သတင်း

မန္တလေးတွင် တလအတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၁၀၀ ခန့် ဖမ်းဆီးခံရ

မန္တလေးအခြေပြု လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်များ အားကောင်းလာမှု မရှိစေရန် အာဏာသိမ်း စစ်ကောင်စီက ပိုက်စိပ်တိုက် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိပြီး နိုဝင်ဘာမှ ဒီဇင်ဘာ ၁၆ ရက်ထိ မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင် ၁၀၀ ခန့် ဖမ်းဆီးခံထားရကြောင်း မန္တလေးအခြေစိုက် ပြောက်ကျားအဖွဲ့များထံမှ သိရသည်။

မန္တလေးမြို့သည် စစ်အာဏာသိမ်းမှု ၁၀ လကျော်လာသည့်တိုင် သပိတ်စစ်ကြောင်း များစွာဖြင့် စစ်အာဏာရှင် ဆန့် ကျင်ရေး လမ်းပေါ်သပိတ်များ အားကောင်းနေဆဲ ဖြစ်သကဲ့သို့ မြို့ပြပြောက်ကျားအဖွဲ့များကလည်း စစ်ကောင်စီ၏ ထောက် တိုင်များကို အခါအခွင့်သလို ရှင်းလင်းနေသည့် မြို့ဖြစ်သည်။

“မြို့ပြပြောက်ကျားအဖွဲ့တွေ၊ ထောက်ပို့တွေ အဖမ်းခံနေရတာ နိုဝင်ဘာလဆန်းကနေ မနေ့ကထိ အယောက် ၁၀၀ လောက် ရှိသွားပါပြီ။ လူမသိသူမသိ ပါသွားတာတွေလည်း ရှိပါတယ်။ ဒီအကြောင်းတွေ ပြောမှဖြစ်မှာမို့ ပြောရတာပါ။ ပစ်ဖမ်းလို့ ကျဆုံးသွားရတဲ့သူတွေ၊ သေနတ်ဒဏ်ရာနဲ့ အဖမ်းခံလိုက်ရတာတွေလည်း အမှန်ပဲ။ တော်တော်အထိနာသွားတဲ့ အဖွဲ့တွေ လည်း ရှိတယ်။ အသက်နဲ့ရင်းပြီး သယ်ထားတဲ့ ပစ္စည်းတွေ ပါသွားတယ်။ Safe House တွေ ဆုံးရှုံးသွားတယ်” ဟု Spring Diary အဖွဲ့က ပြောသည်။

Spring Diary အဖွဲ့သည် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု သတင်းများနှင့် မန္တလေးမြို့ မြေပြင်အခြေအနေများကို အချိန်နှင့် တပြေးညီ စုစည်းဖော်ပြပေးနေသော အဖွဲ့တဖွဲ့ ဖြစ်သည်။

စစ်ကောင်စီက ယခုကဲ့သို့ ပိုက်စိပ်တိုက် ဖမ်းဆီးမှုများ ပြုလုပ်နေခြင်းသည် ရန်ကုန်၊ မန္တလေးတို့ကဲ့သို့သော မြို့ကြီးများအား ထိန်းချုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ပြည်ကြီးတံခွန်သပိတ်အင်အားစု ညသပိတ် ဦးဆောင် ဆရာတော်က သုံးသပ်ပြောဆိုသည်။

