သတင်း

လေးကေ့ကော် စစ်မီးစ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အတွင်းရှိ လေးကေ့ကော် အမည်ရ “ငြိမ်းချမ်းရေးမြို့သစ်” တွင် ဒီဇင်ဘာ ၁၅ ရက်နေ့က ပစ်ခတ်မှုများစတင်ဖြစ်ပွားခဲ့ပြီး ထိုမြို့လေးသည် လုံခြုံမှှုကင်းမဲ့သွားခဲ့ရသည်။

လေးကေ့ကော်ကို စစ်ဒဏ်သင့် ပြည်သူများနေထိုင်နိုင်ရေးအတွက် ၂၀၁၄၊ ၂၀၁၅ ခုနှစ်က ဂျပန် နိပွန်ဖောင်ဒေးရှင်းက တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုနေရာတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်များ အဓိက လှုပ်ရှားပြီး ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) နှင့် အာဏာသိမ်း စစ်တပ်တို့ ရှိသည်။

စစ်တပ်က တိုင်းပြည်အာဏာကို အဓမ္မ အာဏာသိမ်းယူပြီးနောက် ထိုနေရာလေးတွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ပြည်သူအချို့ ခိုလှုံမှုရှိခဲ့သည်။ ရန်ကုန်မြို့ပေါ် တိုက်ခိုက်မှုများအပါအဝင် ပြည်တွင်း ပုန်ကန်တော်လှန်တိုက်ခိုက်မှုများကြောင့် အထိနာလာသည့် စစ်တပ်က အချို့သော တိုက်ခိုက်မှုများသည် ထိုနေရာမှ အရင်းခံစီးဆင်းမှုရှိသည်ဟု ခံယူထားပြီး ရှင်းထုတ်ရန် ရည်ရွယ်သည်။

ဒေသခံ လက်နက်ကိုင်တပ်ဖွဲ့အချို့ကတော့ ထိုနေရာကို အာဏာသိမ်း စစ်တပ်ဘက်က စောင့်ကြည့်နေသည်မှာ လအတန် ကြာခဲ့ပြီဖြစ်သည်ဟု ဆိုသည်။ ရန်ကုန်တွင် ဖမ်းမိသူများထံမှ သတင်းအစအန ရရှိထားသလို လာရောက် ခိုလှုံသူ အချို့၏ လူမှုကွန်ယက်စာမျက်နှာပေါ်မှ သဲလွန်စရခြင်းများ ပါဝင်သည်ဟု ဆိုသည်။

လေးကေ့ကော် ကျေးရွာသို့ ဒီဇင်ဘာ ၁၄ ရက်နေ့က ဝင်ရောက်ခဲ့သော အာဏာသိမ်းစစ်တပ်

“တချို့က ကိုယ်နေတဲ့ နေရာကို Facebook တင်တယ်။ စောင့်ကြည့်နေတဲ့သူက ဒီလူတွေဘယ်နေရာမှာလဲဆိုတာ သိတာပေါ့။ နောက်တခုက လေးကေ့ကော် အထက်နားက View Point မှာ ဆိုင် သွားထိုင်ကြတာတွေလည်း ရှိတယ်။ အဲဒီမှာက စစ်တပ်ကလူတွေလည်း ရှိနေတယ်” ဟု ကရင်လက်နက်ကိုင် သတင်းရင်းမြစ်တဦးက ရှင်းပြသည်။

