ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း ကုလားတန် အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းရှိ ကျေးရွာပေါင်း ၁၃ ရွာ ဝန်းကျင်တဝိုက် စစ်တပ်က လက်နက်ငယ် လက်တွေ့ လေ့ကျင့်ပစ်ခတ်မည် ဖြစ်၍ ရွာသားများ ယင်း နေရာအနီး ဝန်းကျင်သို့ မသွားကြရန် သတိပေးစာ ထုတ်ပြန်ထားသည်။
ကျောက်တော်အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အကြောင်းကြားစာအရ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာညွန့်မှ ထပ်ဆင့်လက်မှတ်ထိုးကာ ဒီဇင်ဘာ ၁၆၊ ၁၇ ရက်များတွင် လက်နက်ငယ် ပစ်ခတ်လေ့ကျင့်မည့် အကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားစာ ပေးပို့ထားခြင်း ဖြစ်သည်။
အဆိုပါ အကြောင်းကြားစာတွင် ကျောက်တော်အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အနီးတဝိုက်ရှိ ညောင်ပင်လှကျေးရွာ၊ လမ်းမတော်ကျေးရွာ၊ ခေါင်းတုတ်ကျေးရွာ၊ နဂရာကျေးရွာ၊ ရုပ်သားကျေးရွာ၊ စံကားတောင်ကျေးရွာ၊ ဝကင်းကျေးရွာ၊ ဝင်စုကျေးရွာ၊ နိဒင်ကျေးရွာ၊ ပီစိပိုက်သည်ကျေးရွာ၊ ပီစီ (မွတ်ဆ လင်) ကျေးရွာ၊ မြင်းကြပ်ကျေးရွာ၊ ပီထု ကျေးရွာ စသည့် ကျေးရွာသားများ အနေဖြင့် စစ်တပ်က ပစ်ခတ်လေ့ကျင့်မည့် ဧရိယာ အနီးဝန်းကျင်သို့ သွားလာခြင်း မှ ရှောင်ကြည်ကြရန်ဟူ၍ ဖော်ပြထားသည်။
ကျေးရွာပေါင်း ၁၀ ရွာကျော် ဧရိယာအတွင်း စစ်တပ်က လက်နက်ပစ်ခတ်ခြင်း လေ့ကျင့်ခြင်းများ ပြုလုပ်မည့်အပေါ် ဒေသ ခံ တောင်သူများ အနေဖြင့် စိုးရိမ်မှုရှိနေပြီး စပါးရိတ်သိမ်းရန်အတွက်လည်း အခက်ကြုံနေရကြောင်း ကျေးရွာသား ဦးလှ စောမောင်က ပြောသည်။
“စပါးရိတ်သိမ်းချိန်မှာ အခုလို လက်နက် ပစ်ခတ်လေ့ကျင်ဖို့အတွက် သတိပေးတာက ကျနော်တို့ လယ်သမားတွေအ တွက် တော်တော် ဒုက္ခတွေ့တယ်။ ကျနော်တို့ ကျွဲ၊ နွားတွေကို လယ်တောထဲက စပါးပုံတွေကို ဘယ်လို စောင့်ကြည့်မလဲ ဆိုတာ ကျနော်တို့လည်း စဉ်းစားမရတော့ဘူး” ဟု ဆိုသည်။
ကျောက်တော်မြို့နယ် အရပ်ဖက်လူမှုအဖွဲ့မှ ဦးဇော်ဝင်းကလည်း စစ်တပ်က ထိုသို့ ရွာပေါင်းများစွာ၏ ဧရိယာအတွင်း စစ်ရေးလေ့ကျင့် ပစ်ခတ်ရန် လုပ်ဆောင်ခြင်းမှာ ရခိုင်တွင် နယ်မြေစိုးမိုးမှု ရှိနေသည်ဆိုခြင်းကို ပြသချင်သည့်သဘော အပြင် ဒေသခံ ပြည်သူလူထုကိုလည်း စစ်ရေးအရ ခြိမ်းခြောက်ပြသလိုခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
“ကျနော်မြင်တာက ရခိုင်မှာ စစ်တပ်က နယ်မြေစိုးမှု ရှိနေသေးတယ်။ သူတို့ လုပ်ချင်တာ လုပ်လို့ရသေးတယ် ဆိုတာကို ပြချင်တဲ့အတွက် လုပ်တယ်လို့ မြင်တယ်။ နောက်တခုက သူတို့ တရားဝင် စာထုတ်ထားတဲ့အတွက် ရွာသားတွေ ကျည် ဆန်ထိရင်လည်း သူတို့နဲ့ မဆိုင်ဘူး။ တရားဝင် ပစ်ခတ်လို့ ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဒီလိုလုပ်တာလို့ ယူဆတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ကျောက်တော်မြို့ပေါ်တွင် မကြာသေးခင် ရက်ပိုင်းအတွင်းက ပြုလုပ်ခဲ့သော ရခိုင်အဆိုတော်များ ပါဝင်သည့် တေး ဂီတ ဖြေဖျော်ပွဲကို မပြုလုပ်ရန် စစ်တပ်က လာရောက် ဟန့်တားခဲ့သော်လည်း နေရာပြောင်းပြီး ဆက်လက် ကျင်းပခဲ့သည့် အပေါ် ကျေနပ်မှု မရှိသဖြင့် စစ်အင်အား ထွက်ပြခြင်း ဖြစ်နိုင်သည်ဟူသော ယူဆချက်များလည်း ထွက်ပေါ်လျက် ရှိသည်။
ရခိုင်နိုင်ငံရေးသမား တဦးဖြစ်သူ ဦးဖေသန်းက နှစ်ဖက်ယုံကြည်မှုဖြင့် တိုက်ပွဲရပ်တန့်ထားသည့် ယခုကဲ့သို့ ကာလတွင် ရွာပေါင်းများစွာ ပါဝင်သည့် ဧရိယာအတွင်း စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်လာခြင်းမှာ မဖြစ်သင့်သည့် ကိစ္စတခု ဖြစ်သည် ဟု ပြောဆိုသည်။
