အရပ်သားများအပေါ် ရာဇဝတ်မှုများ အပြင်းအထန် ကျူးလွန်နေသောကြောင့် စစ်ကောင်စီကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ် ကိုင်တွယ်သင့်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်သူဟောင်းများ၏ လွတ်လပ်သောအဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SACM) က ပြောသည်။
စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရန် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့် SACM က ပြည်ပအစိုးရများနှင့် ကုလသမဂ္ဂတို့ကို တောင်းဆိုထားသည်။
စစ်ကောင်စီသည် ၎င်းတို့၏ အစီအစဉ်များကို ပြည်သူများ အလျှော့ပေး လက်ခံစေရန်အတွက် ပြည်သူများအတွင်း ကြောက်လန့်မှုများ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး အလွန်ဆိုးရွားသော ရာဇဝတ် အကြမ်းဖက်မှုများ ပြုလုပ်နေကြောင်း အထက်ပါအဖွဲ့က ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းတွင် ရွာသား ၁၁ ဦးကို မီးရှို့သတ်သည့် ဖြစ်ရပ်နှင့် ရန်ကုန်မှ ဆန္ဒပြသူများကို ကားဖြင့် တိုက်သတ်သည့် ဖြစ်ရပ်များကို ထိုအဖွဲ့က ကိုးကားပြောဆိုသည်။
ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ စင်ပြိုင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDFs) တို့ကို အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် စစ်ကောင်စီက သတ်မှတ်ထားသည်။ ထိုအဖွဲ့များသည် လုပ်ကြံသတ်ဖြတ်မှုများ၊ ဗုံးဖောက်ခွဲမှုများနှင့် မီးရှို့မှုများ ကျူးလွန်သည်ဟု စစ်ကောင်စီ ဝါဒဖြန့် ယန္တရားက စွပ်စွဲသည်။
“ဖေဖော်ဝါရီလမှာ အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်ကတည်းက မြန်မာပြည်သူတွေက စစ်အုပ်စုကို အကြမ်းဖက်သမားတွေလို့ ခေါ်ကြတယ်”
“ဖေဖော်ဝါရီလမှာ အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်ကတည်းက မြန်မာပြည်သူတွေက စစ်အုပ်စုကို အကြမ်းဖက်သမားတွေလို့ ခေါ်ကြတယ်” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူဟောင်း SACM အဖွဲ့ဝင် မစ္စ ယန်ဟီးလီက ပြောသည်။ “သူတို့ပြောတာ မှန်တယ်။ အဲဒီလို ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို အကြမ်းဖက်သမားတွေပဲ ကျူးလွန်နိုင်တယ်” ဟု သူက ဆက်ပြောသည်။
SACM က ရှင်းလင်းတင်ပြသည့် အစီရင်ခံစာ တစောင်ကိုလည်း ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်လိုက်ပြီး စစ်ကောင်စီသည် ပြည်တွင်းဥပဒေနှင့် နိုင်ငံတကာဥပဒေအရ အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်းကို ရှင်းလင်းတင်ပြသည်။
အကြမ်းဖက်လုပ်ရပ်အဖြစ် သတ်မှတ်ရန် လိုအပ်သော အချက် ၃ ချက်မှာ အရပ်သားများကို ရည်ရွယ်ပစ်မှတ်ထားခြင်း၊ ပြည်သူများအကြား ကြောက်ရွံ့တုန်လှုပ်မှု ဖြစ်စေရန် သို့မဟုတ် အစိုးရ၏လုပ်ရပ်ကို လက်ခံအောင် ရည်ရွယ်ခြင်းနှင့် ပြင်းထန်သော ရာဇဝတ်မှုဖြစ်ခြင်းတို့ ဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
“စစ်အုပ်စုရဲ့ အပြုအမူတွေဟာ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ရေးသဘောတူညီချက်တွေမှာ သတ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေ ဖြစ်နေတာကြောင့် သူတို့ကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာ အသိုက်အဝန်းက သတ်မှတ်သင့်တယ်” ဟု အဖွဲ့ဝင်တဦးဖြစ်သူ ကုလသမဂ္ဂ မြန်မာနိုင်ငံအချက်အလက် ရှာဖွေရေးအဖွဲ့ဝင်ဟောင်း မစ္စတာ ခရစ် ဆီဒေါ့တီက ပြောသည်။
“အကြမ်းဖက် အဖွဲ့အစည်းဖြစ်တော့ လက်နက်နဲ့ငွေ သုံးခွင့်ဖြတ်တောက်ရမယ်။ ကျန်ရန်ပုံငွေတွေ၊ ဘဏ္ဍာရေး ပိုင်ဆိုင်မှုတွေ၊ စီးပွားရေး သို့မဟုတ် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ သူတို့ရနိုင်သမျှ ရင်းမြစ်တွေ အားလုံးကို ချက်ခြင်း ဖြတ်တောက်ရမယ်”
“အကြမ်းဖက် အဖွဲ့အစည်းဖြစ်တော့ လက်နက်နဲ့ငွေ သုံးခွင့်ဖြတ်တောက်ရမယ်။ ကျန်ရန်ပုံငွေတွေ၊ ဘဏ္ဍာရေး ပိုင်ဆိုင်မှုတွေ၊ စီးပွားရေး သို့မဟုတ် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ သူတို့ရနိုင်သမျှ ရင်းမြစ်တွေ အားလုံးကို ချက်ခြင်း ဖြတ်တောက်ရမယ်” ဟုလည်း သူက ပြောသည်။
NUG က စစ်အုပ်စုသည် အကြမ်းဖက် အဖွဲ့အစည်းဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လက ကြေညာခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီကို အမြစ်ဖြတ်ရန် သင့်လျော်သော နည်းလမ်းအားလုံး သုံးမည်ဟု ကတိပြုထားသည်။
“မြန်မာစစ်အုပ်စုကို အကြမ်းဖက် အဖွဲ့တခုအဖြစ် သတ်မှတ်ဖို့ NUG က သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို မှန်ကန်စွာ ကျင့်သုံးတယ်။ ကုလသမဂ္ဂနဲ့ အခြားအစိုးရတွေကလည်း အလားတူ လုပ်သင့်တယ်” ဟု ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ မစ္စတာ မာဇူကီ ဒါရပ်စ်မင်းက ပြောသည်။
You may also like these stories:
ထောင်တွင်း အသံတိတ်သပိတ် ပါဝင်၍ ရိုက်နှက်၊ တိုက်ပိတ်ခံရသူများ၏ အခြေအနေ စိုးရိမ်ရ
ကြည့်မြင်တိုင် အကြမ်းဖက်မှု တရားခံ
စစ်ကောင်စီခန့် ဝန်ကြီးချုပ် ၄ ဦးနှင့် စစ်တပ်အဖွဲ့အစည်း ၃ ခု ဒဏ်ခတ်အရေးယူခံရ
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီက ကားဖြင့်တိုက်သတ်သည့် မှတ်တမ်းများ