လေးကေ့ကော်မြို့သစ်ကို စီးနင်းရှာဖွေခွင့်ပြုရန် အာဏာသိမ်း စစ်တပ်၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် က ကရင်အမျိုးသား အစည်းအရုံး (KNU) ထံအကြိမ်ကြိမ် ခွင့်ပြုချက် တောင်းခံခဲ့သည်မှာ လနှင့်ချီခဲ့ပြီ ဖြစ်သော်လည်း KNU ဘက်မှ လက်မခံသဖြင့် ကြန့်ကြာနေခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ထိုမြို့သစ်လေးထဲကို ပြောက်ကျားယူနီဖောင်းဝတ်ဆင်ထားသော အာဏာသိမ်း စစ်ကောင်စီတပ်များ လက်နက်အပြည့် အစုံဖြင့် ဝင်ရောက်လာပြီး တအိမ်ဝင် တအိမ်ထွက် ဧည့်စာရင်း စစ်သည့် ပုံစံဖြင့် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုစစ်ဆေးမှုများကြောင့် လွှတ်တော်အမတ် အချို့အပါအဝင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေသူ အနည်းဆုံး ၄၀ ခန့် စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ လေးကေ့ကော်တွင် ရှိသည့် နေအိမ်များစာရင်းသည် အာဏာသိမ်း စစ်တပ်ဘက်တွင်လည်း ရရှိထားပြီးဖြစ်သဖြင့် အိမ်ရှင်မည်သူမည်ဝါ၊ သူစိမ်းမည်သူဆိုသည်ကို သိရှိထားပြီးဖြစ်သည်ဟုဆိုသည်။

လေးကေ့ကော်ကို အာဏာသိမ်း စစ်တပ်က ထိုသို့ ဝင်ရောက်မည့် အခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်သည့် အဖွဲ့ အစည်းများကို ကြိုတင် အကြောင်းကြားခဲ့သဖြင့် တိမ်းရှောင်သူအများစု လွတ်မြောက်ခဲ့သော်လည်း ကျန်နေရစ်သူများ ပါသွားခဲ့ရသည်။ ထိုနေရာကို သတင်းရရချင်း ချက်ချင်း စွန့်ခွာသွားသူများထဲတွင် အများစုမှာ စစ်ရှောင်များ ဖြစ်သည်။

တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံကြသည့် ဒေသခံများ (ဓာတ်ပုံ – ဧရာဝတီ)

“ရှောင်တဲ့လူအများစုကလွတ်တာပေါ့။ အဲဒီအထဲမှာ စစ်ရှောင်တွေ အများစုပါတယ်။ သူတို့က သတိပေးပြီ ဆိုကတည်းက နားလည်တယ်။ အတွေ့အကြုံကလည်း ရှိပြီးသားလေနော်၊ တချို့က ဘာကြောင့် မရှောင်တာလည်းတော့ မသိဘူး” ဟု မြေပြင်ဖြစ်စဉ်နှင့် ထိစပ်နေသည့် KNU သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်တပ်က ထိုသို့ ဝင်ရောက်မှုသည် KNU ၏ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၆ လက်အောက်ခံတပ်များ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအတွက် ဒေါသထွက်စရာဖြစ်ခဲ့သည်။

ထိုသို့ဝင်ရောက်ပြီး နောက်တနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၁၁ နာရီလောက်တွင် သေနတ်သံများ စတင်ကြားခဲ့ရပြီး နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများ တရက်တည်း ၃ ကြိမ် ဖြစ်ပွားခဲ့သည်။ KNU သတင်းရင်းမြစ်များ အဆိုအရ KNU တပ်များအခြေချရာ တောင်ကုန်းကို အာဏာသိမ်းတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ရာမှ သေနတ်စပေါက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မည်သို့ပင်ဖြစ်စေ အိမ်ခြေ ၆၀၀ ကျော်ရှိပြီး လူဦးရေ ၃,၀၀၀ ကျော် ရှိသည့် ငြိမ်းချမ်းရေးမြို့သစ်လေးသည် တိုက်ပွဲကြောင့် ကျီးလန့်စာစားဘဝ ရောက်ရှိသွားခဲ့ရသည်။

တိုက်ပွဲကြောင့် အာဏာသိမ်း စစ်တပ်ဘက်က ၈ ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ ထိုအထဲတွင် တပ်ရင်းမှူးအဆင့်ရှိသူတဦးလည်း ပါဝင်ခဲ့သည်။

