နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ယမန်နေ့က နေပြည်တော် အထူးသီးသန့်တရားရုံးတွင် ရုံးထုတ်ရာ၌ ထောင်ပုံစံ ဝတ်စုံဖြင့် ရုံးထုတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးထံမှ သိရသည်။
ယမန်နေ့က စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်နှင့်အတူ စွဲဆိုခံထားရသည့် အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃-၁ (ဂ) အမှုအတွက် တရားရုံးလာရောက်ရာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ကျီအဖြူ၊ ထဘီအညိုရင့် (ယော ဂီရောင်) ဝတ်ဆင်ခဲ့ပြီး ရာသီဥတု အေးနေသည့်အတွက် ရှပ်အင်္ကျီအပေါ်ဖုံး ဝတ်ဆင်လာသည်ကို တွေ့ရသည်ဟု ဆိုသည်။
လွတ်လပ်သော ရှေ့နေတဦး၏ ပြောကြားချက်အရ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အကျဉ်းကျ အမျိုးသမီးများအား သတ်မှတ်ပေးထားသည့် ထောင်ကျဝတ်စုံ ဝတ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၆ ရက်တွင် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲ တရားစွဲဆိုခဲ့သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ အရ ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ကျခံစေရန် စစ်ကောင်စီ ထိန်းချုပ်ထားသည့် နေပြည်တော်ရှိ အထူးသီးသန့်တရားရုံး က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယင်းနေ့တွင်ပင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောင်ဒဏ် ၂ နှစ် အား လျော့ပေါ့ပေးကြောင်းနှင့် ကျန်ပြစ်ဒဏ်အား လက်ရှိ ဖမ်းဆီးချုပ်နှောင်ထားသည့် နေရာ၌ပင် ကျခံစေရမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သော် လည်း ယနေ့အချိန်အထိ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုမူ အာဏာသိမ်း စစ်ကောင်စီက ဖုံးကွယ်ထိမ်ချန် ထားသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စစ်ကောင်စီက စွပ်စွဲထားသည့် အမှု ၁၀ မှုကျော်အား ရင်ဆိုင်ရလျက်ရှိရာ ယနေ့တွင် လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် စွဲဆိုထားမှုများအား အထူးတရားရုံး၌ ရုံးထုတ်စစ်ဆေးလျက် ရှိသည်။
ထို့ပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ တို့ဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံလိုက်ရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း အိုးဘိုထောင် အတွင်း အထူးတရားရုံး၌ ရုံးထုတ်ရာတွင် ထောင်ကျပုံစံ အပြာရောင်ဝတ်စုံဖြင့် ရုံးထုတ်ခဲ့ကြောင်း ၎င်း၏ ရှေ့နေ အဖွဲ့ဝင်တဦးက ပြောသည်။
ဒေါက်တာဇော်မြင့်မောင် အနေဖြင့် စစ်ကောင်စီက စွပ်စွဲပြီး တရားစွဲဆိုထားသည့် အဂတိမှု ၅ မှုနှင့် ရွေးကောက်ပွဲဆိုင်ရာ အမှု ၂ မှု တို့ကို ဆက်လက် ရင်ဆိုင်ရလျက် ရှိသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အား ထောင်ဒဏ် ၄ နှစ်စီ ချမှတ်
ထောင်ဒဏ် ၄ နှစ်ချမှတ်ခံရသည့် ဒေါ်အောင်ဆန်းစုကြည် အမှု ၁၁ မှုထပ်ရင်ဆိုင်ရဦးမည်
ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်မှုအပေါ် နိုင်ငံတကာ တုံ့ပြန်ချက်များ
ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းထားသူများ ပြန်လွှတ်ရန် ကုလလုံခြုံရေးကောင်စီ တောင်းဆို
အာဏာရှင်လက်အောက်က အာဃာတနှင့် တရားစီရင်ရေး