သတင်း

လေးကေ့ကော်နှင့် မဲ့ထော်သလေးတွင် တိုက်ပွဲပြင်းထန်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အတွင်းရှိ လေ့ကေ့ကော်မြို့သစ်နှင့် မဲ့ထော်သလေးတွင် အာဏာသိမ်းစစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်များ အကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့သည်။

ကရင်လက်နက်ကိုင် သတင်းရင်းမြစ်က “စစ်တပ်ဘက်က သူတို့လူတွေဆုံးရှုံးတာများလာတယ်၊ အောက်ကစစ်ထိုးဖို့ ကြိုးစားတဲ့အခါမှာလည်း ခက်လာတော့ လက်နက်ကြီးတွေအားသုံးတယ်။ ဒီညနေဆို ၁၂၀ မမတွေသုံးပြီး ဆက်တိုက်ပစ်တယ်” ဟု ရှင်းပြသည်။

၎င်းကဆက်၍ “လေယာဉ်လဲလာဝဲတယ်။ အောက်ခြေမှာ အခြေမလှတဲ့အတွက် ကင်းထောက်တဲ့သဘောပေါ့။ နောက်နေ့မှာ လေယဉ်နဲ့ပါ တိုက်လာနိုင်တယ်” ဟု ဆိုသည်။

ယနေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီး လေးကေ့ကော်မြို့သစ် တောင်ဘက်တွင်ရှိသည့် စစ်ကောင်စီ အမြောက်တပ်ရှိရာ တောင်ကုန်းမှ ၎င်းတို့တပ်များ ကြားဖြတ်တိုက်ခိုက်ခံနေရသည့် မဲ့ထော်သလေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်များက တာဝေးပစ်လက်နက်ကြီးများကို အသုံးပြုတိုက်ခိုက်သလို မြေပြင်တွင်လည်း ၎င်းတို့ စစ်ကြောင်းများနှင့် အတူ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (DKBA) တပ်များကို အသုံးပြုတိုက်ခိုက်ကြောင်း သိရသည်။

KNLA ဘက်တွင် ဗိုလ်မှူးချုပ် စောကျော်သက် ဦးဆောင်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင့်အမျိုးသားတပ်မတော် (DKBA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) တောင် ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေး (PDF) တပ်များပါဝင်ကြောင်းသိရသည်။

ဗိုလ်မှူးချုပ် စောကျော်သက် က “ကျနော်တို့ဘက်ကတော့ အကျအဆုံး မရှိသေးဘူး၊ ရန်သူဘက်ကတော့ အကျအဆုံး များတယ်။ တိုက်ပွဲက ကျနော်တို့က ဘယ်လိုပြောမလဲ၊ အဓိက စကစကပဲ မူတည်တယ်။ စစ်တပ်က ကျနော် တို့ကို လာမလုပ်ရင် ကျနော်တို့လည်း ဘာမှမလုပ်ဘူး၊ လာလုပ်ရင်တော့ ခုခံမှာပေါ့၊ ဒါပဲရှိတယ်” ဟု ဧရာဝတီသို့ပြောသည်။

တိုက်ပွဲများ ကြောင့် ထိုင်းနိုင်ငံဘက်သို့လာရောက်ခိုလှုံကြသည့် မြန်မာနိုင်ငံသားများ (ဓာတ်ပုံ – CJ)

အဆိုပါ တိုက်ပွဲများကြောင့် လေးကေ့ကော်မြို့သစ်နှင့် အနီးတဝိုက်ရွာများဖြစ်သည့် မဲ့ထော်သလေး၊ ပဟိကလော်၊ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး နှင့် ရသေ့ဂူ အစရှိသည့် ရွာများမှ ဒေသခံ ပြည်သူ ၅၀၀၀ ကျော်သည် စစ်ဘေးရှောင်နေရကြောင်း လေးကေ့ကော်မြို့သစ် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

ယင်းစစ်ဘေးရှောင်များထဲမှ လူဦးရေ ၂၀၀၀ ကျော်သည် နယ်ခြားသောင်ရင်း မြစ်ကို ဖြတ်ကာ ထိုင်းဘက်ခြမ်းတွင် စစ်ဘေးရှောင်နေကြပြီး စစ်ရှောင်များအနေဖြင့် အခက်အခဲများ ရှိနေကြောင်းလည်း သိရသည်။

လေးကေ့ကော်မြို့သစ် အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူ တဦးက “လူကများတော့ သောက်ရေသုံးရေ စားရေး သောက်ရေး အရမ်းအခက်အခဲ ဖြစ်တယ်။ လေးကေ့ကော်မှာကတော့ လူက ကုန်သလောက်ဖြစ်သွားပြီ” ဟု ပြောသည်။