ကရင်လက်နက်ကိုင် သတင်းရင်းမြစ်က “သူကတော့ စနိုက်ပါထိသွားတာ။ လူငယ်ပိုင်းပါ။ တပ်ရင်းမှူးဆိုပေမယ့် မြေပြင်မှာတော့ တပ်ကြပ်ကြီးအဆင့်လောက် စစ်ရေးအတွေ့အကြုံရှိတဲ့သူမဟုတ်ဘူး” ဟု ဆိုသည်။

တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံကြသည့် ဒေသခံများ (ဓာတ်ပုံ – ဧရာဝတီ)

စစ်တပ်က အာဏာသိမ်းထားသည့် ကာလအတွင်း KNU လှုပ်ရှားနယ်မြေများအတွင်းတွင် ဒေသခံပြည်သူ ၅၀ ခန့်ကို သတ်ဖြတ်ခဲ့ကြောင်း ထိုအတွက် KNLA တပ်များအကြားတွင်လည်း အာဏာသိမ်း တပ်အပေါ် မကျေနပ်မှုများ ရှိနေသည်ဟု သေဆုံးစာရင်းများကို ထောက်ပြ၍ ပြောသည်။

KNU လှုပ်ရှားနယ်မြေအတွင်း စစ်တပ်၏ လူမဆန်စွာ ဆောင်ရွက်မှုများကို ခုခံကာကွယ်ခြင်းသည် တာဝန်တရပ် ဖြစ်ကြောင်း KNU တပ်မဟာ ၅ ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက ပြောသည်။

၎င်းက “ကျနော်တို့ရဲ့ နယ်မြေဒေသမှာ ဒီလိုမျိုး လူမဆန်စွာ ဖမ်းဆီးရက်စက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုတော့ ပြန်ပြီးတော့ ခုခံ ကာကွယ်တုန့်ပြန်ရမှာက တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ရဲ့ တာဝန်ပဲလေ။ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့က ကိုယ့်တာဝန်ကိုယ် ဆက်လုပ်တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

အာဏာသိမ်း စစ်တပ်က လေးကေ့ကော် တွင် တိုက်ခိုက်ခံရပြီးနောက် စစ်ကူများဖြည့်တင်းမှုပြုလုပ်ရာ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် မဲ့ထော်သလေးတွင် KNLA ဦးဆောင်သည့် တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် တိုက်ပွဲပြင်းထန်ခဲ့သည်။

ထိုတိုက်ပွဲကြောင့် ယင်းဒေသရှိ ဒေသခံရွာသူရွာသားများမှာ အိုးအိမ်များ စွန့်ခွာ၍ သောင်ရင်းမြစ်ကို ဖြတ်ကာ ထိုင်းနိုင် မဲဆောက်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။

ပဒိုမန်းမန်းက “စစ်ကောင်စီဘက်က ဆက်တိုးလာရင်တော့ တိုက်ပွဲ ဆက်ဖြစ်ဖို့ ပဲ ရှိတယ်။ ဒါတင်မကဘူး။ တပ်မဟာ ၅ နဲ့ ယှဉ်ပြောရရင် တပ်မဟာ ၅ မှာလည်း နေ့စဉ်နဲ့အမျှ စစ်ကောင်စီ အနေနဲ့ တိုက်ပွဲတွေ ဖြစ်နေတော့ တခြား တပ်မဟာတွေလည်း စစ်ရေးအရတော့ တပြိုင်နက်တည်း ဖော်ဆောင်ဖို့ လိုအပ်နေ တာ ဖြစ်ပါတယ်” ဟု ဆိုသည်။

You may also like these stories:

လေးကေ့ကော်တိုက်ပွဲတွင် ပြည်သူရာချီပိတ်မိနေပြီး စစ်ဘေးရှောင်များ ထပ်မံတိုးလာနေ

လေးကေကော်တွင် လွှတ်တော်အမတ် အပါအဝင် ၃၂ ဦး ဖမ်းခံရ

Loading