သတင်း

နယ်ကျော်လာလျှင် ပစ်ခွင့်မူချထားပြီးဖြစ်ဟု KNU ပြော

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျူးကျော်ဝင်ရောက်လာပါက ပစ်ခတ်တိုက်ခိုက် သွားရန် ယခင်ကတည်းက မူဝါဒရှိကြောင်း KNU အကြီးအကဲအချို့က ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့ များအကြား တိုက်ပွဲများ ဖြစ်ထားပြီး စစ်ရေးတင်းမာနေစဉ် ဒီဇင်ဘာလ ၂၀ ရက်တွင် KNU က ၎င်း၏ လက်အောက်ခံတပ်မဟာများအား ပစ်မိန့်ပေးထားသည်ဆိုသည့် သတင်း လူမှုကွန်ရက်တွင် ထွက်ပေါ်နေသည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ ဟုတ်မဟုတ်သိရှိနိုင်ရန် KNU နိုင်ငံခြားရေးဌာန အကြီးအကဲ ပဒိုစောတောနီးအား ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့ရာ နယ်မြေကျူးကျော်လာပါက ပစ်ခတ်ရန် KNU တွင်မူဝါဒရှိထားပြီး ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ပဒိုစောတောနီးက “ကျနော်တို့မှာက အဓိကအားဖြင့် ကျနော်တို့ ဗဟိုကော်မတီမှာ ၂၀၁၈ ကတည်းက ရှိတယ်။ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ပေါ့။ ဒါတွေက ပြောစရာမလိုတဲ့ဟာတွေ။ ကျနော်တို့တော်လှန်ရေးစကတည်းက လုပ်လာတာပေါ့။ ကိုယ့်နယ်ထဲရောက်လာတယ်။ ကျူးလာတယ်ဆိုရင် ပြောစရာမလိုဘူး။ စစ်သားကတော့ စစ်သားအလုပ်လုပ်မှာပဲ” ဟု ပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်မှစတင်ကာ KNU ၏ တပ်မဟာ ၆ လှုပ်ရှားရာ လေးကေကော်မြို့သစ် နှင့် ယင်းပတ်ဝန်းကျင်ရှိ ရွာအချို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားသုံးဝင်ရောက် ဖမ်းဆီးမှုများလုပ်ခဲ့သဖြင့် စစ်ကောင်စီနှင့် KNLA ဦးဆောင်သည့် ပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ကာ စစ်ရေးတင်းမာနေသည်။

KNU တပ်မဟာ ၇ နယ်မြေနှင့် ထိစပ်နယ်မြေအတွင်း လှုပ်ရှားနေသည့် အာဏာသိမ်းတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ဧရာဝတီ)

ပူးပေါင်းတပ်များထဲတွင် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) ၊ ဗိုလ်မှူးချုပ် စောကျော်သက်ဦးဆောင်သည့် တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (D.K.B.A) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) များပါဝင်သည်။

ဒီဇင်ဘာလ ၂၀ ရက် နံနက်ပိုင်းကလည်း KNU ၏ တပ်မဟာ ၆ လှုပ်ရှားရာ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် အတွင်းရှိ အာရှလမ်းမတနေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KNLA တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှသိရသည်။

စစ်ကောင်စီတပ်များ ဝင်ရောက်လာနိုင်သောကြောင့် KNLA တပ်ဖွဲ့ဝင်များက ကော့ကရိတ်မြို့နယ် အထွက်ရှိ ကော့နွဲ့အနီးတံတားကို ဖောက်ခွဲထားသော်လည်း စစ်ကောင်စီတပ်များက ဆက်လက်ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားခြင်းလည်း ဖြစ်သည်။

ထို့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် KNU ၏တပ်မဟာ ၇ လှုပ်ရှားရာ ဘားအံခရိုင် လှိုင်းဘွဲ့မြို့နယ်ရှိ နဘူးရွာသို့ အမြောက်ဟုယူဆရသည့် လက်နက်ကြီးအပါအဝင် စစ်သည်အင်အား ၇၀ ခန့်ပို့လွှတ် အင်အားဖြည့်တင်းထားသဖြင့် စစ်ရေးတင်းမာနေသည်လည်း ရှိသည်။

NUG ၏ တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှ တာဝန်ရှိသူ တဦးကမူ ဒီဇင်ဘာလ ၂၀ ရက်တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်များအကြား ရင်ဆိုင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း ၂ ဖက်အပြန်အလှန်ပစ်ခတ်မှု ရှိကြောင်းပြောသည်။

ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့အကြား ဒီဇင်ဘာလ ၁၉ ရက်က မြဝတီမြို့နယ် လေးကေကော်မြို့သစ်၊ ဖလူးဒေသနှင့် မေတ္တာလေးမြိုင်တို့အကြား တိုက်ပွဲများဖြစ်ထားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် လေးကေကော်နှင့် မေတ္တာလေးမြိုင်ရွာကြားက အမြောက်ကုန်းကို ပူးပေါင်းတပ်များကဝိုင်းပတ်ပိတ်ဆို့ထားကြောင်း (NUG) ၏ တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထံမှသိရသည်။

၎င်းက “ဒီနေ့ကတော့ လေးကေကော်ဘက်မှာ တည်ငြိမ်တယ်။ ဆက်တိုးလာတာတော့မရှိဘူး။ သို့သော် ရမ်းပြီးပစ်နေတာတော့ရှိတယ်။ လေးကေ့ကော်အုပ်ချုပ်ရေးရုံး ကျနော်တို့ စခန်းထိုင်ထားတဲ့ စခန်းနေရာကို အဝေးကနေ အမြောက်ကြီးတွေနဲ့ ပစ်နေတာတွေ ရှိတယ်။ သူတို့ကုန်းကိုတော့ ကျနော်တို့ဘက်က လက်ဖြောင့်တပ်သားတွေနဲ့ လက်နက်အသေးနဲ့ ပစ်တာရှိတယ်။ သူတို့လုံးဝ ထွက်လို့မရအောင် ပိတ်ဆို့ထားတာရှိတယ်” ဟု ဆိုသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသော်လည်း KNLA ဦးဆောင်သည့် ပူးပေါင်းတပ်များကို ထိမှန်မှုမရှိကြောင်း (NUG) ၏ တောင်ပိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှ တာဝန်ရှိသူ တဦးက ပြောသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့ကမူ ထိုင်း-မြန်မာနယ်စပ်အနီး မြဝတီမြို့နယ် မေတ္တာလေးမြိုင်ရွာ ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်များအကြား အပြင်းအထန်တိုက်ပွဲဖြစ်ထားပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ နီးပါး သေဆုံးခဲ့သည်လည်းရှိကြောင်း ၎င်းကပြောသည်။

NUG ၏ တောင်ပိုင်းတိုင်း PDF မှ တာဝန်ရှိသူ တဦးက “ကျနော်တို့ဘက်က တိုက်ခိုက်တဲ့အခါမှာ သူတို့ဘက်က အယောက် ၅၀ နီးပါးကျဆုံးတယ်လို့ ကျနော်တို့ ညမိုးချုပ်တဲ့ အချိန်အထိ အတည်ပြုနိုင်တယ်။ အလောင်းတွေကလည်း အများကြီးပုံနေတယ်။ ဒီထဲမှာ လက်နက် ၁၂ လက်လောက် ကျနော်တို့ သိမ်းမိတယ်။ ဒီမနက်ပိုင်း မေတ္တာလေးမြိုင်ဘက်က စခန်းကို တက်ပြီး စခန်းရှင်းလင်းရေးလုပ်တဲ့အခါမှာလည်း ကျနော်တို့ လက်နက်တွေထပ်ပြီးတော့ ရတာရှိတယ်” ဟု ဆိုသည်။

နှစ်ဘက်တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်နေကြသည့် မြဝတီမြို့နယ်က ဒေသခံများ (ဓာတ်ပုံ – CJ)

ဖလူးကျေးရွာဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေတ္တာလေးမြိုင်ရွာဘက်သို့ စစ်ကူလာရန် ဒီဇင်ဘာလ ၁၉ ရက်က ကြိုးပမ်းမှုရှိသော်လည်း ပူးပေါင်းတပ်များ၏ ပိတ်ဆို့မှုကြောင့် စစ်ကောင်စီတပ်များ လက်ရှိအချိန်အထိမထိုးဖောက်နိုင်ဘဲ ရှိနေကြောင်း ၎င်းက ဆိုသည်။

ထိုင်း- မြန်မာနယ်စပ်အနီးတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်တဦးကလည်း ဒီဇင်ဘာလ ၂၀ ရက်တွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်မှုမရှိသော်လည်း ဒီဇင်ဘာလ ၁၉ ရက်က ဖြစ်ခဲ့သော တိုက်ပွဲများကြောင့် ထိုင်း- မြန်မာနယ်စပ်တွင် စစ်ဘေးရှောင် အနည်းဆုံး ၅၀၀၀ ကျော်ရှိနေကြောင်း ပြောသည်။