ဦးဖေသန်းက “ဒီလို တဖက်နဲ့တဖက် နားလည်မှုနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့အချိန်မှာ ရွာပေါင်းများစွာကို စစ်ရေးလှုပ်ရှားမှု ဂွင်ထဲကိုသွင်းပြီး လုပ်မယ်ဆိုတာက မဖြစ်သင့်ဘူး။ ဒီလို လုပ်လာမယ်ဆိုရင် တဖက်နဲ့တဖက် ထိပ်တိုက်တိုးလာတာတွေ ဖြစ်လာမယ်။ နောက်တချက်ကလည်း လက်နက်ပစ်ခတ်လေ့ကျင့်တာက တောထဲတောင်ထဲက နေရာတခုကို ရွေးပြီးမလုပ် ဘဲ လူနေရွာတွေကို ထည့်သွင်းပြီး စစ်ရေးလေ့ကျင့်မယ့် ဆိုတာက သူတို့ရဲ့ စစ်ရေးအင်အားကို ပြသပြီး ပြည်သူကို တနည်း နည်းနဲ့ စစ်ရေးနဲ့ ခြိမ်းခြောက်ပြတာ ဖြစ်မယ်လို့ သုံးသပ်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း မြောက်ဦးမြို့ အမှတ် (၃၁) ရဲတပ်ရင်းမှ ၎င်းတို့အနီးရှိ ခေါင်းဖြူတောင် ကွင်းပြင်တွင် လက်နက်ကြီးများ စမ်းသပ်ပစ်ခတ်မည် ဖြစ်သောကြောင့် အနီးရှိ ရွာဟောင်းတော၊ ဆင်အိုးကြီး၊ ဆင်အိုးချေ၊ လက်ကောင်ဈေး၊ ဘုရားအုပ် စသည့် ကျေးရွာဒေသခံများ အနေဖြင့် အနီးရှိ တောတောင်များ၌ သစ်၊ ဝါး၊ ထင်းများ ခုတ်ယူပြီး ဖြတ်သန်းသွားလာခြင်း မပြုရန် စစ်ကောင်စီ လက်အောက်ခံ အာဏာပိုင်များက ထုတ်ပြန်ခဲ့ဖူးသည်။
သို့သော် တည်ငြိမ်နေသည့်အချိန် လက်နက်ကြီးများ ပစ်ခတ်မည်ဆိုပါက ဒေသတည်ငြိမ်မှုကို ပျက်ပြားစေသလို ပြည်သူ လူထုအတွက်လည်း အထိတ်တလန့် ဖြစ်စေကြောင်း ဒေသခံများကြား ဝေဖန်သံများ ထွက်ပေါ်လာပြီးနောက် လက်နက် ကြီး စမ်းသပ်ပစ်ခတ်မှုကို ပြုလုပ်မည် မဟုတ်တော့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပြန်လည် အကြောင်းကြားခဲ့ သည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ကြား ယာယီ အပစ်အခတ် ရပ်တန့်ထားသော် လည်း အောက်ခြေတွင် နှစ်ဖက်တင်းမာမှု၊ စစ်ရေးလှုပ်ရှားစောင့်ကြည့်မှုများ ရှိနေဆဲ ဖြစ်သည်။
ဒီဇင်ဘာ ၁၃ ရက်မှ ၂၀ ရက်ထိ ပေါက်တောမြို့နယ်အတွင်း ကျင်းပမည့် ဆံတော်ရှင်ဘုရားပွဲ ကိစ္စနှင့် ပတ်သက်ပြီး ဘုရားဖူး ပြည်သူများ သွားလာရေးအတွက် လမ်းလုပ်ရန် အကြောင်းပြချက်ဖြင့် စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်နေမှုကြောင့် ဒေသခံများကြား စိုးရိမ်မှုများ ရှိနေပြီး စစ်တပ်နှင့် AA ကြားတွင်လည်း နှစ်ဖက်တင်းမာမှုများ ဖြစ် ပွားလျက် ရှိသည်။
လက်ရှိ အခြေအနေတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အကြောင်းပြချက် အမျိုးမျိုးဖြင့် ရခိုင်ပြည်နယ်အတွင်း တရွာဝင် တရွာထွက် နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားမှုများ ရှိနေသလို သမိုင်းဝင် ဆံတော်ရှင်ဘုရားပွဲ ကျင်းပမည့်အပေါ်၌ လည်း ဝင်ရောက်စွက်ဖက် ခြယ်လှယ်မှုများ ဆက်လက် ပြုလုပ်နေပါက ရခိုင်ပြည်သူများ အနေဖြင့် ဘုရားဖူးသွားမည့် အပေါ် ဆင်ခြင်သုံးသပ်ကြရန်နှင့် စစ်ရေးသတိရှိကြရန် ရခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA /AA ) က ဒီဇင်ဘာ ၁၀ ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။
You may also like these stories:
ကျောက်တော်တွင် တပ်စွဲထားသည့် ရဲတပ်ဖွဲ့ဝင်များထံမှ လက်နက်များ AA သိမ်းသွား
AA က ဖမ်းဆီးထားသော စစ်သုံ့ပန်း ၆ ဦးကို စစ်တပ်ထံ လွှဲပြောင်းပေး
ရခိုင်ဝန်ကြီးချုပ် ဦးညီပုအမှု စွဲချက်တင်သင့်မသင့် ဇူလိုင်လတွင် အမိန့်ချမည်