ရန်ကုန်မြို့ရှိ ဒေါ်ခင်ကြည်ဖောင်ဒေရှင်းရုံးချုပ် မြေနေရာချထားပေးမှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား အဂတိ ပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားမှုအား ယနေ့ရုံးထုတ်စစ်ဆေးရာတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်းဦးဖြိုးမင်းသိန်းနှင့် ဝန်ကြီးဒေါ်နီလာကျော် တို့က တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့ကြသည်။
ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၆၀ ရှိ မြေ ၁.၈၆ ဧကနှင့် အဆောက်အဦးအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင် းရုံးချုပ်ဖွင့်လှစ်ရန် ငှားရမ်းရာတွင် လျော့နည်းသက်သာသည့်နှုန်းဖြင့် ငှားရမ်းခဲ့မှုကြောင့် နိုင်ငံတော်က ကျပ်သန်း ၅၂၀၀ ကျော် နစ်နာဆုံးရှုံးသည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီက အဂတိမှုဖြင့်တရားစွဲထားခြင်းဖြစ်သည်။
ယင်းအမှုနှင့်ပတ်သက်ပြီး ဦးဖြိုးမင်းသိန်းနှင့် ဒေါ်နီလာကျော်တို့က သက်သေထွက်ဆိုရာတွင် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက တရားဝင်သတ်မှတ်ထားသည့် တန်ဖိုးနှုန်းထားဖြင့်သာ ငှားရမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု လည်း သိရသည်။
တရားရုံးနှင့် နီးစပ်သူတဦးက “သက်ဆိုင်ရာက သတ်မှတ်တဲ့ တန်းဖိုးနဲ့ ငှားရမ်းခွင့်ပြုတဲ့ နှုန်းထားအတိုင်းပဲ ငှားရမ်းပေးခဲ့တယ်ဆိုတဲ့ ထွက်ဆိုချက်ကပဲ အမှုအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်” ဟုပြောသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီး ဌာနတို့၏ ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဒေါ်နီလာကျော်ကိုယ်တိုင်းလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အာဏာသိမ်းစစ်ကောင်စီက တရားစွဲဆိုခြင်းခံထားရသူဖြစ်သည်။
ဦးဖြိုးမင်းသိန်းအနေဖြင့်မူ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသော်လည်း ယနေ့အထိ အမှုဖွင့်တရားစွဲဆိုခံရခြင်း မရှိသေးဘဲ ၎င်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်က ဒေါ်အောင်ဆန်းစုကြည်အား ရွှေ ၇ ပိဿာနှင့် ဒေါ်လာ ၆ သိန်း လာဘ် ပေးခဲ့သည်ဟုဆိုကာ ထုတ်ဖော်ပြောကြားထားသည်။
ယင်းအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ဦးဖြိုးမင်းသိန်းထံက လာဘ်ယူသည်ဟု စွပ်စွဲကာ အာဏာသိမ်းစစ်ကောင်စီက အဂတိမှုဖြင့် သီးခြားတရားစွဲဆိုခြင်းခံထားရသည်။
ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူတို့အား ရုံးထုတ်ခဲ့ရာတွင် ဒေါ်အောင် ဆန်းစုကြည်နှင့် ဒေါက်တာမျိုးအောင်တို့သည် ထောင်ဝတ်စုံများ ဝတ်ဆင်ထားသည်ကို တွေ့ရကြောင်းလည်း တရားရုံး နှင့် နီးစပ်သူတဦးကပြောသည်။
၎င်းက “ထောင်ကျဝတ်စုံ ဝတ်ခိုင်းတော့ သူ (ဒေါ်အောင်ဆန်းစုကြည်) ကဝတ်တယ်၊ သူက မတုန်မလှုပ်ပါပဲ၊ ငြင်းတာလည်းမရှိပါဘူး၊ လောကဓံ တရားတွေပါပဲ” ဟု ပြောသည်။
စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ နေပြည်တော်အထူးသီးသန့်တရားရုံးက ဒီဇင်ဘာ ၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အား ထောင်ဒဏ် ၄ နှစ်(အာဏာသိမ်းစစ်ခေါင်ဆောင်က ထောင်ဒဏ် ၂ နှစ်လျော့ပေါ့ပေးကြောင်း ကြေညာထား)နှင့် ဒေါက် တာမျိုးအောင်အား ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ယခုကဲ့သို့ ထောင်ပုံစံဝတ်စုံများ အား ထောင်အာဏာပိုင်များက သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် စစ်တပ်အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ခံရပြီး အမှု ၁၃ မှုဖြင့်တရား စွဲဆိုခံထားရကာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်၍ အဂတိမှု ၄ မှုအထိ တရားစွဲဆိုခြင်းခံထားရသည်။
အာဏာသိမ်းစစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိမှုဖြင့် တရားစွဲဆိုထားမှုများအား အပတ်စဉ်ပုံမှန် သောကြာနေ့တိုင်း နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အထူးသီးသန့်တရားရုံးတွင် ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်ပြီး ရှေ့လာမည့်ရုံးချိန်းအား ပိတ်ရက်များခံနေသည့်အတွက် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်နေ့အထိ ရွေ့ဆိုင်းချိန်းဆို လိုက်သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဝတ်စုံဖြင့် ရုံးထုတ်
ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်မှုအပေါ် နိုင်ငံတကာ တုံ့ပြန်ချက်များ
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အား ထောင်ဒဏ် ၄ နှစ်စီ ချမှတ်
ထောင်ဒဏ် ၄ နှစ်ချမှတ်ခံရသည့် ဒေါ်အောင်ဆန်းစုကြည် အမှု ၁၁ မှုထပ်ရင်ဆိုင်ရဦးမည်