ဆရာတော် က “စစ်ကောင်စီက မြို့ကြီးတွေကို ထိန်းချုပ်ချင်လို့ လုပ်နေတဲ့သဘောပဲ။ PDF တွေ အားမကောင်းသေးတဲ့ နေရာတွေမှာ သူတို့ ခြေကုပ်ယူချင်နေတာပေါ့။ ဥပမာ – စစ်ကိုင်း၊ ကယား၊ ချင်းနဲ့ အခြားပြည်နယ်တွေမှာ PDF တွေရဲ့ လွှမ်းမိုးမှုကို အကြမ်းဖက်စစ် ကောင်စီက မထိန်းချုပ်နိုင်ဘူး။ ဒါကြောင့် ထိန်းချုပ်လို့ရမယ်လို့ သတ်မှတ်ထားတဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေကို သူတို့ လက်အောက်မှာ ငြိမ်းငြိမ်းချမ်းချမ်း ရှိတယ်လို့ ပြချင်တဲ့သဘောပဲ။ ဒီလိုပဲ မြင်တယ်” ဟု မိန့်ကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်က အရုဏ်ဦးသပိတ်သို့ သွားရောက်ပူးပေါင်းသည့် အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦးကို ကားဖြင့် တိုက်ဖမ်းခြင်း၊ ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက ၂၆ လမ်း ကျုံးဘေးတွင် ဆိုင်ကယ်စီး လူငယ်များကို တားဆီးရာ မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာများဖြင့် ဖမ်းဆီးခံရခြင်း၊ ဒီဇင်ဘာ ၁၂ ရက်က ပြည်ကြီးတံခွန်နှင့် မဟာအောင်မြေမြို့နယ်များတွင် PDF များ နေထိုင်သည် ဟူသော စွပ်စွဲချက်ဖြင့် လူငယ် ၈ ဦး ပစ်သတ်ခံခဲ့ရသလို ဖမ်းဆီးခံရသူများလည်း ရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ကောင်စီ အနေဖြင့် မန္တလေးမြို့မှ ထောက်ပို့နှင့် မြို့ပြပြောက်ကျားအဖွဲ့များအား ဖမ်းဆီးရာတွင် သတင်းပေး (ဒလန်) များ၊ CCTV မှတ်တမ်းများအပြင် ဖမ်းဆီးရမိသူကို ဓားစာခံပြုလုပ်၍ ကျန်အဖွဲ့ဝင်များအား ဖုန်းဆက် ချိန်းဆိုခိုင်း ခြင်း၊ နေရာလိုက်ပြခိုင်းခြင်း၊ အလှူငွေ လှူဒါန်းလို၍ဟုဆိုကာ နေရာသတ်မှတ် ချိန်းဆိုခေါ်ယူခြင်း စသည့် နည်းလမ်းများ ဖြင့် ပရိယာယ်ဆင် ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း ပြောက်ကျားတပ်ဖွဲ့ဝင်များက ပြောသည်။

ပတ္တမြားမြေ PDF အဖွဲ့မှ တာဝန်ရှိသူ တဦးကလည်း “ပတ္တမြားမြေ PDF အဖွဲ့ဝင် ရဲဘော်တချို့ အဖမ်းခံထားရတာ မှန်ပါ တယ်။ ထိမ်ချန်ထားစရာ၊ ဖုံးကွယ်ထားစရာ ဘာအကြောင်းမှ မရှိပါဘူး။ အဖမ်းခံရတဲ့ ရဲဘော်တွေကို စစ်မေးပြီး ရလာတဲ့ အချက်အလက်တွေကို အခြေခံပြီး PDF တွေကို အကြမ်းဖက်အဖွဲ့သဏ္ဍာန်ပေါ်အောင် သတင်းလိမ်တွေနဲ့ ပြည်သူနဲ့ PDF ကို သွေးခွဲတာမျိုးတွေ လုပ်ဆောင်လာတယ်။ ဒါမျိုးတွေကိုတော့ အထူးသတိထားပေးကြပါလို့ ပြောချင်ပါတယ်” ဟု ပြော ဆိုသည်။

ထိုသို့ ဖမ်းဆီးခံရသူများကို စစ်ကြောရေးသို့ ပို့ဆောင်၍ ရိုက်နှက်နှိပ်စက် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်သဖြင့် အသက် သေဆုံးရသူများ၊ ဒဏ်ရာရရှိသူများအပြင် အသက်အန္တရာယ် စိုးရိမ်နေရသူများလည် ရှိကြောင်း၊ ယခုအခါ အဖမ်း အဆီး အစစ်အဆေးများ တင်းကြပ်ထားသဖြင့် PDF အဖွဲ့များ မြေပြင်ဆင်း၍ လှုပ်ရှားရန် ခက်ခဲနေကြကြောင်း သိရသည်။

