မကွေးတိုင်း ကျောက်ထုမြို့နယ်အတွင်း ချင်းဒေသကာကွယ်ရေးတပ် (CDF- မင်းတပ်)၊ ယောဒေသပြည်သူ့ ကာ ကွယ်ရေးတပ် (ယော-PDF) ပူးပေါင်း တပ်ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်များကြား ထိတွေ့ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် စစ်ရေးတင်းမာသည့် အခြေအနေရှိနေကြောင်း CDF – မင်းတပ်ဘက်က ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ကျောက်ထုမြို့နယ်၊ ကျည်းရွာနှင့် လယ်ဆောရွာအနီး၌ အင်အား ၇၀ ကျော်ဖြင့် စစ်ကြောင်း ထိုးဝင်လာသည့် စစ်ကောင်စီ တပ်အား PDF ပူးပေါင်းအဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဘက်က ၁၀ ဦးခန့် ကျဆုံးမှုရှိကြောင်း ၎င်းတို့က ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ ပြည်သူများထံက လုယက် ယူဆောင်လာသည့် ရွှေ၊ ငွေ အချို့အား ပြန်လည် ရရှိခဲ့ဟု သိရသည်။
CDF- မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က “စစ်ကောင်စီဘက်က ကျည်းရွာ၊ လယ်ဆောရွာတွေကို ဝင်ပြီးတော့ တက်ကြွလှုပ်ရှားသူတွေ၊ PDF ထဲ ပါတယ်လို့ ယူဆသူတွေရဲ့ အိမ်ကိုတွေကို ဖျက်ဆီးသွားတာပေါ့။ ရွှေတွေ၊ ငွေတွေ ယူသွားတာပေါ့၊ ဒါတွေက တိုက်ပွဲဖြစ်တော့ ကျကျန်ခဲ့တဲ့ တချို့ ရွှေထည်ပစ္စည်းတွေ ပြန်ရတယ်၊ ဖုန်းတွေ၊ ကျည်ဆန်တွေရောပေါ့။ ဒေသခံတွေရဲ့ ပစ္စည်းတွေကိုတော့ ပြန်ပေးကြပါတယ်” ဟု ပြောသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်ကလည်း မယ်လယ်ကုန်းရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းနင်းမိရာက စတင်ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက် ဒဏ်ရာရသူများရှိနိုင်ပြီး ဒေသကာ ကွယ်ရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှု မရှိခဲ့ကြောင်းလည်း CDF-မင်းတပ်က ထုတ်ပြန်ထားသည်။
ယင်းသို့ ထိတွေ့မှုများ ဖြစ်ပွားမှုကြောင့် ကျောက်ထုမြို့နှင့် ထီးလင်းမြို့တို့မှ စစ်ကောင်စီအင်အား ၁၀၀ ကျော်သည် တိုက်ခိုက်မှု ဖြစ်ပွားရာ ဒေသအတွင်းသို့ စစ်ကူ ဝင်ရောက်လာခဲ့ပြီး လတ်တလောတွင် မယ်လယ်ကုန်ကျေးရွာ တဖက် ကမ်းရှိ လှော်ဝ ကျေးရွာအတွင်း အင်အား ၁၇၀ ခန့် ရောက်ရှိနေကြောင်းလည်း သိရသည်။
မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ် ယောဒေသအတွင်းနှင့် မင်းတပ်၊ ကန်ပက်လက်မြို့နယ်တို့တွင် CDF များနှင့် ယော ဒေသ PDF များ ပူးပေါင်းကာ စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ဒေသတွင်း ပျူစော ထီး အဖွဲ့ဝင်များနှင့် စစ်တပ်သတင်းပေး ဒလန်များအား တိုက်ခိုက်မှုများ မြင့်တက်လာနေကြောင်းလည်း ဒေသ ကာ ကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။
ယမန်နေ့ကလည်း ကျောက်ထုမြို့နယ်အတွင်းရှိ စစ်တပ်အတွင်းသို့ မကြာခဏ ဝင်ထွက်ကာ သတင်း ပေးလုပ်နေသူ ဟုဆိုသူ ၃ ဦးအား ရှင်းလင်းနိုင်ခဲ့ကြောင်းလည်း ၎င်းတို့ထံက သိရသည်။
“ယောနယ်တခွင်မှာ ပျူတွေ၊ ဒလန်တွေ ရှင်းတာ နည်းနည်း စိပ်နေတာ၊ CDF-မင်းတပ်နဲ့ ယော PDF တွေ ပူးပေါင်း လုပ်ဆောင်တာလည်း များလာတော့ သူတို့နယ်မြေတွေ ထိန်းချုပ်မထားနိုင်တော့ နယ်မြေ ရှင်းလင်းရေးဆိုပြီး စစ် ကြောင်းတွေ ဝင်တာပေါ့။ PDF တွေ အားကောင်းလာတာနဲ့အမျှ သူတို့ နယ်မြေ ထိန်းချုပ်နိုင်မှုက လျော့လျော့လာ ပါပြီ၊ နောက်ဘာဆက်ဖြစ်မလဲတော့ မသိသေးဘူးပေါ” ဟု ဆလိုင်းယောမာန်က ပြောသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းမှာလည်း လတ်တလောတွင် စစ်ကောင်စီတပ်များ မြို့နယ်အတွင်း လှုပ်ရှားမှု မရှိ သလောက် နည်းပါးနေပြီး မြို့ပေါ်တွင်သာ သေနတ်ပစ်ဖောက် ခြောက်လန့်မှုများ ပြုလုပ်နေကြောင်းလည်း CDF-မင်း တပ်ထံက သိရသည်။
You may also like these stories:
ကိုးကန့်အဖွဲ့ကို အာဏာသိမ်းစစ်တပ် တိုက်လေယာဉ်များသုံး၍ ထိုးစစ်ဆင်
စစ်ကောင်စီ ဖိနှိပ်မှုကြောင့် လူထုဆန့်ကျင်မှုများ ပိုမိုအားကောင်းလာ
လေးကေ့ကော်တိုက်ပွဲတွင် ပြည်သူရာချီပိတ်မိနေပြီး စစ်ဘေးရှောင်များ ထပ်မံတိုးလာနေ