ရခိုင်ပြည်နယ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ကုန်စည် တင်ပို့ပြီး ပြန်လည် ဝင်ရောက်လာသော စက်လှေသမား များထံမှ ကိုဗစ်ပိုး ဆက်တိုက် တွေ့ရှိနေကြောင်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည် တင်ပို့ပြီး စစ်တွေမြို့နယ်၊ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေး စခန်းသို့ ပြန်လည် ဝင်ရောက် လာသော စက်လှေသမားများကို စက်လှေထဲတွင် Quarantine ၁၀ ရက်ကြာ ထားပြီး စစ်ဆေးခဲ့ရာ ထိုသို့ ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် စီမံခန့်ခွဲမှုကောင်စီမှ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။
ဦးလှသိန်းက “ကျနော်တို့ ဒီကိစ္စကို မပေါ့ဘူး။ အဲဒါကြောင့် ပြန်ဝင်လာတိုင်း Quarantine ထားပြီး စစ်ဆေးတဲ့အခါ တွေ့တာ။ သူတို့က တဖက်နိုင်ငံ ကုန်းပေါ်ကိုလည်း မတက်ဘူး။ ဘာကြောင့် ပိုးတွေ့လည်းဆိုတာက ဒီပြန်ရောက် ဆေးစစ်တယ်။ ပိုးတွေ့ရင် ဆေးရုံတင်တယ်။ ပိုးမတွေ့တဲ့သူတွေက သွားလာခွင့်ရတော့ သွားလာကြရင်း ပိုးကူးစက်မှု ဖြစ်ပြီးတော့ သူတို့ စက်လှေကို ပြန်တက်တဲ့အခါ စက်လှေသမားချင်း ကူးစက်တာ ဖြစ်မယ်လို့တော့ ယူဆရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်မှု လျော့ကျနေသဖြင့် မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းကို ပြန်လည် ဖွင့် လှစ်ခဲ့ပြီးနောက် ကုန်ပို့ပြီး ပြန်လည် ဝင်ရောက်လာသော စက်လှေသမားများကို စစ်ဆေးခဲ့ရာတွင် ပြီးခဲ့သော နိုဝင်ဘာလ ၃၀ ရက်က စက်လှေသမား ၉ ဦးတွင် ပိုးတွေ့ရှိခဲ့သလို ယခုလ ဒီဇင်ဘာလ ၇ ရက်က ၇ ဦး၊ ဒီဇင်ဘာလ ၁၀ ရက်က ၂ ဦး၊ ဒီဇင်ဘာလ ၁၄ ရက်က ၆ ဦး စုစုပေါင်း ၂၄ ဦးအထိ ပိုးကူးစက်မှု ရှိလာသည်။
အဆိုပါ ပိုးတွေ့ရှိသည့် စက်လှေသမားများသည် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားသူများဖြစ်ပြီး ပိုးကူးစက်မှု အခြေအနေနှင့် ပတ်သက်ပြီး သက်ဆိုင်ရာသို့ ပို့ဆောင် စစ်ဆေးခဲ့ရာတွင်လည်း မျိုးရိုးကွဲ ပိုးတွေ့ရှိခဲ့ခြင်း မရှိဘဲ ပြည် တွင်းတွင် ကူးစက်မှုဖြစ်သည့် ဒယ်လ်တာ (Delta) ပိုးမျိုးကိုသာ တွေ့ရှိခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းက ဆက် လက် ပြောသည်။
ကိုဗစ်တတိယလှိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ပထမအသုတ် ပိုးတွေ့ရှိသူများထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည် ပို့ဆောင်ပြီး ပြန်လည် ဝင်ရောက်လာသော စက်လှေသမား အစုလိုက်၊ အပြုံလိုက် ပါဝင်သည့်အတွက် ယခုတဖန် ပိုးတွေ့ရှိလာသည့် အပေါ် ဒေသခံ လူထုကြားတွင်လည်း စိုးရိမ်မှုမြင့်တက်လျက် ရှိသည်။