Mandalay Phoenix Force (M.P.F) အဖွဲ့ဝင် တဦးက “ကျနော်တို့မှာ ပြည်သူတွေပဲ ရှိပါတယ်။ မဆိုင်သလို မနေကြပါနဲ့။ နေသာသလို၊ နေပျော်သလို မနေကြပါနဲ့။ သွေးအေး မသွားကြပါနဲ့။ မြေပြင်မှာ တကယ် အခက်တွေ့နေကြတာပါ။ ဒါကြောင့် မိမိပတ်ဝန်းကျင်၊ မြေပြင် သတင်းအချက်အလက်နဲ့ အခြေအနေတွေကို ဆက်သွယ်သတင်းပေးပြီး ကူညီပေး၊ ကာကွယ်ပေးကြပါလို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။

လက်ရှိ မန္တလေးမြို့တွင် စစ်ကောင်စီ လက်နက်ကိုင်များက ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေပြီး ညပိုင်းအချိန် များ၌လည်း နေအိမ်များအတွင်း ဝင်ရောက်စီးနင်း ရှာဖွေဖမ်းဆီးခြင်း၊ PDF၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော် မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အား ကူညီထောက်ပံ့သည် ဟူသော စွပ်စွဲချက်ဖြင့် နေအိမ်များ အား ချိတ်ပိတ်ခြင်း၊ ၎င်းတို့ ရှာဖွေသူအား မတွေ့ရှိလျှင် မိသားစုဝင်များအား ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ လမ်းသွားလမ်း လာများအား တားဆီး၍ ရပ်တန့်မပေးလျှင် ပစ်သတ်ခြင်းများကို ပြုလုပ်လျက် ရှိသည်။

Mandalay Dragon အဖွဲ့မှ တာဝန်ရှိသူတဦးက “တော်လှန်ရေးဆိုတာ လိုင်းပေါ်မှာ လုပ်နေတာထက် ကိုယ့်အနီးအနားက LDF (ဒေသကာကွယ်ရေးတပ်ဖွဲ့)၊ UG တွေကို ထိထိရောက်ရောက် ထောက်ပံံ့ပေးဖို့ လိုပါတယ်။ CCTV ဖြုတ်ပေးတာ၊ လမ်းပြပေးတာ၊ ဖွက်ထားပေး တာမျိုး လုပ်ဆောင်ပေးတာတွေကလည်း တော်လှန်ရေး လုပ်တာပါပဲ။ ပြည်သူတွေရဲ့ စည်လုံးမှုအားက အရမ်းအရေးကြီး ပါတယ်။ ကိုယ်တတ်နိုင်တာထက် ပိုပြီးကူညီဖို့ လိုနေပါပြီ။ မဟုတ်ရင် အသက်တွေ တဖြုတ်ဖြုတ် ကြွေလွင့်လာပါလိမ့် မယ်။ ပြည်သူတွေရဲ့ ကူညီမှုက ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေရဲ့ အသက်တွေကို ကယ်နိုင်မှာပါ” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းတင် သတင်းထုတ်ပြန်ချက်အရ ဖေဖော် ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၆ ရက်ထိ သေဆုံးသူ ၁၃၄၅ ဦး ရှိပြီဖြစ်ကြောင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ ၈၀၆၂ ဦး ရှိပြီး ၎င်းတို့အနက် ၃၉၃ ဦး မှာ ထောင်ဒဏ် ချမှတ်ခံထားရကြောင်း၊ ထောင်ဒဏ် ကျခံနေရသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေး ၂ ဦး အပါအဝင် ၃၆ ဦးမှာ သေဒဏ် ချမှတ်ခံထားရကြောင်း သိရသည်။

ထို့ပြင် ဖမ်းဝရမ်းထုတ်ခြင်း ခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦး ရှိပြီး ၎င်းတို့အနက် မျက်ကွယ်သေဒဏ် ချမှတ်ခြင်း ခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည်။

Loading