မြန်မာဘက်ခြမ်းမှ တိုက်ပွဲများကြောင့် နယ်စပ်လုံခြုံရေး အတွက် ပြင်ဆင်ထားသော ထိုင်းစစ်တပ်

ဒီဇင်ဘာ ၁၆ ရက်နေ့တွင် စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်တချို့ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ စစ်ရှောင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းများကြောင့် ထိုင်းအာဏာပိုင်ဘက်မှ မြန်မာကို နှစ်နိုင်ငံနယ်စပ် ကော်မတီကတဆင် ကန့်ကွက်အကြောင်းကြားစာပေးပို့ထားကြောင်း သိရသည်။

ထို့အပြင် ယနေ့တွင်လည်း မြန်မာနိုင်ငံဘက်မှ တိုက်ပွဲအခြေအနေကြောင့် ထိုင်းစစ်တပ်ကလည်း မဲဆောက်မြို့ ကမ်းနားဘက်တွင် နယ်စပ်လုံခြုံရေး အတွက် တပ်လှုပ်ရှားမှုများ ပြုလုပ်ထားကြောင်းသိရသည်။

အာဏာသိမ်း စစ်တပ်သည် လေ့ကေ့ကော်မြို့သစ်ထဲသို့ ဒီဇင်ဘာ ၁၄ ရက်နေ့က ဝင်ရောက်စီးနင်းကာ လွှတ်တော် အမတ် ၂ ဦးအပါအဝင် လူ ၄၀ ခန့်ကို ဖမ်းဆီးသွားသည်။

ဖမ်းမိထားသော စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင် ၈ ဦးကို ကောင်းမွန်စွာထားကြောင်း KNU ပြသ (ဓာတ်ပုံ – ကရင်အမျိုးသား မီဒီယာ)

နောက်တနေ့တွင် KNLA စစ်တပ်ရှိသည့် တောင်ကုန်းကို အာဏာသိမ်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာမှာ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး မဲ့ထော်သလေးထိ ကူးစက်ကာ ယနေ့ထိ အပြင်းအထန်ဖြစ်ပွားနေခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲများအတွင်း အာဏာသိမ်း စစ်တပ်ဘက်မှ စစ်ကြောင်းမှူးအပါအဝင် အနည်းဆုံး ၂၀ ကျော်ကျဆုံးပြီး ၈ ဦး ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးထားသူများကို ကျင့်ဝတ်နှင့် အညီ ကောင်းမွန်စွာ ထားရှိ ဆက်ဆံကြောင်း KNU က ယနေ့တွင် မီဒီယာများမှ တဆင့် ရုပ်သံနှင့် ဓာတ်ပုံများ ထုတ်လွှင့်ပြသပေးခဲ့သည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဌ ဖဒိုစောကွယ်ထူးဝင်းက “တိုက်ပွဲဖြစ်ရတဲ့ အကြောင်းအရင်းကတော့ စစ်ကောင်စီအဖွဲ့တွေက ဒီဘက်မှာဝင်လုပ်တာကိုး။ ဒီနေရာဒေသကလည်း ကျနော်တို့ အုပ်ချုပ်ရေး ဒေသလုံးဝ၊ လွတ်မြောက်ဒေသရယ်လို့ ပြောလို့ မရဘူး။ ရောထွေးနေတဲ့ ဒေသလို့ ပြောလို့ရတယ်။ စစ်ရေးအရ ကျူးကျော်လာရင် စစ်ရေးအရ ခုခံရမှာပဲ။ နိုင်ငံရေး ပြဿနာဖြစ်တဲ့ နိုင်ငံရေးအရ ရှင်းလို့ အမြဲတမ်းပြောတယ်။ ဒါပေမယ့် စစ်ရေးမှာတော့ ငုံ့ခံမယ့် သဘောတော့ မရှိဘူးပေါ့။ ကိုယ့်ကို ကျူးကျော်လာရင်တော့ တုန့်ပြန်ရမှာပဲလေ” ဟု ပြောသည်။

You may also like these stories:

လေးကေ့ကော် စစ်မီးစ

လေးကေကော်တွင် လွှတ်တော်အမတ် အပါအဝင် ၃၂ ဦး ဖမ်းခံရ

လေးကေ့ကော်တိုက်ပွဲတွင် ပြည်သူရာချီပိတ်မိနေပြီး စစ်ဘေးရှောင်များ ထပ်မံတိုးလာနေ

Loading