တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပြီး ငွေပေးချေခွင့်ကို မြန်မာ့စီးပွားရေးဘဏ်နှင့် ချိတ် ဆက် ဆောင်ရွက်ရန် Bank of China – BOC (Hong Kong) ရန်ကုန်ရုံးခွဲနှင့် Industrial and Commercial Bank of China (Yangon Branch) တို့ကို စစ်ကောင်စီက ရွေးချယ်ခဲ့ကြောင်း ဒီဇင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု တိုးမြှင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရန်၊ နှစ်နိုင်ငံ ငွေပေးချေမှုနှင့် စာရင်း ရှင်းလင်းမှုစနစ် လွယ်ကူစေရန်နှင့် ပြည်တွင်း ငွေကြေးသုံးစွဲမှု တိုးမြှင့်ရန်အတွက် ရည်ရွယ်၍ နယ်စပ်ဒေသတွင် ယွမ်/ ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့်ပြုခြင်း ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေမှုကို ဆောင်ရွက်ခွင့်ရသည့်ဘဏ် (Designated Bank) များ အနေဖြင့် ၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်မှ စ၍ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြု ပေးချေရေး လုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (Guideline) အား လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။
မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက “အရင်တုန်းက ကျနော်တို့က တရုတ်ပြည်ကို ဆန်ရောင်းရင် လိုင်စင် ကြေးပေးပြီး ရောင်းတယ်။ ဆန် ၁ တန်ကို ဒေါ်လာ ၃၀၀ သတ်မှတ်တယ်။ အခုက အဲဒီလို မသတ်မှတ်တော့ဘူး။ နယ်စပ် ဒေသမှာ ဆန်ရောင်းရင် ၁ တန်ကို ယွမ်ငွေ ဘယ်လောက်ဆိုပြီး သတ်မှတ်တယ်။ ဒီနေ့ ပေါက်ဈေးအတိုင်း ယွမ်ငွေကို မြန် မာငွေ ပြန်လဲပြီး ပေးဆောင်ရမှာ ဖြစ်တယ်။ တဆင့် ကျော်သွားတာပေါ့။ ယွမ်ငွေနဲ့ရောင်းတာ ယွမ်နဲ့ သတ်မှတ်တော့ အဆင်ပြေပါတယ်။ ကုန်သည်တယောက် အနေနဲ့ ကျပ်နဲ့ တိုက်ရိုက်လဲတာ ပိုကောင်းပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့သော နိုင်ငံတော်အဆင့် အစည်းအဝေး တခုတွင်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာကျပ်ငွေနှင့် အိန္ဒိယ၊ ထိုင်း၊ တရုတ် နိုင်ငံသုံး ငွေများအား တိုက်ရိုက် ပေးချေနိုင်ရန် သဘောတူလက်မှတ် ရေးထိုးပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်း လုပ်ဆောင်ချက်သည် ပြီးခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်ကတည်းက စတင် ပြင်ဆင် လုပ်ဆောင်လာသည့် လုပ်ငန်းစဉ် ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်းထံမှ သိရသည်။
ထို့ပြင် ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုများတွင် ပိုမိုပူးပေါင်း မြှင့်တင်သွားရန် ရည်ရွယ်ပြီး မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ် မှုတွင် ကျပ်ငွေနှင့် ဘတ်ငွေ တိုက်ရိုက် ပေးချေနိုင်ရန်အတွက်လည်း NLD အစိုးရ လက်ထက်က ထိုင်း-မြန်မာ ဗဟိုဘဏ် တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားခဲ့သည်။
ယခင်က နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်များ၌ ကုန်သွယ်ဖက်နိုင်ငံ၏ သုံးငွေကို အမေရိကန်ဒေါ်လာနှင့် လဲလှယ်သကဲ့သို့ မြန်မာကျပ်ငွေကိုလည်း ဒေါ်လာနှင့် လဲလှယ်မှု ပြုလုပ်ပြီးမှသာ ငွေပေးချေရေး လုပ်ငန်းများကို ဆောင်ရွက်ရခြင်း ဖြစ်သည်။
ယခုအခါ ယွမ်/ကျပ် တိုက်ရိုက်ငွေပေးချေမှုကို ခွင့်ပြုလိုက်ပြီ ဖြစ်သောကြောင့် သွင်းကုန်၊ ပို့ကုန် လုပ်ငန်းရှင်များ အနေ ဖြင့် ဆောင်ရွက်ခွင့်ရသော (Designated Bank) ဘဏ်များတွင် ယွမ်စာရင်း ဖွင့်လှစ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရ သည်။
အဆိုပါ ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပြီး ငွေပေးချေခွင့် လုပ်ကိုင်ခွင့်ရသော Bank of China (Hong Kong) သည် ၂၀၂၀ ပြည့်နှစ် ဧပြီတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပေးသည့် ဘဏ်ခွဲတည်ထောင်ရေးလိုင်စင် ရရှိခဲ့ပြီး ၂၀၂၁ ဇန်နဝါရီ၌ တရားဝင် စတင်ဖွင့်လှစ်၍ လုပ်ငန်းလည်ပတ်နေခြင်း ဖြစ်သည်။
Bank of China (Hong Kong) သည် ဟောင်ကောင်ငွေကြေး အာဏာပိုင်အဖွဲ့မှ လိုင်စင်ထုတ်ပေးသည့် ကူးသန်းရောင်း ဝယ်ရေးဘဏ် ၃ ခုအနက်မှ ၁ ခုလည်း ဖြစ်သည်။
လုပ်ကိုင်ခွင့်ရသော နောက်ထပ် တရုတ်ဘဏ် တခုဖြစ်သည့် တရုတ်နိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (ICBC) သည်လည်း မြန်မာနိုင်ငံတွင် ၂၀၁၅ စက်တင်ဘာ၌ လုပ်ငန်းစတင်လည်ပတ်ခဲ့ပြီး ICBC ၏ နိုင်ငံခြားဘဏ်ခွဲများအနက် ၃၉၉ ဘဏ်မြောက်အဖြစ် ရန်ကုန်တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။
၎င်း၏ ရန်ကုန်ဘဏ်ခွဲသည် ပြည်တွင်းဘဏ်အများအပြားနှင့် နိုင်ငံခြားငွေ ရောင်းဝယ်မှု ကဲ့သို့သော ငွေကြေးဈေးကွက် အရောင်းအဝယ် ပြုလုပ်ခဲ့ပြီး အိမ်ခြံမြေ၊ ဆောက်လုပ်ရေးနှင့် ပုံနှိပ်ခြင်းလုပ်ငန်းများတွင် ငွေကြေးပံ့ပိုးခြင်းများ ပြုလုပ်နေ သည်။
You may also like these stories:
တရုတ်ကုန်သွယ်ရေးစနစ် အပြောင်းအလဲကြောင့် မြန်မာ့ဖရဲ ဆုံးရှုံးမှု ကြုံနေ
ကျင်စန်းကျော့ဂိတ် ပြန်ဖွင့်သော်လည်း ကွန်တိန်နာစနစ်ကြောင့် အခက်ကြုံ