ရခိုင်အမျိုးသမီး ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက “ကိုဗစ်စတုတ္ထလှိုင်း အစပျိုးနေတဲ့အချိန် ဒီလို ဘင်္ဂလားဒေ့ရှ်က ပြန် လာတဲ့ စက်လှေသမားတွေဆီမှာ ပိုးတွေ့တဲ့အပေါ်မှာတော့ အများကြီး စိုးရိမ်မိပါတယ်။ အစိုးရအနေနဲ့ ဒီကိစ္စကို သေချာကိုင်တွယ်ဖို့ လိုတယ်။ အခု ပြန်ဝင်လာတဲ့ စက်လှေသမားတွေကို စစ်ဆေးလို့ တွေ့တာ။ ညအချိန် ခိုးဝင်လာပြီး လွတ်သွားတဲ့ စက်လှေတွေလည်း ရှိတယ်။ ဒါကိုလည်း ထည့်တွက်သင့်တယ်။ အကောင်းဆုံးကတော့ ဒီအချိန်မှာ ကုန်သွယ်မှုကို ယာယီ ပိတ်ထားသင့်တယ်လို့ မြင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကိုဗစ်တတိယလှိုင်းတွင် ရခိုင်ပြည်နယ်အတွင်း ပိုးကူးစက်ခံရသူ ၅၂၀၆ ဦး၊ သေဆုံးသူ ၅၀၀ ဦး၊ လက်ရှိ ဆေးရုံတက် ကုသမှု ခံယူနေရသူ ၂၂ ဦး ရှိကြောင်း ပြည်နယ်စီမံခန့်ခွဲမှု ကောင်စီ၏ ဒီဇင်ဘာလ ၁၄ ရက် ထုတ်ပြန်ချက် စာရင်းများ အရ သိရသည်။
NLD အစိုးရ လက်ထက် ကိုဗစ် ဒုတိယလှိုင်းတွင် ပိုးကူးစက်မှု မြင့်မားခဲ့သည့်အတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ်ကို ပိတ် ထားခဲ့ရာမှ စစ်တပ်က အာဏာသိမ်းယူပြီး နောက်ပိုင်း ဧပြီလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လည် ဖွင့် လှစ်ခဲ့သည်။
သို့သော်လည်း ကိုဗစ်တတိယလှိုင်းတွင် ပိုးကူးစက်မှု အဆမတန် များပြားခဲ့သဖြင့် ပြည်နယ်စီမံခန့်ခွဲမှု ကောင်စီသည် ဇူလိုင်လ ၁၅ ရက်မှ စတင်ကာ အဆိုပါ နယ်စပ်ကုန်သွယ်ရေး စခန်းကို ယာယီရပ်နားခဲ့ပြီး၊ ကိုဗစ်ကူးစက်မှု လျော့ကျ လာသည့်အတွက် အောက်တိုဘာလ ၁၄ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီလက်ထက် နယ်စပ်ကုန်သွယ်ရေးစခန်းကို ဖွင့်လှစ်ခဲ့ရာတွင် ဧပြီလနှင့် မေလ နှစ်လတာကာလအတွင်း နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၃၈၃၀၅၇ ဒသမ ၇၉ သန်းအထိ ကုန်စည် ကူး သန်းရောင်းဝယ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက သိရသည်။
အဆိုပါ နယ်စပ်ကုန်သွယ်မှု စခန်းများမှ ပို့ကုန်အနေဖြင့် ကုလားပဲ၊ ကွမ်းသီး၊ ကြက်သွန်နီ၊ ငါးနီတူခြောက်၊ ငါးမြစ်ချင်း ၊ ကော်ဖီမစ်၊ အုန်းသီး၊ ဇီးယိုထုပ်၊ ထွန်းရွှေဝါ၊ နနွင်းတက်၊ ကြိမ် စသည့် ကုန်ပစ္စည်းတို့ တင်ပို့ကာ၊ သွင်းကုန်အနေဖြင့် T –Shirt ၊ Plastic Water Tank ၊ Metal Water Pot ၊ PVC Tank ၊ Iron Road ဂျုံစေ့၊ ထီး စသည့် ကုန်စည်တို့ တင်သွင်းလျက်ရှိကြောင်း သိရသည်။
You may also like these stories:
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်
ကျောက်တော်တွင် လက်နက်ငယ် ပစ်ခတ်လေ့ကျင့်မည်ဟု စစ်တပ်သတိပေး
ယွမ်/ကျပ် တိုက်ရိုက်ပေးချေခွင့် ဆောင်ရွက်ရန် နိုင်ငံခြားဘဏ်နှစ်ခု စစ်ကောင်စီ ခွင့်ပြု