စစ်ကောင်စီ၏ တရားရေးအောက် ထောင်ဒဏ်အသီးသီး ချခံထားရသည့် မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အပါအဝင် အစိုးရအဖွဲ့ ဝန်ကြီးများ ခရိုင်အဆင့် အယူခံဝင်သွားမည် ဟု အကျိုးဆောင် အဖြစ် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က သိရသည်။
ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ)၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မများဖြင့် ဒီဇင်ဘာ ၈ ရက်တွင် မန္တလေး ဗဟိုအကျဉ်ထောင် (အိုးဘို) အထူး တရားရုံးက ထောင်ဒဏ် အသီးသီး အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“ဥပဒေအရ သူတို့မှာ အပြစ်မရှိဘူး၊ မမှားဘူးလို့ ခံယူထားကြတာဆိုတော့ သူတ်ို့ မမှားဘူးဆိုတာကို အထက်ရုံး အဆင့်ဆင့်ကနေ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ သိချင်ကြလို့၊ ရည်ရွယ်ချက်က အဲဒါပဲ။ အဓိကတော့ သူတို့ မမှားဘူး ဆိုတဲ့ တင်ပြချက်တွေကို အထက်ရုံးအသီးသီးက သိသွားပြီး ဘယ်လို သုံးသပ်ဆုံးဖြတ်မလဲဆိုတာ အားလုံး သိသွား စေချင်ကြလို့ပါ” ဟု လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က ပြောသည်။
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ)၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မများဖြင့် မန္တလေးခရိုင်အတွင်းရှိ မြို့နယ်အဆင့် တရားရုံးများတွင် တရားစွဲဆို ခဲ့ပြီး အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သောကြောင့် မန္တလေးခရိုင် တရားရုံးသို့ အယူခံ တင်သွင်းသွားမည် ဖြစ်သည်။
အယူခံ တင်သွင်းရန် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ်တရားရုံးများမှ အမိန့်ချမှတ်ထားသည့် အမှုတွဲ မိတ္တူများ ကို ထုတ်ပေးရန် ကြန့်ကြာနေသဖြင့် ယင်းတို့ကို ရရှိရန် စောင့်ဆိုင်းနေရဆဲဟု အကျိုးဆောင်အဖြစ် လိုက်ပါဆောင် ရွက်ပေးနေသည့် ရှေ့နေအဖွဲ့ထံက သိရသည်။
“စီရင်ချက်တွေ ရပြီးရင် အယူခံတက်မှာပေါ့၊ မိတ္တူးကူးခွင့် တောင်းထားတယ်၊ ထောင်တွင်းတရားရုံးက မြို့နယ်အဆင့် အမိန့်ချမှတ်ပြီးတာတွေကို ခရိုင်အဆင့်တက်မှာ၊ အဲဒီလို ခရိုင်အဆင့်ကို အယူခံတက်ပြီးမှ ခရိုင်ကနေ ရုံးချိန်းပေးပြီး လက်ခံ၊ မခံဆိုတာကို အရင် ဆုံးဖြတ်မှာပါ၊ အခုအပတ်ထဲမှာ မိတ္တူတွေ ရမယ်လို့တော့ သိရတယ်။ အယူခံ ဝင်တယ် ဆိုတာက အပြစ်မရှိကြောင်း သက်သေပြချက်၊ ထွက်ဆိုချက်တွေကို ပြန်လည် သုံးသပ်ပေးဖို့ နစ်နာသူက အထက် အဆင့်ကို တက်ရတာ၊ ဒါက ဥပဒေကြောင်း အရပေါ့လေ၊ အရပ်စကားလို ပြောရမယ်ဆိုရင် အပြစ်မရှိဘူး လွှတ်ပေးပါ ပေါ့” ဟု လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေအဖွဲ့က ပြောသည်။
အယူခံဝင်ခွင့်များအတွက် မြို့နယ်အဆင့် အမိန့်ချမှတ်ထားမှုကို ခရိုင်အဆင့်သို့ တက်လိုလျှင် ရက်ပေါင်း ၃၀ အတွင်း၊ ခရိုင်အဆင့်မှ အမိန့်ချမှတ်ထားမှုကို တိုင်း/ပြည်နယ်အဆင့်သို့ တက်လိုလျှင် ရက်ပေါင်း ၆၀ အတွင်း၊ တိုင်း/ပြည်နယ် အဆင့်မှ ပြည်ထောင်စုသို့ တက်လိုလျှင် ရက်ပေါင်း ၉၀ အတွင်း အယူခံ တက်ခွင့်ရှိသည်ဟု သတ်မှတ်ထားသည်။
“အယူခံဝင်တာတော့ ကောင်းပါတယ်၊ အစကတည်းက အပြစ်မရှိ အပြစ်ရှာပြီး မတရားတဲ့ တရားစီရင်ရေးနဲ့ ထောင်ချ ခဲ့တာဆိုတော့ သူတို့ တရားစီရင်ရေးက ဘယ်လောက်ထိ မှန်ကန်မှာလဲ ဆိုတာကတော့ အဖြေရှိပြီးသား သိပြီးသား မေးခွန်းကို မေးနေရသလိုပဲ ဖြစ်လိမ့်မယ်ဗျ၊ အဲဒီတော့ ဘယ်လို အဖြေထွက်လာမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရ မှာပေါ့ဗျာ” ဟု မန္တလေးမြို့ခံ ကဗျာဆရာတဦးက ပြောသည်။
ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား အောင်မြေသာစံမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅/၃၀(က)တို့ဖြင့် တရားစွဲထားမှုကို ထောင်ဒဏ် ၄ နှစ် ကျခံစေရန်နှင့် ပုဒ်မ ၅၀၅ (ခ) အတွက် ချုပ်ရက်ခံစားခွင့် မရှိကြောင်း အမိန့်ချမှတ်ထားသည်။
ဒေါက်တာ ဇော်မြင့်မောင်အနေဖြင့် မန္တလေးတိုင်း တရားလွှတ်တော်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မများဖြင့် အမှု ၅ မှု၊ အမရပူရမြို့နယ် တရားရုံးနှင့် အောင်မြေသာစံမြို့နယ်တရားရုံးများတွင် ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ စွဲဆိုထားသည့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁ (စ)/ ၁၃၀ (က) အမှုများကို ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန် ကြီး ဦးဇာနည်အောင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ တိုင်းအတွင်းရေးမှူး ဦးတင်ကိုကိုတို့အား မဟာ အောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ် တရားရုံးများတွင် စွဲဆိုထားသည့် သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေများဖြင့် ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ထားသည်။
အလားတူ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်၊ စည်ပင်သာယာရေးဝန်ကြီး၊ မြို့ တော်ဝန် ဒေါက်တာရဲလွင်တို့ကိုလည်း ချမ်းအေးသာစံမြို့နယ်၊ အောင်မြေသာစံမြို့နယ်တရားရုံးများတွင် စွဲဆိုထားသည့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန် အမိန့် ချမှတ်ထားသည်။
စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) အရ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသော ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၏ အမှုကို စစ်တွေခရိုင်တရားရုံးသို့ အယူခံဝင်ခဲ့ရာ နိုဝင်ဘာ၂၂ ရက်က ခရိုင်အဆင့်၌ ပယ်ချခံခဲ့ရ သည်။
You may also like these stories:
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ထောင်ဒဏ် ၄ နှစ် ချမှတ်
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အား ထောင်ဒဏ် ၄ နှစ်စီ ချမှတ်
ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချ