာနဆိုင်ရာ အဆင့်ဆင့်က ထောက်ခံစာများကို ယူဆောင်၍ သွားလာနေရကာ အမှတ်၂၈၉ စစ်တပ် စစ်ဆေး ဂိတ်ထံ ထောက်ခံချက်များ ပြသရာတွင်လည်း စာရွက်စာတမ်း မပြည့်စုံဆိုသည့် အကြောင်းပြချက်ဖြင့် နေမကောင်းသည့် လူနာများပင် ပြန်လှည့်လာရသည့် ဖြစ်စဉ်များလည်း ရှိနေကြောင်း ပလက်ဝ ဒေသခံများက ဆိုသည်။
ပလက်ဝ မြို့ခံတဦးက “ပလက်ဝမြို့က ခရီးသွားဖို့ ထောက်ခံစာ တောင်းရတာ နိုင်ငံခြားသွားဖို့ထက် ကြာမြင့်တယ်။ ကျနော် အစာအိမ်ရောင်လို့ စစ်တွေကို ဆေးခန်းပြဖို့ ရပ်ကွက်ထောက်ခံစာ၊ မြို့နယ်ထွေအုပ် ထောက်ခံစာတွေကို တောင်းပြီး လာ တယ်။ တပ်က ဆရာဝန် ထောက်ခံချက် မပါလို့ မသွားရဘူး။ ဆရာဝန်ဆီကို ထောက်ခံချက် တောင်းပြန်တော့လည်း သူတို့ မနိုင်တဲ့ ရောဂါမှ ထောက်ခံချက် ပေးနိုင်မယ်လို့ ဆိုတယ်။ ဒီမှာလည်း ဆေးပစ္စည်း ကိရိယာက မစုံဘူး။ ပလက်ဝမှာ ဆေး တလုံး သောက်ဖို့တောင် ဝယ်မရဖြစ်နေတာ။ ဒီအတိုင်းဆို သေမှပဲ ထောက်ခံချက်ပေးမလို ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တပ်က ပလက်ဝမြို့နယ်အတွင်းက ဒေသခံလူထုကို သွားလာရေး ကန့်သတ် ထားသော်လည်း ၎င်းတို့နှင့် ပတ်သက် ဆက်နွယ်နေသည့် စီးပွားရေးသမားများကိုမူ မည်သည့် ထောက်ခံချက် တောင်းခံရန် မလိုဘဲ နေ့စဉ် သွားလာခွင့် ရရှိနေ ကြောင်းလည်း ပလက်ဝမြို့ခံများက ပြောသည်။
ပလက်ဝမြို့ခံ ကုန်သည်တဦးက “သူတို့ (စစ်တပ်) က ဘာအကြောင်းပြချက်နဲ့ ဒီလို ကန့်သတ်တယ်ဆိုတာလည်း မပြော ဘူး။ သူတို့ ခိုင်းလို့ရတဲ့ လူတွေကိုဆို ဘာထောက်ခံချက်မှ မလ်ိုဘဲ ခွင့်ပြုပေးတယ်” ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “ပုံမှန်လိုင်း စက်လှေနဲ့ ကျောက်တော် ကိုသွားရင် လူတဦး သုံးထောင်လောက်ပဲ ကျတာကို အခု လူတယောက် လေးသောင်း ပေးရတယ်။ စက်လှေတစီးမှာ လူ ၁၀ ယောက်ဆို လေးသိန်း ဖြစ်သွားပြီ။ ဆိုတော့ စစ်တပ်က ဒေသခံတချို့နဲ့ ပေါင်းပြီးလည်း စီးပွားရေး ဂွင်ဖော်နေတယ်လို့တောင် ပြောလို့ရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ သွားလာရေး ကန့်သတ်ထားသော်လည်း စစ်တပ်က ပလက်မြို့ပေါ်တွင် ခိုလှုံနေသော စစ်ရှောင်ပြည်သူများကို နယ်မြေအေး ချမ်းနေပြီဟု ဆိုကာ ပြီးခဲ့သော အောက်တိုဘာလအတွင်းက စစ်ရှောင်ကျေးရွာသားတချို့ကို နေအိမ် ဆောက်လုပ်ပြုပြင်စရိတ်တချို့ ထောက်ပံ့ကာ နေရပ်ပြန်ခိုင်းမှုများလည်း ရှိခဲ့သည်။
သို့သော်လည်း မြေမြုပ်မိုင်း အန္တရာယ်များကို စိုးရိမ်သည့်အတွက် စစ်ရှောင် ကျေးရွာသား တချို့သာ နေရပ်ပြန်သွား သော်လည်း အများစုမှာ စစ်ရှောင်စခန်းတွင်သာ ဆက်လက် ရှိနေသေးပြီး စားဝတ်နေရေးလည်း ခက်ခဲနေကြောင်း သိရ သည်။
ထိုသို့ ပလက် မြို့ပေါ်ရှိ စစ်ရှောင်ဦးရေ ၆၀၀၀ နှင့် ဆမီးမြို့ ရှိ စစ်ရှောင်ဦးရေ ၅၀၀၀ ကျော်တို့အပြင် ယင်းမြို့နယ်အတွင်း ဆီးပလောင်းကျေးရွာ စစ်ရှောင်စခန်း၊ တိန်းလက်ဝကျေးရွာ စစ်ရှောင်စခန်း၊ စိမ်းစင်းကျေးရွာ၊ စစ်ရှောင်စခန်း၊ င/ပွီ ကျေး ရွာ စစ်ရှောင်စခန်း၊ ကင်းဝ ကျေးရွာတို့တွင် ခိုလှုံနေရသော ဒေသခံ ကျေးရွာသားများမှာ လက်ရှိ အချိန်အထိ နေရပ်မပြန် နိုင်သေးသည့်အတွက် ပလက်ဝမြို့နယ်အတွင်း စစ်ရှောင်ဦးရေ ၂၀၀၀၀ ကျော်ရှိအထိ ရှိနေသေးကြောင်း သိရသည်။
လက်ရှိ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီက အင်တာနက်လိုင်းများကိုလည်း ဖြတ်တောက်ထားလျက်ရှိသည်။ ထို့ပြင် ရေလမ်း၊ ကုန်းလမ်းများကိုလည်း ကန့်သတ် ပိတ်ဆို့ထားသည့်အတွက် ရိက္ခာသယ်ယူရေးတွင် အခက်အခဲများ ကြုံတွေ့နေ ရကာ၊ ယခုလို ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကလည်း ဒေသခံများသာမက စစ်ရှောင်ပြည်သူများအတွက်ပါ ပိုမို အခက်အခဲများ ရှိနိုင်မည် ဖြစ်ကြောင်း ပလက်ဝ ဒေသခံများက ပြောသည်။
You may also like these stories :
အဓိကရေလမ်းကြောင်း စစ်တပ်ပိတ်သဖြင့် ပလက်၀ဒေသခံများ အခက်ကြုံ