ယင်းစစ်ဘေးရှောင်များထဲမှ အချို့သည် ကိုယ့်အစီအစဉ်နှင့်ကိုယ် ထိုင်းနိုင်ငံဘက်အခြမ်းသို့ သောင်ရင်းမြစ်ကို ဖြတ်၍ ကူးသွားကြသည်ရှိသော်လည်း အများစုမှာ ထိုင်းနိုင်ငံဘက်သို့ မကူးနိုင်ဘဲ မြန်မာဘက်အခြမ်းတွင် သောင်တင်နေကြောင်း ပြောသည်။

“ကမ့်ထဲကို ရောက်သွားတဲ့သူတွေလည်းရှိတယ်။ ဘယ်မှ မသွားနိုင်တဲ့သူတွေလည်းရှိတယ်။ မနေ့ကဆို သောင်ရင်းမြစ် ကမ်းနံဘေးမှာ အိပ်ရာတွေဆိုတာ ထောင်ချီရှိတယ်။ မေတ္တာလင်းမြိုင်၊ မယ်ထော်သလေး၊ မဟိကလော၊ ပြီးလို့ရှိရင် လေးကေကော် ၊ ခိမယ့်ဝါးခီး အဲဒီက ဒေသခံတွေပါ။ အဲဒီနေရာတွေအားလုံးမှာ လူနေတဲ့ အိမ်တွေ တနေရာမှ မရှိတော့ဘူး။ အကုန်လုံး ရွာလုံးကျွတ်၊ အိမ်လုံးကျွတ်ပဲ။ အဓိကအခက်အခဲကတော့ ဒီလူတွေအားလုံးကို လုံခြုံရေးပေးမယ့် ကမ့်တွေမရှိဘူးဖြစ်နေတာ” ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာလ ၁၉ ရက် ညနေပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖလူးကြီးရွာရှိ နှစ်ချင်းခရစ်ယာန်ဘုရားကျောင်းဝင်းထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်လည်း ရှိကြောင်း၊ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရပြီး ထိုင်းနိုင်ငံဘက်သို့လည်း လက်နက်ကြီးကျည်များကျရောက်သည်ရှိကြောင်း NLD လွှတ်တော်ကိုယ်စားလှယ်က ရှင်းပြသည်။

KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကလည်း ထိုင်းနိုင်ငံဘက်သို့ မကူးနိုင်သည့် စစ်ဘေးရှောင် ဒေသခံများကို မြန်မာဘက်အခြမ်းရှိ KNU ထိန်းချုပ်နယ်မြေထဲ၌ပင် ဒုက္ခသည်စခန်းများဖွင့်လှစ်ကာ လက်ခံထားနိုင်ရန် KNU ဘက်က လုပ်ဆောင်နေသည်များရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“လေးကေကော်မှာရှိတဲ့ ခေါင်းဆောင်တွေကတော့ ယာယီ IDP ကမ့်တခုဆောက်ဖို့ လုပ်နေတာတော့ရှိတယ်။ ဒါပေမယ့် ထိုင်းဘက်က ချောင်းကို ကူးတာ ခွင့်မပြုရင် အကူအညီပေးဖို့ အခက်အခဲတော့ရှိမယ်။သို့သော်လည်း အခုမှ စပြီး စီစဉ်တဲ့အခြေအနေရှိတာပေါ့။ ဒေသခံတွေ ဟိုဘက်မကူးနိုင်ရင် ကျနော်တို့မှာပဲ တာဝန်ရှိတော့ ကျနော်တို့ဘက်က ကူညီနိုင်အောင်တော့ စီစဉ်နေတယ်” ဟု ၎င်းက ပြောသည်။

KNU သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နှင့် အတူ လက်မှတ်ရေးထိုးခဲ့သည်။

စစ်တပ်နှင့် KNU တို့သည် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားသော်လည်း စစ်တပ်၏ နယ်မြေကျော်လွန် စစ်ရေးလှုပ်ရှားမှုများကြောင့် NCA စာချုပ်သက်တမ်း ၆ နှစ်ခန့်အကြာတွင် ၂ ဖက်တိုက်ပွဲဖြစ်ကာ စစ်ရေးတင်းမာနေခြင်းဖြစ်သည်။

KNU သည် ကရင်ပြည်နယ်၊ မွန်ပြည်နယ် ၊ တနင်္သာရီနှင့် ပဲခူးတိုင်းတို့တွင် အုပ်ချုပ်ရေးနယ်မြေအဖြစ် ခရိုင် ၇ ခုသတ်မှတ်ထားပြီး ယင်းခရိုင် ၇ ခုတွင် တပ်မဟာ ၁ ခုလျှင် KNLA တပ်ရင်း ၂ ရင်း၊ KNDO တပ်ရင်း ၁ရင်းနှင့် အထူးတပ်ကွန်မန်ဒိုဖွဲ့တို့ပါဝင်သော တပ်မဟာ ၇ ခုကို အခြေစိုက်ထားသည်။

Loading